xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: စာခြောက်ရုပ်အိပ်မက်

Sunday, June 26, 2011

စာခြောက်ရုပ်အိပ်မက်

ပြီးခဲ့တဲ့ရက်ပိုင်း ညနေ ဈေးထဲတိုးလို့ တုတ်ထိုးလေးစား ဖြစ်ပါတယ်။ လူတကာ သိတဲ့အတိုင်း ခုတစ်လော ကြားနေရတဲ့ မြင်နေရတဲ့ ပတ်ဝန်းကျင်ဟာ ခေတ်သစ်ကို ပြောင်းတော့မှာမို့ အားရ ဝမ်းသာတဲ့ မျက်နှာ၊ မျှော်လင့်ချက်တွေနဲ့ မကြာခင် ဖြစ်လာတော့မယ့် စီးပွားဘဝကို စိတ်ကူးနဲ့ ကြည်နူးနေတဲ့ မျက်နှာတွေဗျ။ လမ်းပေါ် ဈေးပျော်တို့ ပျော်တာလည်း ပျော်လောက်စရာ၊ နိုင်ငံတော် သမ္မတ ကိုယ်တိုင်က စပြီး လူကြီးတွေ အားလုံးက ပြောကြဆိုကြ စိတ်ရင်း စေတနာအမှန်နဲ့ တက်တက် ကြွကြွ လုပ်ကိုင်နေကြတာ တွေ့ရတော့ ကျုပ်တို့လည်း အတော်ကလေး ဝမ်းသာရသဗျား။ ချက်ချင်း ကြီးလားဗျာ၊ ဟာ--ဒီလိုတော့ မကပ်နဲ့ပေါ့။ အလွယ်ဆုံး လုပ်လို့ရတဲ့ ကြက်ဥ ကြော်တာတောင် ဆီကျက်အောင် စောင့်ရ၊ ကြက်ဥ ဖောင်းဖောင်းလေး ရအောင် ဆီလေး ပက်ပေးရနဲ့ လုပ်ရသေးတာ၊ နိုင်ငံ တည်ဆောက် တာတော့ ဒီထက်အချိန် ယူရလိမ့်မပေါ့။ ရိုးသားသူ တွေကတော့ ကြိုးစားသူတွေကို အသိအမှတ် ပြုပြီးသားဗျား။ အာနဲ့ စားနေတာ မဟုတ်ဘူးလေ။ မြေပြင်မှာ လုပ်ရတာဟာ စင်ပေါ်မှာ လေအလာဘက် မျက်နှာလှည့်၊ နှင်းဆီပန်း ၃ ပွင့်နဲ့ ပဲထုတ်ပြီး စပ်ဖြီးဖြီး အာဖျံကွီး လုပ်နေတာ ထက်တော့ အချိန်ယူရလိမ့်မပေါ့။

သွားရင်းလာရင်း တစ်ခါတစ်လေ ကျတော့လည်း ဒင်းတို့ ခြေလှမ်းပြင်နေတဲ့ သတင်းတွေ ကြားရတော့ စိတ်ထဲ ကိုးရိုးကားယား ဖြစ်ရပြန်သဗျ။ တူနီးရှား၊ အီဂျစ်၊ အောင်မာမင်း --- ဖြစ်နေလိုက် ကြတာများ။ တကယ်တော့ ဒါတွေဘယ်နား ရှိမှန်းတောင် သိတာမဟုတ်။ သူတို့ ဘယ်လိုနေကြလို့ ဘယ်လိုတွေ အခြေမကျ ဖြစ်နေမှန်းလည်း မသိ။ အခြေခံကိုလည်း ပြန်မကြည့်တော့၊ ဟော့ရမ်း ဆိုးသွမ်း သောင်းကျန်း နေကြတာကိုပဲ ဖန်သားပြင်ထဲ ကြည့်ပြီး အဲဒီလိုကြီး ပွဲလန့်ရင် ဖျာခင်းမဟဲ့ ဟန်ပြင် နေကြတာလေ။ မြန်မာတွေ အေးချမ်းနေတာကိုပဲ ဆန္ဒတွေလွဲလို့ အဲဒီနိုင်ငံတွေလို ရွဲပလဲ သွားအောင် မွှေချင် နှောက်ချင်နေကြပါကလား။ အင်း-- ခက်တော့ ခက်သား။ ကျုပ်တို့က မြန်မာပြည်သား အစစ်ဗျ။ ဒီမြေမှာမွေး၊ ဒီမြေမှာကြီးပြီး ဒီမြေကြီးပေါ်မှာပဲ အရိုးပြာဝဲရမယ့် မြန်မာနိုင်ငံသား တစ်ယောက်ပဲ။ အိမ်လည်း ဒါပဲနေ၊ ရေလည်း ဒါပဲသောက်၊ ကောက်စား တော့လည်း ဒီမြေပေါ်က အသီးပါ။ နှစ်ပေါင်းများစွာ ချူချာတဲ့ ဘဝတွေမှာ အနေကြာ လာခဲ့ရတော့ ဖွံ့ဖြိုးချင်လှပြီ။ စည်ပင်ချင်လှပြီ။ ဆူဆူညံညံ အသံတွေဆိုရင် နားခါးနေပြီဗျ။ ဆူပူမှု ဆိုတာ၊ ကျုပ်တို့မှာလည်း အလုပ်ပျက်၊ ကလေးတွေလည်း လမ်းပေါ်ထွက်၊ ဈေးသည်တွေ စီးပွားပျက်၊ လက်လုပ် လက်စားတွေ ငတ်တာ ညမနက်၊ နိုင်ငံကတော့ အနာဂတ် ဖုန်တက်၊ အဲဒီလို စိတ်ပျက်စရာမို့ အရေးအခင်း၊ ဆူခြင်းပူခြင်း အလျဉ်း မဖြစ်စေချင်တာ အမှန်ဗျ။

စင်ပေါ်က စာခြောက်ရုပ်မ အပါအဝင် နိုင်ငံရေး ပြဿနာရှင် တွေကတော့ နှုတ်ခမ်းဝမှာ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး၊ ပြန်လည် ရင်ကြားစေ့ရေး စတဲ့ လူကြိုက် စကားလုံးတွေ ဝေနေပေမယ့် သူတို့ရဲ့ ဖွက်ထားတဲ့ လက်ထဲ မှာတော့ နိုင်ငံကို ပြာဖြစ်စေမယ့် မီးခဲနဲ့ လောင်စာတွေပေါ့လေ။
အထောက် အထားလား? ရှိပါ့ဗျား။ ပြီးခဲ့တဲ့ ဇွန်လ (၁၉)ရက်နေ့က စာခြောက်ရုပ်ရဲ့ မွေးနေ့ ဆုတောင်းမှာ ''ပါတီအဖွဲ့အစည်း အားလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့၊ အားလုံး ငြိမ်းချမ်းစွာ နေနိုင်ကြဖို့ ဆန္ဒပြု ဆုတောင်းတယ်'' လို့ ဆိုပေမဲ့ ဘီဘီစီ ရေဒီယို အစီအစဉ်ကနေ မကြာခင် ထုတ်လွှင့်ပေးဖို့ ရှိတဲ့ Reith Lectures အစီအစဉ်နဲ့ ပတ်သက်လို့ အစီအစဉ် တင်ဆက်သူ Sue Lawley နဲ့ရန်ကုန်မြို့ရဲ့ လျှို့ဝှက် စခန်း တစ်နေရာကနေ ပြောဆိုရာမှာ စာခြောက်ရုပ်က သူ့ရဲ့ကာလ ကြာရှည် စွဲကိုင်ထားခဲ့တဲ့ အကြမ်းမဖက်ရေး မူဝါဒကို စွန့်လွှတ် နိုင်ဖွယ် ရှိတယ်လို့ ပြောခဲ့ကြောင်း တစေ့တစောင်း ကြားရပါ့ဗျား။ အူကြောင်ကျား နိုဘယ်ဆု သမားတွေ ဒီလိုပဲ လုပ်တတ်ကြလား? သူရတဲ့ နိုဘယ်ဆုက “အင်”ကြီးများလား? မေးစရာက ဖြစ်လာတော့သဗျ။ ကျုပ်တို့ကတော့ စိတ်ကုန်တာ အမှန်။ ဒင်းပုံက မဟန်ပဲကိုး။
ဒါ့အပြင် မကြာခင်က တူနီးရှားနဲ့ အီရတ်မှာ ဖြစ်ခဲ့သမျှတွေကို ၈၈ အရေးအခင်းနဲ့ ပုံခင်းလို့ ပြောသွားသေး။ ဟိုနိုင်ငံတွေမှာ ဖြစ်ပျက်သမျှ ကမ္ဘာသိအောင် သတင်း နည်းပညာနဲ့ ပို့ဆောင် ပြသနိုင်လို့ အောင်မြင်ခဲ့သလေး။ ၈၈ တုန်း ကတော့ ဒီလိုမလုပ်နိုင်လို့ မအောင်မြင်ခဲ့သလေး ဘာလေး ပြောသွားသေးဆိုပဲ။ ဒီလို ပြောတာနဲ့အတူ ကျုပ်တို့ရဲ့ စာခြောက်ရုပ် ယိုင်နဲ့နဲ့က နိုင်ငံတကာ နှီးနှော ဖလှယ်ပွဲတေ၊ွ အစည်းအဝေးတွေ၊ လွှတ်တော်တွေ၊ လမ်းဘေးမှာနွှဲတဲ့ မြွေအလမ္ပယ်ပွဲတွေ၊ အရောင်း မြှင့်တင်ရေးပွဲတွေ စတဲ့ပွဲမှန်သမျှ အိုကြီးအိုမ ရွတ်တွတဲ့အပြုံးနဲ့ ဗီဒီယို မိန့်ခွန်းတွေ ပို့နေတာ၊ လေပုပ်ချ ရေဒီယို အစီအစဉ်တွေနဲ့ ဗျူးနေတာတွေဟာ နဂိုက သူပြောထားတဲ့ လိမ်ဆင် လိမ်လုံးတွေနဲ့ လမ်းကြောင်းရွဲ့လို့ ထော်လော် ကန့်လန့် ဖြစ်ခဲ့ရပါပေါ့ဗျား။
ဒင်း ပြန်ပြီး လွတ်ခါစတုန်းက အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး ဆိုပြီး ပျော့သလိုလို အဆင်ထွင်ခဲ့လို့ ကျုပ်တို့က ဟန်ပဟ၊ ငြိမ်းပဟ ဆိုပြီး မျှော်လင့်ချက် အသီးသီးနဲ့ စောင့်ကြည့် နေခဲ့ကြတာဗျို့။ အပြောအဆို နူးညံ့လို့ ၈၈ တုန်းက စင်ပေါ်က စကားမျိုးတွေကို လုံးဝမဆိုတော့လို့၊ လူမှုရေး ယောင်ယောင် လုပ်လာလို့၊ ကျုပ်တို့ ပြည်သူတွေမှာ ဘာပဲဖြစ်ဖြစ်လေ နိုင်ငံကောင်းစေဖို့ပဲလို့ တွေးပြီး အဟောင်းတွေကို မေ့ဖို့ ကြိုးစားခဲ့တာ၊ အခုဟာက ဝမ်းနှုတ်ဆေးစား ထားတဲ့ ကြောင်ချေးကို ရေမွှေး ဘယ်လို ဆွတ်ဆွတ် အနံ့ မကျွတ်သလိုများ ဖြစ်နေပလား ခေါင်းစားပါ့ဗျား။
ကျုပ်တို့ မြန်မာနိုင်ငံမှာ သဲကန္တာရထဲက ရုပ်လုံးကြွလာတဲ့ အီဂျစ်တို့ တူနီးရှားတို့လို နိုင်ငံတွေနဲ့ မတူတဲ့ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ အတွေ့အကြုံ၊ ဓလေ့ ထုံးတမ်းတွေ ရှိနေသကိုး။ စာခြောက်ရုပ် မရောက်ခင်က အေးချမ်းလှတဲ့ ကျုပ်တို့နိုင်ငံကို ဒင်းကို ပြန်မြင်စေ ချင်သေးဗျား။ ဒီလို ရေမြေမျိုးနဲ့ မလိုက်ဖက်လှတဲ့ တောင်းပွဲ တိုက်ပွဲမျိုးကို အိပ်မက် နေမယ့်အစား ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အရင်း တည်ထားတဲ့ သဘာဝကျလှတဲ့ ဒီမိုကရေစီ အခြေခံအုတ်မြစ်ပေါ်ကနေ ဒီမိုကရေစီ နည်းကျကျ ဒီမိုကရေစီဘဝတွေ ဖြစ်ထွန်းလာအောင် လုပ်သင့်တာ အမှန်။
အဲတော့ ကျုပ်ရဲ့ ဉာဏ်သေးသေးနဲ့ အကြံပေးရရင် အရှက်ကို ရှေ့တန်းမတင်ဘဲ ပြည်သူ့အရေးပဲ တွေးမယ် ဆိုလို့ကတော့ လမ်းကြောင်း ပြင်ဖို့ရာ၊ ဘယ်အခါမျှ နောက်ကျတယ် မရှိ။ နိုင်ငံကောင်းဖို့ အရေး စိတ်ကောင်းကလေး ထားလို့ အားလုံးအတူ ပူးပေါင်းပြီး (အင်ထုတဲ့ တွေ့ဆုံဆွေးနွေးရေး ဆိုတာကြီးမပါ) ဥပဒေဘောင်ထဲမှာ လုပ်ကြမှာ ဆိုရင်ဖြင့် ရေမြင့်လို့ ကြာတင့်သလို ကျုပ်တို့ ပြည်သူတွေ အားလုံး အပြုံးလှလှ တွေ့ကြရမှာပါ။
မကြာခင်ကပဲ ပါတီနှစ်ခုက မှတ်ပုံတင် စာရင်းသွင်းလို့ လွှတ်တော် အခင်းအကျင်းထဲ ဝင်နွှဲပါရစေတဲ့လေ။ သာဓုပါဗျား။ ဒီလိုလေးများ စိတ်ဝင်စား လာရင်တော့ နိုင်ငံအတွက် တရားဝင် နိုင်ငံရေး လုပ်မယ် ဆိုရင်ပေါ့။ သူတို့လိုပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်စွဲလို့ တရားဝင်ပါတီဖွဲ့၊ ပြည်သူလူထုရဲ့ ဒီမိုကရေစီ နည်းကျရွေးချယ် ဆုံးဖြတ်မှုကို ခံယူပေါ့ဗျား။ ဒီလိုမဟုတ် ပါတီနိုင်ငံရေးကို မကြိုးကုတ်ဘဲ လူမှုရေး ပရဟိတ လုပ်ငန်းတွေ လုပ်ချင်သပဆိုရင် သက်ဆိုင်ရာမှာ မှတ်ပုံတင်၊ လူမှုရေး အဖွဲ့အစည်း စာရင်းဝင်အောင် တရားဝင် ရပ်တည် ထူထောင် ဆောင်ရွက်စေချင်သဗျို့။
ကျုပ်တို့ အောက်ခြေ လူတန်းစားကတော့ မီးစလျှမ်းနေတဲ့ ဒီမိုကရေစီ ရွှေလင်ပန်းအစား အေးချမ်းလှတဲ့ သံပုဂံပြား ခပ်ကြမ်းကြမ်းကိုပဲ စိတ်ထဲစွဲမိပေါ့ဗျား။ ကိုယ့်တစ်ဝမ်း တစ်ခါးကိုပေါ့လေ။ အေးအေးချမ်းချမ်း တည်တည် ငြိမ်ငြိမ် ရှာဖွေ စားသောက်နိုင်ဖို့သာ ကျုပ်တို့အဖို့ အရေးကြီးတာ။ ဘာတွေ ဘယ်လိုပဲ ချို့တဲ့နေပါစေ၊ ရုတ်တရက်ပေါ်လာမယ့် အထိမခံ ဖန်နန်းတော်အစား ရေရှည် စောင့်စားရမယ့် ပျဉ်းကတိုးသား အိမ်အတောင့်စားသာ ကျုပ်တို့ အနာဂတ်အမှန်ပါ ဆိုတဲ့အကြောင်း ထပ်လောင်း သတိပေးလိုက်ပြီဗျ။ အောင်ဘုပါ။

အောင်ဘု (ကျေးစေတမန်)