xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: တောင်ကိုရီးယားကို စစ်ရေးအရတုန့်ပြန်တိုက်ခိုက်မည် ဟု မြောက်ကိုရီးယားသတိပေး

Saturday, June 4, 2011

တောင်ကိုရီးယားကို စစ်ရေးအရတုန့်ပြန်တိုက်ခိုက်မည် ဟု မြောက်ကိုရီးယားသတိပေး

မြောက်ကိုရီးယား စစ်ရေးပြအခမ်းအနားတစ်ခု
 
တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းရဲ့ မိသားစု ဓာတ်ပုံတွေကို သေနတ်ပစ် လေ့ကျင့်တဲ့ နေရာမှာ အသုံးပြုနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာကြောင့် အဲဒီလို လုပ်ဆောင်ချက်အပေါ် စစ်ရေးအရ လက်တုံ့ပြန်မယ် လို့ မြောက်ကိုရီးယား က သောကြာနေ့မှာ သတိပေး ပြောဆိုလိုက်ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် သတင်းစာမှာဖေါ်ပြ ထားကြောင်း သိရပါတယ်။

မြောက်ကိုရီးယား ပြည်သူ့တပ်မတော်နဲ့ လယ်သမား တပ်နီတော် အနေနဲ့ အဲဒီ သစ္စာဖောက်အုပ်စုကို အမြစ်ပြတ် သုတ်သင်နိုင်တဲ့ စစ်ဆင်ရေး ပြုလုပ်မယ်လို့ မြောက်ကိုရီးယား တို့က သတိပေးလိုက်ပါတယ် ။

မည်သည့်နေရာကို ပစ်မှတ်ထား တိုက်ခိုက်မယ်လို့ ဖော်ပြမထားပေမဲ့လည်း အဲဒီလို လုပ်ဆောင်ချက်အတွက် တောင်ကိုရီးယားနိုင်ငံ အနေနဲ့ တောင်းပန်ရုံတင် မကဘဲ ခုလို  ရန်လိုတဲ့ အပြုအမူတွေ ပြုလုပ်ခဲ့တဲ့ အဲဒီတပ်ခွဲကို အပြစ်ပေး အရေးယူပေးဖို့ပါ တောင်းဆို ထားတယ်လို့ဆိုပါတယ် ။

တောင်ကိုရီးယား သမ္မတ အီမြောင်ဘက် (Lee Myung-bak) နဲ့ သူ့ရဲ့အစိုးရကို မြောက်ကိုရီးယားက သစ္စာဖောက်တွေလို့ ရံဖန် ရံခါ ရည်ညွှန်း ခေါ်ဝေါ်လေ့ ရှိပါတယ်။ သမ္မတ အီက အရင်သမ္မတ ၂ ယောက်ထက်စာရင် မြောက်ကိုရီးယားအပေါ် ပိုမိုတင်းမာတဲ့ ဆက်ဆံရေး မူဝါဒ ကျင့်သုံးနေတာဖြစ်ပြီး မြောက်ကိုရီးယား အနေနဲ့ သူ့ရဲ့ နျူကလီးယား အစီအစဉ်ကို ဖျက်သိမ်းပေးဘို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ့ တောင်ကိုရီးယားရဲ့ မဟာမိတ် အမေရိကန်တို့က မြောက်ကိုရီးယား အမျက်ဒေါသ ထွက်စေတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့ရင် မြောက်ကိုရီးယားက အခုလို ပြင်းပြင်းထန်ထန် စကားလုံးတွေ သုံးလေ့ရှိပါတယ်။