အလောင်းမင်းတရားကြီးစတိုင်ဖမ်းနေသောဒေါ်စုကြည်
တနေ့သ၌ ကျွန်ုပ်သည် မြန်မာပြည်တစ်လွှားတွင် လွန်စွာပေါ်ပြူလာဖြစ်လှစွာသော ဒေါ်စုကြည်၏ မွေးနေ့ တွင် အသုံးပြုရန် တကမ္ဘာလုံးသို့ ဖြန့်ချိသော ဓါတ်ပုံကို ကြည့်မိလေတော့သည် ထိုဓါတ်ပုံပါသော အင်တာနက်စာမျက်နှာကို ဖွင့်ပြီး ရဲရဲပင်မကြည့်ရဲသဖြင့် အချိန်အတန်ကြာ မျက်နှာလွှဲနေပြီးမှ ပြန်ကြည့် ရသည်အထိ ဆွဲဆောင်မှုရှိလှသောပုံဖြစ်လေသည် ။
ထိုပုံတွင် ဒေါ်စုကြည်သည် မည်သည့်အဓိပ္ပါယ် ဟုတွေး၍မရသော
ပိတောက်ပန်းအနွမ်းများ ကိုပန်ထားလေ၏ ၊ အ၀ါရောင်ဖျော့တော့တော့ကို
ဝတ်ဆင်ထား၏ ၊ လက်တွင်နာရီအပြင် ကလေးများအားမိဘများက ၀တ်ဆင်ပေးလေ့ရှိသော
ခမည်းနှင့်ဆင်တူသော အစိမ်းရောင် လက်ပတ်တစ်ခုကို ပတ်ထားပြန်လေ၏
မျက်လုံးမှာလဲ အနီးရှိသူများကိုမကြည့်ပဲ အနောက်ဘက် သို့ မျှော်နေ
သယောင်ယောင် ကြည့်နေပြန်လေ၏ ။
အဆိုးဆုံးမှာ ထိုဓါတ်ပုံထဲတွင် ဒေါ်စုကြည်သည် အစိုးရမှ မကြာခဏဆိုသလို သွန်းလောင်းထုလုပ်လေ့ရှိသော ရုပ်ထုကြီးများထဲမှ အလောင်းမင်းတရားကြီး၏ စတိုင်ကိုဖမ်းထားခြင်း ပင်ဖြစ်၏ ၊ အလောင်းမင်းတရားကြီးကဲ့သို့ပင် လက်ကို ပိုက်ထားလေ၏ သို့ရာတွင် အလောင်းမင်းတရားကြီး၏ ခန္ဓာကိုယ်သည် ကြံ့ခိုင်လှသည်ဖြစ်ရာ လက်ကိုမာန်ပါပါနှင့် ခပ်တင်းတင်း ပိုက်ထားနိုင်သော်လည်း ဒေါ်စုကြည်မှာမူ မိန်းမသားဖြစ်နေသည် က တစ်ကြောင်း ခန္ဓာကိုယ်မှာလဲ ပိန်လှသည်ကတစ်ကြောင်းကြောင့် လက်ကိုခပ်တင်းတင်းပိုက်ထားလျှင် မိမိကိုယ်ကိုယ် ညှစ်ထားသည်ဟု ပုံကြည့်သူတို့ အထင်ရောက်မည်စိုးသောကြောင့် လက်ကို ခပ်ဖွဖွအနေအထားဖြင့် ပိုက်ထားရရှာလေသည် ၊ ဤသည်ကပင် မာန်တင်း၍ တောင်ကြီးကိုဖြိုမည့်ကြံသော ခါးမသန်သည့် ခါချဉ်ကောင် ကဲ့သို့ ဖြစ်နေလေ၏ ။
အဆိုပါဒေါ်စုကြည်၏ မွေးနေ့သဘင်တွင် သီချင်းဆိုပြိုင်ပွဲများလဲပါ၏ ၊ တေးဂီတဖျော်ဖြေပွဲများလဲပါ၏ ၊ဈေးရောင်းပွဲများလည်းပါ၏ မွေးနေ့လက်ဆောင်များကိုလဲ ငွေသားဖြင့်သာပေးရမည် ထိုငွေကို နိုင်ငံရေး အကျဉ်းသားများကိုလှူမည်ဟူသော လွန်စွာကြောင်တောင်တောင်နိုင်လှသော ကြေညာချက်မျိုးလဲထုတ်၏ ၊လွန်စွာကြီးမားသော ဖယောင်းတိုင်ကို သံဆူးကြိုးကာရံကာ မီးထွန်းပြီး ဂုဏ်ပြုသည်ဆိုသော အရူးမလည်း ပါဝင်ဆင်နွှဲလေ၏ ၊သံလျင်မြိုတွင် ဆိုင်းဘုတ်ကြီးထောင်ကာ မွေးနေ့အကြိုပွဲလုပ်၏ ထိုပွဲသို့ အသားမဲမဲ မျက်မှန်တပ်ဆင်ထားသော အမျိုးသမီး တစ်ဦးတက်ရောက်လာလေ၏ ၊ သေချာအနီးကပ်ကြည့်လိုက်သော အခါ ထိုအသားမဲမမှာ မှာမဖြူဖြူသင်းဖြစ်နေပြန်လေ၏။
အကယ်၍သာ အစိုးရ တာဝန်ရှိသူတစ်ဦးဦးမှ ၄င်း၏မွေးနေ့ကိုယခုကဲ့သို့ ပြုလုပ်ခဲ့ပါမူ ၀ိုင်းဝန်းဆဲဆို အပြစ်တင်ကြမည့် ပြည်တွင်းပြည်ပမှ အတိုက်အခံဆိုသူများကလည်း သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ ဆိုသကဲ့သို့ ၀ိုင်းဝန်းချီးမွမ်းခန်းဖွင့်ကြလေ၏ ၊ ခြုံ၍ဆို ရသော် ဒေါ်စုကြည်၏မွေးနေ့သည် အပျော်အပါးများ ၊ အမြီးအမောက်မတည့်မှု များ ဖြင့် သာ ပြည့်နှက်နေလေ၏ ။
ထိုအချိန်တွင် စိတ်ကူးအတွင်းသို့ဝင်ရောက်လာသော စိတ်ကူးတစ်ခုကို ကျွန်ုပ်၏ မှတ်စုအတွင်း ၌ အောက်ပါအတိုင်းရေးချလိုက်လေတော့ သတည်း။
ထိုအချိန်တွင် စိတ်ကူးအတွင်းသို့ဝင်ရောက်လာသော စိတ်ကူးတစ်ခုကို ကျွန်ုပ်၏ မှတ်စုအတွင်း ၌ အောက်ပါအတိုင်းရေးချလိုက်လေတော့ သတည်း။
" သေမယ့်နေ့အတွက် ပြင်ဆင်ရမယ့်အချိန်မှာ မွေးနေ့ကို အပျော်အပါးတွေနဲ့ ဋီကာချဲ့နေတာလောက် တရားလက်လွတ်နိုင်တာမျိုး လောကမှာမရှိဘူး "
ဒေါက်တာဆိတ်ဖွား