စာခြောက်ရုပ်က
နယ်ကို ခရီးထွက်မလေး ဘာလေး ညောင်နာနာ မျက်နှာပေးနဲ့ ဆိုလာခဲ့တယ်။
သူမအားသေးလို့ပါ။ မကြာမီမှာ ထွက်ပါတော့မယ် ဘာညာပေါ့လေ။ အောင်မာမင်း---
မထွက်ခင် ကတည်းက ကျုပ်တို့နိုင်ငံတော် အစိုးရကို သူ့ရဲ့ သွားလေသူ
အိမ်ဦးနတ်ရဲ့ အမျိုးတွေ အားကိုးနဲ့ ခြိမ်းခြောက်သလို ဘာလိုလို
သူကဆိုလိုက်၊ ထဘီခြုံ နောက်မြီးဆွဲတို့က ဖွလိုက်၊ ဘက်ပေါင်းစုံမှ
စကားတွေနဲ့ ဆွခဲ့သဗျ။ သူက ခရီးထွက်ပြမယ် ဆိုတာနဲ့
သူ့နောက်တော်ပါးတွေ၊ ထဘီခေါက်တဲ့ အဖွဲ့တွေက ထဘီခေါက်ရင်း သနပ်ခါး သွေးရင်း
သန်းရှာရင်း အတင်းအဖျင်း ချလာကြတယ်။ မမလုံခြုံရေးကို စိုးရိမ်တယ်။ တီတီ့
လုံခြုံရေးကို စိုးရိမ်တယ်။ ဘာညာပေါ့လေ။ စိုးရိမ်မယ် ဆိုလည်း စိုးရိမ်စရာ၊
ဘာကြောင့် မလုံခြုံဆို ထဘီပေါ်ကို မီးပွား ကျထားလို့ ဆိုပဲ။ ဟဲဟဲ---
ကျုပ်ထင်တာကို ပြောတာပါ။ ကျုပ်တို့ အပါအဝင် တိုင်းပြည်တစ်ခွင်က လူတွေမှာ
မကြာခင် ဖြစ်လာတော့မယ့် စီးပွား အခွင့်အလမ်း အတွက် မှန်းသမ်း တွက်ချက်နေရတာ
မအားပါဘူး ဆိုတဲ့ကြား ကိုးရိုးကားယား စာခြောက်ရုပ်မ ခြေကြွတာကြီး လာလာပြီး
ပုံကြီးချဲ့ နေတော့ စိတ်တော့ နည်းနည်း ထွက်တာပေါ့လေ။ မျောက်ဖြူ
ဆရာကြီးများကလည်း လာလာချည်သေး။ စာခြောက်ရုပ် ကလေး ဘေးတွေ့ရင် လေးခွပြင်
ထားမယ်တဲ့။ အဲလေ--- လက်နက်ပြင် ဝင်လို့ စွက်ဖက်မယ်တဲ့။
ဟဟား----ရယ်ချင်လိုက်တာ ဘူးထွား ဟားဟား။ မြတ်စွာဘုရား။ ဘယ့်နှယ် ဘယ့်နှယ် နေရင်းထိုင်ရင်း
သူ့ဟာသူ ကုပ်ကမြင်း ထလို့ ခြေကြွတာကြီး လာပြီး တရားခံ လုပ်နေပြန်တယ်။
ဘယ်လိုမျှ အထောက်အထားမျှ မရှိပါဘဲနဲ့ နိုင်ငံတော် အစိုးရတစ်ရပ်ကို
စွပ်စွဲစကား ဆိုလာခဲ့လေတော့ ငပွကြီး စရိုက်မှန်တို့ ပေါ်ပါပေါ့ဗျား။ ။
စာခြောက်ရုပ် လုံခြုံရေးကို အစိုးရက တာဝန်ယူရမယ်လို့ မဆီမဆိုင် လက်ပံသား
ဓားနှင့်ချိုင် ဆိုသလို ဆိုင်းမဆင့် ဗုံမပါ တာဝန်ပေးလာ ပြန်တယ်။
ဒီမိုဘိုးအေ နိုင်ငံကြီးမယ် အလုပ်အကိုင် ရှားတယ် ထင်ပါရဲ့။ နိုင်ငံရေးသမား
ဆိုသူ ကသမ်းကရမ်းတွေ၊ သူ့ထဘီ နှုတ်ခမ်းမှာ ကြမ်းပိုးရှာရင်း ခစားနေသူတွေ
ဒါတွေကလည်း စာခြောက်ရုပ် တောထဲထွက်ရင် ထဘီထဲ “ကျွတ်” ဝင်မှာမို့ နယ်ထွက်ရင်
သူ့လုံခြုံရေးကို စိုးရိမ်တယ်လို့ ဇာတ်လမ်း ထွင်လာပြန်တယ်ဗျ။
အောင်မာမင်း----- ဒါကြီး ချော်လဲလျှင်၊ အစားမှားလို့ ပန်းစကား ဖြစ်လျှင်၊
မရှိတဲ့ ဉာဏ်ကိုထုတ် ခေါင်းကုတ်လို့ ဟန်လုပ်ရင်း အုံးလွဲ (အကြောတင်)လျှင် ၊
ခြံဝမှာ ဟန်ပြရင်း နှာစေးလျှင်လည်း ကျုပ်တို့ အစိုးရပဲ တာဝန်ရှိတယ်လို့
ထုတ်ဖော် မပြောရုံ တမည်သာ ကျန်ပါတော့ သဗျား။
ဒါကမှ အစစ် နိုင်ငံတော် အစိုးရကို အပြစ်ရှာ ရန်စတာ ကြီးပဲလေ။ ကျုပ်ပြန် စဉ်းစားမိသလောက် ပြောရရင် အင်္ဂလိပ်-မြန်မာ
ဒုတိယစစ်ပွဲ မတိုင်မီ ကလေးမှာ Commodore George Lambert က
ရန်ကုန်မြို့ဝန်ကို စစ်ဖြစ်လိုစိတ် အရင်းခံနဲ့ အကြောင်းမဲ့ ရန်စခဲ့တဲ့
ပုံစံကို ပြန်မြင်ယောင် သဗျ။ မြန်မာတို့ရဲ့ ရေနန်းယဉ်သာ သင်္ဘောကို
အသားလွတ်ကြီး ရန်စ ဆွဲယူသွား တဲ့အပြင် ပြဿနာတွေရဲ့ အဆုံးမှာ
မြန်မာတွေကတောင် သူတို့ကို လျော်ကြေး ပြန်ပေးခဲ့ရသေး။ အခုလည်း ဒါမျိုး
နောက်တစ်ခါ လုပ်လာပြန်ပြီလို့ စိတ်ထဲ ထင်မိ လာပါရဲ့။ အဲဒီထက် ရင်နာစရာ
ကောင်းတာက Commodore George Lambert ကာလတုန်းက မြန်မာ-အင်္ဂလိပ်
ပြတ်ပြတ်သားသား နှစ်ဘက် ဖြစ်ခဲ့ကြပေမယ့် အခုဟာကြီး မှာတော့ သစ္စာဖောက်မ
ကြောင်တောင်ကန်းက ဟိုဘက် ရောက်နေတာ ပါပဲ။ စာခြောက်ရုပ်မ တစ်ခုခုဖြစ်လျှင်
ပြည်ပစွက်ဖက်မှု ဝင်လာမယ်လို့ ခြိမ်းခြောက် လာတာကြီး ကတော့ ဒုတိယ
Commodore George Lambert လုပ်ရပ်ပါ။ သို့သော် စာခြောက်ရုပ် လောက်ကို
မေတ္တာ ရှိလို့တော့ ဟုတ်မထင်ပေါင်။ ခပ်ကြောင်ကြောင် ဓားစာခံ တစ်ယောက်
မွေးထားတဲ့ သဘောသာပါ။
ကဲ---
ကျုပ်တို့ နိုင်ငံတော်အကြောင်း တစ်စေ့တစ်စောင်း ပြန်ကြည့် ကြရအောင်။
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပထမအကြိမ် ပြည်သူ့လွှတ်တော်နဲ့
အမျိုးသား လွှတ်တော်တို့ရဲ့ ပုံမှန် အစည်းအဝေးတွေကို စတင်ခဲ့ ပြီးတဲ့နောက်
အခြေခံဥပဒေ အာဏာ တည်ခဲ့ပြီဗျ။ ဥပဒေကို သိပ်နားမလည် ပေမယ့်
ဒီကိုယ်စားလှယ်တွေကို မဲထည့် တုန်းကလည်း
ကိုယ့်သဘောနဲ့ ကိုယ်ပဲ ထည့်ခဲ့တာ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ
မှာလည်း ကျုပ်တို့လို သာမန်ပြည်သူတွေ အတွက်တော့ ဘာမှ နစ်နာစရာ မပါဘူး
မဟုတ်လား။ ကျုပ်တို့ ဈေးရောင်းတာ ကိုလည်း ထိခိုက်တာမပါ၊ နေရေးထိုင်ရေး
မှာလည်း ပြဿနာမရှိ၊ စားဖို့ကတော့ ကိုယ်ရှာမှ ကိုယ်ရမှာ ပေါ့လေ။
ထိုင်နေလို့တော့ ဘယ်မှာလာပြီး စားစရာ နီးလာဖို့ ရှိမတုန်း။ အဆုံးပြောရရင်
BBC VOA ရေဒီယိုက အော်နေတာ ကျုပ်တို့မှာ နားမလည်ပါဗျ။ လွှတ်တော်ထဲမှာ
ကျင်းပခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေ ကြည့်ရတာလည်း ပုံမှန်၊ သူများ
နိုင်ငံမှာလို ထီးတိုနဲ့ရိုက်၊ ခုန်ပျံ ကိုက်ကြတဲ့ ဖြစ်စဉ်လည်း မရှိ၊
အေးချမ်းပါဘိဗျား။ ဒါကိုကြည့်လို့ ကျုပ်တို့က နှလုံးပီတိ ဂွမ်းဆီထိ
လက်ခံမိကြတာ မှားလားဗျာ။ ကျုပ်တို့မှာ ကြွားစရာ၊ လွှတ်တော်ဆိုတာ ဒါပါလို့
ပြောနိုင်ပြီပဲ။ ဒီလိုနဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရဆိုတာ
ပေါ်လာခဲ့ပြီပဲ။ ပြည်သူ့ ဆန္ဒမဲနဲ့ ရွေးချယ်ခံ ထားရတဲ့ တိုင်းရင်းသား
မျိုးစုံကို ကိုယ်စားပြုတဲ့ ရိုးရာဝတ်စုံနဲ့ ကိုယ်စားလှယ် တွေကလည်း
ခံ့ညားပါဘိ။ လွှတ်တော် အပေါက်ဝနား ရောက်သွားတုန်း ခပ်ပြုံးပြုံး တစ်ယောက်နဲ့
တွေ့လို့ ဓာတ်ပုံလေးတောင် တွဲရိုက်ခဲ့သေး။
သူတို့
ပြောစကားအရ ကျုပ်သိသမျှတော့ ဒီကပြီးတာနဲ့ ဒေသရဲ့ ကိစ္စတွေ ဖြေရှင်း
ဆောင်ရွက်ဖို့ ပြန်ကြမယ်တဲ့။ အင်းပေါ့လေ၊
ကျုပ်တို့မြန်မာနိုင်ငံသားတွေအတွက် ရည်မှန်းချက်ဘူတာဖြစ်တဲ့
ဒီမိုကရေစီဖြစ်စဉ်ကတော့ လှမ်းမြင်ရလောက်တဲ့ အထိ ခရီးပေါက်ခဲ့ပြီဗျ။
ဒေသအားလုံးလည်း တစ်ပြေးညီဖွံ့ဖြိုးလာပေတော့မှာ။ အခုပဲ ဘာမကြာသေး၊
ရွာကကျောင်းကလေးလည်း တော်တော်တောက်ပြောင်လာလိုက်တာ အံ့စရာပါဗျ။
ကျုပ်ကထင်လို့ မဲဝင်ထည့်ခဲ့တာ ကွက်တိပဲဗျာ။ ကျုပ်တို့ကိုယ်စားလှယ် ကျုပ်တို့ရွာမယ်
ထမင်းလည်စားလိုစား ရွာသားတွေနဲ့ ဆွေးနွေးစကား ဆိုလိုဆို အံ့ကို
အံ့ရောဗျို့။ ဒီလိုပဲ အရင်က အရောက် အပေါက်နည်းလို့ ဖွံ့ဖြိုးမှု နည်းခဲ့တဲ့
နေရာတွေကို သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ကိုယ်စီကိုယ်စီ ရောက်ကြမှာလေ။ တိုင်းဒေသကြီးနှင့်
ပြည်နယ် ဝန်ကြီးတွေ ရောက်ကြမှာလေ။ မူက အဲဒီမူကိုး။ ဒေသခံတွေက တင်ပြကြ၊
သူတို့ကမှတ်သားကြ၊ လုပ်ပေးကြ ပေလိမ့်မပေါ့။ ဘယ်လိုလုပ် ကျန်နေခဲ့ဖို့တုန်း။
ဘယ်နေရာကများ ကျန်နေနိုင်မတုန်း။ မကြာခင် တစ်ခြားနိုင်ငံ တွေမှာလို
ကြီးပွားတော့မည် မှာလည်း အသေအချာ။ စာခြောကရုပ်မ ဖျက်ဆီးချေမွှ ခဲ့လို့
ပျောက်ခဲ့ရတဲ့ အခွင့်အလမ်းတွေ ပြန်ရတော့မဗျ။
ကဲ---ဒီလို
အခြေအနေမှာ ဒင်းက လွှတ်တော်ကို မမြင်ချင် ယောင်ဆောင် တစ်စင် ထောင်လာတာ
ဘာကြောင့်တုန်း။ ဘယ်ကို ခရီးထွက် မလို့တုန်း။ ဘာတွေ ပြောမလို့၊
လုပ်မလို့တုန်း။ အရင်တုန်းက ထွက်ခဲ့တဲ့ ခရီးတွေမှာလည်း ပြဿနာပဲ ရှာခဲ့တာ အသေအချာ။ စာခြောက်ရုပ်မ ပုံကိုက ပြဿနာသည် ပုံဗျ။ ခြိမ်းခြောက် တာလည်း ဝါသနာ စွဲနေပုံပဲ။ ဟိုးအရင် ပဲခူးတိုင်း
ခရီးစဉ်၊ ဧရာဝတီတိုင်း ခရီးစဉ်တွေ တုန်းကလည်း အေးအေးချမ်းချမ်း မသွားဘဲ
ပွဲဆူအောင် ခပ်ပြောင်ပြောင် လုပ်ခဲ့လို့ အိမ်ပြန် ပို့ခဲ့ရသေး။ သာမည
ဘုရားဖူးလည်း အေးအေးမဖူး။ ဒီကြားထဲ မန္တလေးတိုင်း၊ မကွေးတိုင်း၊
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊
ချင်းပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း ခရီးစဉ်တွေ သွားခွင့် အစိုးရက
ထပ်ပေး ခဲ့တာပဲလေ။ နောက်ပိုင်းမှာ ဝုန်းဒိုင်းကြဲ၊ ကိုယ့်လူမှ ကိုယ်
မကွပ်ကဲ နိုင်တော့လို့ အုပ်စုဖွဲ့ ရမ်းကားတဲ့ အခြေအနေ ဖြစ်လာခဲ့ တာလည်း
သူ့စနက်ပဲ မဟုတ်လား။ ဒီပဲယင်း ခရီးစဉ်မတော့ ဒေသခံတွေနဲ့ သူ့ကားတန်းမှာ
ပါလာတဲ့ လူမိုက်တွေ ဘေကြပါရောဗျား။ ပြဿနာလည်း ဖြစ်ရော၊ မဖြစ်ခင်က တောပြော
တောင်ပြောနဲ့ စာခြောက်ရုပ် တစ်ယောက် အားလျားမှောက်လို့ ကြောက်ကြောက်နဲ့
ငိုတယ် လို့တောင် တစ်ချို့က ပြောသေး။ ရုန်းရင်းဆန်ခတ်မှုဆိုတာ ထိန်းချုပ်ရ
ခက်တယ်ဆိုတာ အဲဒီကျမှ သူက သိလိုက်ရတာကိုး။ အဲဒီတော့
သူ့လူ သူမနိုင် ငုတ်တုတ်ထိုင် လက်မှိုင်ချ နေတော့တာနဲ့ပဲ တာဝန်ရှိသူ တွေက
နောက်တစ်ခါ အိမ်ပြန်ပို့ရ ပြန်ပါရော တဲ့ဗျား။ အဲဒီလို အခြေအနေမျိုး
ရှိတော့လည်း အေးအေးချမ်းချမ်း နေလိုကြတဲ့ ကျုပ်တို့လို ပြည်သူတွေက
စာခြောက်ရုပ်မ ခရီးစမှာကို စိုးရိမ်သဗျ။ ကုန်ကုန် ပြောရရင် နေဝင်လို့မှ
အိမ်ပြန် မလာတတ်တဲ့ ကလေးတစ်ယောက်၊ ပြန်လာ နိုင်လျှင်လည်း ထီးပျောက်၊
ဖိနပ်ပျောက်၊ ဦးထုပ် ပျောက်တတ်တဲ့ ကလေး တစ်ယောက်အတွက် ပတ်ဝန်းကျင်
အနှောင့်အယှက် ဖြစ်မှာ စိုးသလိုပေါ့လေ။
ကျုပ်တို့
နိုင်ငံတော် အစိုးရနဲ့ ပြည်သူတွေမှာ လုပ်စရာတွေက တစ်ပုံတစ်ပင်။
စာခြောက်ရုပ် ခရီးစဉ် ဘယ့်နှယ်လုပ် မြင်နိုင်ဖို့တုန်း။ အလှူပွဲမှာ
ရှောက်သီးဆေးပြား လာရောင်းသလို စိတ်ဝင်စားစရာ အချိန်အခါ မဟုတ်တာ အမှန်။
သူ့ဟာသူ လုံလုံမလုံလုံ၊ ခြုခြုံမခြုံခြုံ၊ သူလုပ်ပုံပေါ် မူတည်လို့
ရောက်တဲ့ နေရာက ပြည်သူ့ သဘောပဲ။ ဖြစ်လာလျှင်လည်း တည်ဆဲ ဥပဒေအရ လုပ်ကြဗျ။
စိတ်ကြိုက် တစ်ဝပေါ့။ တစ်ခုတော့ ခက်သား။ စာခြောက်ရုပ် ကိုးရိုးကားယားက
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံနိုင် ဆိုတော့ သူ့ကို
ကာကွယ်ပေးဖို့ ပေါ့လေ၊ ဥပဒေကမရှိ ဖြစ်နေသကိုး။ စိုးရိမ်စရာပဲလေ။ ဘာပဲဖြစ်စေ
သူ့ကိစ္စဟာ စာရင်း မပါနိုင်တော့ပြီမို့ ကျုပ်တို့ရွာက ပါးစပ် ရာဇဝင်သာ
ဖြစ်တော့မှာ ဆိုတာ ဝမ်းနည်းဝမ်းသာ ကြေညာ လိုက်ပါရစေ။
အောင်ဘု (ကျေးစေတမန်)