xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အကြံကုန်ဂဠုန်ဆားချက် ခရီးထွတ်တော့မယ်ဆိုတဲ့ မဟဝါ

Tuesday, June 7, 2011

အကြံကုန်ဂဠုန်ဆားချက် ခရီးထွတ်တော့မယ်ဆိုတဲ့ မဟဝါ

စာခြောက်ရုပ်မ တစ်ယောက် နေအိမ် အကျယ်ချုပ်က လွတ်လာပြီး နည်းနည်းလေး အရှိန်ရလာတာနဲ့ နေမရထိုင်မရ ဖင်တကြွကြွဖြစ်လို့ ခရီးထွက်မယ် လုပ်လာပြန်ပါတယ်။ ထွက်ဆိုလည်း ထွက်စေပေါ့ဗျား။ သို့သော် မထွက်ခင် ကတည်းက လူဝါးဝလို့ အစိုးရမှာ သူ့လုံခြုံရေး တာဝန် ရှိတယ်တဲ့ဗျ။ သူကလည်း နှုတ်ထွက် စကားနဲ့ အရှက်တရား ဗလာ၊ အားမနာ လျှာမကျိုး လေဆိုး ထိုးလာသလို၊ သူ့နောက်ကနေပြီး အကြံကြီး ကြံနေတဲ့ ဒီမိုကရေစီ ဆရာကြီးတွေ၊ သူ့ရဲ့ နောက်မြီးဆွဲ၊ ထဘီထဲက မာန်ဖီနေသူတွေကလည်း ဆွဲဆွဲငင်ငင်နဲ့ အူသံပေးလာကြတယ်။ ကြားခါစက ကျုပ်တို့များ နားကြား မှားသလားလို့ နားဖာကလော်နဲ့ ချေးညှော်ထုတ်ဖို့ ကြိုးစားမိတယ်။ တကယ် ပြောတယ် ဆိုတာ သေချာတော့မှသာ၊ မြတ်စွာဘုရား ---- နိုင်ငံအတွက် ခြူးတစ်ပြား မနီး၊ အချည်းနှီး ဖြစ်တဲ့ သူ့ခရီးကိစ္စ၊ အစိုးရမှာ တာဝန် ရှိတယ်လို့ ဘယ့်နှယ် ပြောရဲပါလိမ့် ဆိုပြီးလည်း အူထဲကျလိ ကျလိ ဖြစ်အောင် ရယ်ချင်မိတယ်။ ဒီလောက် တောင်မှ ကိုယ့်လမ်းစဉ်ကိုယ် မယုံကြည်တော့ပါလား ဆိုပြီးတော့လည်း ဂရုဏာ သက်ပြင်းကြီး ချမိတယ်။ ပြည်သူကို သောက ပိုအောင် Sanction ကအစ ဒုက္ခ အဝဝ ကြုံတွေ့ရအောင် ခပ်ပြောင်ပြောင် လုပ်ထားတော့၊ ကြောက်မယ် ဆိုလည်း ကြောက်စရာပေါ့လေ။
တကယ်တော့ သူဟာ အခုချိန်မှာ ပြည်သူထဲက ပြည်သူ တစ်ယောက်ပါပဲ။ နည်းနည်းမှ စဉ်းစားမရတာက ဘာအတွက်နဲ့ သူ့ကိုမှ ကွက်လို့ လုံခြုံရေး လုပ်ပေးပါလို့ တောင်းဆို ရတာလဲ ဆိုတာကိုပါ။ မြန်မာနိုင်ငံမှာ သူ့ဘာသာ ခရီးသွားနေကြတဲ့ ပြည်သူတွေ အများကြီးဟာ နိုင်ငံတော်အနှံ့ ဥဒဟို သွားလာ နေလိုက်ကြတာများ ပျားပန်းခပ်လို့ပါ။ ဘယ်သူကမှ ဘာကိုမှ စိုးရိမ် ကြောင့်ကြစရာ မလိုဘူး။ နေ့နေ့ ညည အေးချမ်း လိုက်ပါဘိ။ နေရာတကာ လူတွင်ကျယ် လုပ်တတ်တဲ့ ဒီမိုကရေစီ ဘိုးအေ နိုင်ငံကြီးလို ၆ မိနစ်တိုင်းမှာ အမျိုးသမီး တစ်ယောက် မုဒိမ်းကျင့် ခံနေရတဲ့၊ မိနစ်တိုင်း လူတစ်ယောက် ဓားပြတိုက် ခံနေရတဲ့၊ ၃၄ မိနစ်တိုင်း လူတစ်ယောက် အသတ်ခံ နေရတဲ့၊ ၁၅ စက္ကန့်တိုင်း နေရာတစ်ခု ဖောက်ထွင်း ခံနေရတဲ့၊ ၂၇ စက္ကန့်တိုင်း ကားတစ်စီး အခိုးခံနေရတဲ့၊ ၅ စက္ကန့်တိုင်း တစ်ယောက်ယောက် အခိုးခံနေရတဲ့၊ ၂၂ စက္ကန့်တိုင်း တစ်ယောက်ယောက် အကြမ်းဖက် တိုက်ခိုက်ခံ နေရတဲ့၊ ၃ စက္ကန့်တိုင်း တစ်ယောက်ယောက် လုယက်ခံနေရတဲ့၊ ၃၄ စက္ကန့်တိုင်း တစ်ယောက်ယောက် လက်ရောက်မှု ကျူးလွန်ခံနေရတဲ့ အခြေအနေမျိုးတော့ အိမ်မက်တောင် မမက်ဖူးပါဗျား။
ကျုပ်တို့ နိုင်ငံတော် အစိုးရက ဒီလိုမျိုး ပြည်သူတွေ အေးချမ်းအောင် ဆောင်ရွက် ပေးထားပြီးသား။ ပြဿနာ သမားတွေကို နှိမ်နင်းထားပြီးသား၊ ဥပဒေ စိုးမိုးအောင် လုပ်ပေးထားပြီးသား။ ပြည်သူ အများကလည်း ဒီဥပဒေစိုးမိုးမှု ထီးရိပ်အောက်မှာ အေးချမ်းစွာနဲ့ ရောင်းဝယ် နေထိုင်လုပ်ကိုင် စားသောက် နေကြတာ နှစ်တွေ များစွာကြာပေါ့။ ဒီကြားထဲက ဥပဒေကို သွေးတိုးစမ်းသူ နည်းနည်း ကလေး ရှိခဲ့ရင်လည်း လုံလုံ လောက်လောက် ရှိတဲ့ တည်ဆဲဥပဒေ အရ ကွပ်ညှပ် ဆောင်ရွက်နေပြီးသား။
ဒီလိုအေးချမ်းပြီး ဥပဒေ စိုးမိုးနိုင်လို့လည်း သာမန် ပြည်သူသာမက နိုင်ငံ ဝန်ထမ်းတွေပါ နေ့နေ့ညည သွားလာ လှုပ်ရှား နေကြရာမှာ၊ အေးချမ်း လှတာမို့် ဆားပုလင်းတွေ ခမျာ ပျင်းစရာကို ဖြစ်လို့တဲ့ဗျား။ သာမန် ရုံးသမားသာမက ဝန်ကြီး အဆင့်လောက် ရှိသူတွေတောင်မှ ရဲရှေ့ပြေးမပါ၊ လုံခြုံရေးပါလို့ သီးသန့်မရှိ၊ တပည့်တပန်း နည်းနည်းနဲ့ ကိုယ့်အထုပ် ကိုယ်ဆွဲလို့ ကိုယ်ပိုင် အစီအစဉ်နဲ့ ဒီအတိုင်း သွားလာနေကြပါရော။ ဒီလိုခရီးတွေမှာ သူတို့ သွားလာတာ၊ ခရီးဆုံး ရည်ရွယ်တာက ဖြူစင်ပြီး နိုင်ငံတော် အတွက် အချည်းနှီး မဖြစ်မှန်း သိကြတော့ ပြဿနာဆိုတာပေါ့လေ၊ ရေမှာ ဘောပင်နဲ့ ခြစ်သလို ဘာဆိုဘာမှ အရာမထင်၊ သူ့အလုပ်ခွင် သူဝင်နေကြတာ အေးအေး ချမ်းချမ်းပါ။ ကိုယ်ကစပြီး ပူလောင်တဲ့ အသီးကို မစားဖို့တော့ လိုမှာပေါ့လေ။

စာခြောက်ရုပ်လည်း ဒီအတိုင်းပဲပေါ့။ သတ်မှတ် စည်းမျဉ်းဥပဒေထဲမှာ အများပြည်သူ လိုနေရင် ဘာပြဿနာ ဖြစ်စရာရှိလိမ့်မတုန်း။ အဲဒီလိုမဟုတ်ဘဲ ထွက်ကတည်းက ဝီစီသံတစ်ရွှီရွှီ၊ ကား၊ ဆိုင်ကယ်တစ်ဝီဝီနဲ့ အနောက် သရုပ်ပျက် နိုင်ငံတွေက ဆိုင်ကယ်စီး ဟစ်ပီ လမ်းသရဲတွေလို လမ်းလုံးပြည့် ပိတ်ဆို့၊ အတူ မလိုက်ဖို့ ငြင်းဆန်သူကို ရန်လို ပြဿနာရှာ၊ တွေ့ကရာ လူတွေကို ကိုယ့်လူပါ လုပ်လို လုပ်တာမျိုးကတော့ တယ်မနိပ်လှပေါ့လေ။ ဒါ့အပြင် မြို့ရွာ ကလေးတွေရဲ့ ဖြူစင် အေးချမ်း ငြိမ်သက်မှုကို ဖျက်လို ဖျက်ဆီးလုပ်၊ ခရီးက အဓိကမဟုတ်၊ ပွဲဆူအောင် ခြေရှုပ်ဖို့က အဓိက သဘောနဲ့ စည်းကမ်း ပဲ့တာမျိုး၊ အများပြည်သူ လမ်းသွား လမ်းလာ အနှောင့်အယှက် ဖြစ်အောင် လုပ်တာ မျိုးကတော့ မသင့်တော်၊ ဒီအပေါ် လူရိုးလူအေးတို့က မကျေနပ်ကြရင် ပြဿနာဝင်လာနိုင်မှာပေါ့လေ။
ဒီနေ့ ကျုပ်တို့လို ပြည်သူတွေက အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက် နေရတာကိုပဲ ပျော်မွေ့နေကြပြီဗျ။ ဖွံ့ဖြိုး တိုးတက် ချင်တာတော့ ရှိတာပေါ့လေ။ သို့သော်လည်း ပွက်ပွက်ဆူနေတဲ့ အိုးထဲက အမဲသားမျိုးတော့ နှိုက်မစားလို၊ လျှာကို အလိုမလိုက် အေးချမ်းတဲ့ အသိုက် အမြုံလေးတော့ အပျက်မခံနိုင်ဘူးဗျ။ ဒီမိုကရေစီ အခင်းအကျင်းကို တစ်ဖြည်းဖြည်းချင်း ခိုင်မာအောင် တည်ဆောက်ရင်း ပေါ်ထွန်းခဲ့ပြီဖြစ်တဲ့ အစိုးရသစ်ရဲ့ ဦးဆောင်မှု အောက်မှာ ပေါ်ထွက်လာမယ့် အလုပ်အကိုင် အခွင့်အလမ်း သစ်တွေကို မျှော်လင့်နေကြပြီ။ အဘက်ဘက်က ပြုပြင် ပြောင်းလဲမှုတွေဟာ ကျုပ်တို့ဘဝတွေကို နဂိုထက် အရောင် ထွက်စေတော့မှာကို ယုံကြည်နေကြပြီ။ ဒါကြောင့် မတည်ငြိမ်မှု တွေသယ်ဆောင်လာမယ့် ဘယ်လိုပုဂ္ဂိုလ်မျိုးရဲ့ အနှောင့် အယှက်ကိုမျှ လက်မခံ လိုကြတာ အမှန်။ အဲဒီလို မတည်မငြိမ် ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတာအမှန်၊ ဒီစိုးရိမ်မှုကနေ ဒေါသတွေအဖြစ် တိမ်ရောက် မိုးရောက် မပေါက်ကွဲခင် စိတ်ကောင်းဝင်လို့ အကောင်းဆုံး အကြံ ပေးချင်တာကတော့ ပြည်သူ့ အကျိုး ပျက်စေမယ့်ခရီးနဲ့ မကြီးမငယ် ရှက်ဖွယ် ဖြစ်စေမယ့်အစား ဘုရားနားနီး ကုသိုလ်လည်း ကြီးကြီး ရနိုင်မယ့် ကန်တော်ကြီး လောက်သာ သွားလယ်ဖို့ အားထုတ်ပါ စာခြောက်ရုပ် ခင်ဗျား။
(အောင်ဘု - ကျေးစေတမန်)