xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နိုင်ငံသားတိုင်း နိုင်ငံရေး လုပ်ပိုင်ခွင့် ရှိသည်

Monday, June 6, 2011

နိုင်ငံသားတိုင်း နိုင်ငံရေး လုပ်ပိုင်ခွင့် ရှိသည်

(၂၀၁၁ ခုနှစ် မေလထုတ် သရပါ မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ အယ်ဒီတာ့ အာဘော် ဖြစ်ပါတယ်။ သရပါ ဆိုတဲ့ ရသ မဂ္ဂဇင်း တစ်စောင်ကို ကြိုးစား ထုတ်နေတဲ့ လူငယ် အနုပညာရှင် မင်းအုပ်စိုးရဲ့ ဆောင်းပါးဟာ ကျွန်တော်တို့ ဘယ်လို နိုင်ငံရေး လုပ်ရမလဲ ဆိုတာ တွေးနိုင်ဖို့ ဖြစ်လို့ မျှဝေ ပေးလိုက်ပါတယ်။)
ကျွန်တော်တို့ တိုင်းပြည်မှာ မွေးဖွား ရှင်သန် ရပ်တည်ကြတဲ့ လူမျိုးစုတိုင်း နိုင်ငံသားတိုင်း နိုင်ငံရေးကို လွတ်လွတ် လပ်လပ် လုပ်ပိုင်ခွင့်၊ လုပ်နိုင်ခွင့် ရှိကိုရှိပါတယ်။ နိုင်ငံရေးလို့ ပြောလိုက်တာနဲ့ အင်္ဂလိပ်ခေတ်ကနေ စတင်ပြီး အရိုးစွဲပြီး သိလာတဲ့ အသိမှားတွေကြောင့် ပြည်သူ တော်တော် များများဟာ နိုင်ငံရေးရဲ့ အဓိပ္ပါယ်ဟာ အစိုးရကို တော်လှန်တာ၊ အစိုးရ လုပ်သမျှ အပြစ်ပြောတာ အစိုးရနဲ့ အတိုက်အခံ လုပ်တာလို့ အထင်မှားပြီး နားလည် ထားပါတယ်။
တကယ်တော့ နိုင်ငံရေး ဆိုတာ နိုင်ငံ့ အရေးပါ။ နိုင်ငံရေး လုပ်တယ် ဆိုတာကလည်း နိုင်ငံ့အရေးကို ကောင်းဖို့ လုပ်တာပါ။ အစိုးရကို အပြစ်ပြောမှ အစိုးရ လုပ်သမျှ အတိုက် အခံလုပ်မှ နိုင်ငံရေး လုပ်တာ မဟုတ်ပါဘူး။ ကိုယ်အသက်ရှင် မှီတင်း နေထိုင်တဲ့ တိုင်းပြည်ရဲ့ ကောင်းရာ ကောင်းကျိုး နိုင်ငံရဲ့ ကောင်းရာ ကောင်းကျိုး လုပ်တာဟာလည်း နိုင်ငံရေး လုပ်တာပါပဲ။
ကျွန်တော်တို့ ငယ်ငယ်က ကျောင်းမတက်ခင် အမြဲတမ်း ရွတ်ရတဲ့ သစ္စာဓိဌာန် လေးချက် ရှိပါတယ် အဲဒါတွေကတော့
၁။ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်။
၂။ မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်။
၃။ မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်။
၎။ မိမိတိုင်းပြည် အတွက် ကောင်းအောင် ကြိုးစားမည်။
အဲဒီ သစ္စာဓိဌာန် လေးချက်ကို သူငယ်တန်းကနေ လေးတန်း ကျောင်းသား အထိ ငါးနှစ်လုံးလုံး ကျွန်တော်တို့ ကျောင်းတက် ရက်တွေမှာ ကျောင်းတက် ခေါင်းလောင်း ထိုးသံနှင့်အတူ အားနဲ့ မာန်နဲ့ ရွတ်ဆို ခဲ့ကြရတာပါ။ တကယ်ဆိုရင် ကျွန်တော်တို့ လူမျိုးဟာ သူငယ်တန်း ကျောင်းသားဘ၀မှာ ကတည်းက နိုင်ငံရေး လုပ်ပိုင်ခွင့် ရှိသလို နိုင်ငံရေး စကား ပြောခွင့်ရတဲ့ လူမျိုးစု ဖြစ်ပါတယ်။


သေသေ ချာချာ ပြန်စဉ်းစား ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ကလေးဘ၀မှာ ရွတ်ခဲ့ရတဲ့ အဲဒီ သစ္စာဓိဌာန် လေးချက်ကိုက ငယ်ရွယ် နုနယ်သေးတဲ့ ကလေးတွေကို နိုင်ငံရေး လုပ်ချင်လာအောင် လှုံ့ဆော် စည်းရုံးပေးတဲ့ အားမာန် အပြည့်ပါတဲ့ နိုင်ငံရေး ကြွေးကြော်သံပါပဲ။ ကျွန်တော် ရေးခဲ့ပါတယ်။ နိုင်ငံရေး ဆိုတာ နိုင်ငံ့အရေး ပါပဲ။ နိုင်ငံ့အရေး ဆိုတာဟာလည်း ကိုယ်မှီတင်း နေထိုင်တဲ့ တိုင်းပြည်နိုင်ငံ ကောင်းအောင် ကြိုးစား အားထုတ်ဖို့ပါ။
အဲဒီလိုမျိုး ကိုယ်ရဲ့တိုင်းပြည် ကောင်းဖို့ ကြိုးစား အားထုတ်တဲ့ နေရာမှာ အဓိက နံပါတ် (၁) အရေးကြီးဆုံး ကတော့ ကိုယ်ကိုယ်တိုင် ကောင်းအောင် နေဖို့ လိုအပ်ပါတယ်။ ကိုယ့်ဘဝကိုယ် ကိုယ့်စိတ်ကိုယ် ကောင်းအောင် မတည်ဆောက် နိုင်တဲ့ လူတစ်ယောက်ဟာ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မြို့၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ကိုလည်း ဘယ်လိုနည်းနဲ့မှ ကောင်းအောင် တည်ဆောက် ပေးနိုင်မှာ မဟုတ်ဘူး ဆိုတာ သေချာပါတယ်။
ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကိုတောင် ကောင်းအောင် မွန်အောင် မထိန်းသိမ်းနိုင် တတ်တဲ့ လူတစ်ယောက်က သန်းချီပြီး ရှိနေတဲ့ နိုင်ငံသားတွေကို ကောင်းမွန်အောင် လုပ်ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် တော့ပါဘူး။ တိုင်းပြည်ကို ကောင်းအောင် လုပ်ပေးဖို့ ဆိုတာလည်း ပိုဝေးပါတယ်။
နိုင်ငံရေး လုပ်ချင်တယ်၊ နိုင်ငံရေး လုပ်ချင်တယ် ဆိုတဲ့ ကျွန်တော်တို့ တိုင်းပြည်က လူတွေ သူငယ်တန်း ကျောင်းသား ဘဝမှာ ကတည်းက နိုင်ငံရေးကို အပြည့်အဝ လုပ်ခွင့် ရခဲ့ပါတယ်။ ကျွန်တော်တို့ အားမာန်ပါပါ ဟစ်ကြွေးခဲ့တဲ့ နိုင်ငံရေး ဟစ်ကြွေးသံ လေးချက်ဟာ တကယ်ကို အနှစ်သာရ ရှိတဲ့ ပြည့်ဝ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ရှိတဲ့ နိုင်ငံရေး ဟစ်ကြွေးသံပါ။ ဘယ်ဝါဒ ဘယ်ပေါ်လစီရဲ့ နိုင်ငံရေး ရေချိန်နဲ့ပဲ ချိန်ချိန်ညှိညှိ အချိန်ခံနိုင်တဲ့ အညှိခံနိုင်တဲ့ နိုင်ငံရေး ဟစ်ကြွေးသံပါ။
တကယ် လှသလို တကယ်လည်း အဓိပ္ပါယ် ရှိပါတယ်။ နံပါတ်တစ် ဖြစ်တဲ့ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည် ဆိုတဲ့ နိုင်ငံရေး ဟစ်ကြွေးသံဟာ ဘယ်လူမျိုးမှာမဆို၊ ဘယ်တိုင်းပြည်မှာ မဆို၊ ဘယ်ဝါဒမှာမဆို ရှိကို ရှိနေရမယ့် လိုကို လိုအပ်တဲ့ ပဓာနကျတဲ့ အခြေခံ အချက်တစ်ခုပါ။
နိုင်ငံရေး နိုင်ငံ့အရေးကို လုပ်ချင်တဲ့ တိုင်းသူ ပြည်သား တစ်ယောက်ဟာ မိမိကိုယ်ကို ကောင်းအောင် ကြိုးစား တည်ဆောက်ရမယ် ဆိုတာ ဘယ်သူမှ ငြင်းလို့မရတဲ့ ကိစ္စတစ်ခုပါ။ ဆက်ပြီး စဉ်းစားကြည့်မယ် ဆိုရင် မိမိကိုယ်ကို ကောင်းအောင် ကြိုးစားပြီးမှ မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်လို့ ဆက်ပြီး ရွတ်ရတာပါ။ ဒါလည်း တကယ်ကို အခြေခံကျတဲ့ နိုင်ငံရေး ဟစ်ကြွေးသံပါ။ ကိုယ်ကောင်းအောင် ကြိုးစားပြီးတာနဲ့ ကိုယ့်ရပ်ကွက်ထဲ ကိုယ့်မြို့ထဲမှာ ရှိတဲ့ လူတွေကို ကောင်းအောင် ကြိုးစားခိုင်းလို့ မရပါဘူ။ အဲဒီလိုပဲ ကိုယ်ကောင်းအောင် ကြိုးစားပြီးတာနဲ့ ကိုယ့်တစ်ကျောင်းလုံးမှာ ရှိတဲ့လူတွေကို ကောင်းအောင် ကြိုးစားခိုင်းဖို့ ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။
ကိုယ့်ရဲ့ လက်တစ်ကမ်းမှာ ရှိတဲ့ အတန်းဖော် သူငယ်ချင်းတွေ၊ လူနည်းစုတွေကို ကောင်းအောင် ကြိုးစားဖို့အတွက် ကူညီ စောင့်ရှောက် လမ်းညွှန် သင်ကြားပေးပြီး တစ်တန်းလုံး ကောင်းဖို့ အတွက် ကြိုးစားကြရမှာပါ။ အဲဒီလို တစ်တန်းလုံး ကောင်း သွားပြီဆိုတဲ့ အချိန်ကျတော့မှ ကောင်းသွားတဲ့ လူတွေကို အစုအဖွဲ့တွေ ခွဲပြီး တစ်ကျောင်းလုံးကို ကောင်းအောင် ကြိုးစား ခိုင်းရမှာပါ။
မိသားစုမှာလည်း ဒီလိုပါပဲ ကိုယ်ကောင်းအောင် ကြိုးစားပြီး၊ ကိုယ့်မိသားစု ကောင်းအောင် တက်ညီ လက်ညီနဲ့ ကြိုးစားရမှာပါ။ ကိုယ့်မိသားစု ကောင်းသွားပြီ ဆိုတော့မှ ကိုယ့်ရဲ့လမ်း၊ ကိုယ့်ရဲ့ရပ်ကွက်၊ ကိုယ့်ရဲ့မြို့နယ် ကောင်းလာဖို့ အတွက် စည်းရုံး လမ်းပြပြီး ကြိုးစားကြရမှာပါ။ တစ်ဦးတည်း တစ်ယောက်တည်း ကောင်းနေရုံနဲ့ တစ်စုတည်း တစ်ဖွဲ့တည်း ကောင်းနေရုံနဲ့ မြို့ကြီးတစ်မြို့လုံး တိုးတက်လာမှာ မဟုတ်သလို တိုင်းပြည် တစ်ပြည်လုံးလည်း တိုးတက် မလာဘူး ဆိုတာ အသေအချာပါပဲ။
မိမိကျောင်းကို ကောင်းအောင် ကြိုးစားပြီးတော့မှ မိမိ တိုင်းပြည်ကို ကောင်းအောင် ကြိုးစား ခိုင်းတာပါ။ ဒါလည်း အမှန်ပါပဲ။ တစ်ကျောင်းလုံးက လူကောင်းတွေ အကုန်လုံး အပြင်လောကမှာ ရှိတဲ့ ကျောင်းတွေ လူတွေကို တစ်ဦးချင်းစီ အုပ်စုဖွဲ့ခွဲပြီး ကောင်းအောင် စည်းရုံးကြမယ်၊ လမ်းညွှန်ကြမယ်၊ ပြုပြင်ကြမယ် ဆိုရင် တိုင်းပြည်ကြီးလည်း ကောင်းလာမှာ သေချာ ပါတယ်။
အဲဒီတော့ စောစောက ရေးခဲ့တာကို ပြန်ကောက် ရရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံရေး လုပ်လို့ မရဘူး။ နိုင်ငံရေး လုပ်ခွင့် မရှိဘူးဆိုတဲ့ အယူအဆနဲ့ အပြောအဆိုကို ကျွန်တော် လက်မခံပါဘူး။ နိုင်ငံရေးဆိုတာ ရေးခဲ့ပြီး သလိုပါပဲ။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရကို အပြစ်ပြောနေမှ၊ ဆဲနေမှ၊ အတိုက်အခံ လုပ်နေမှ နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။
ကိုယ့်အိမ် ကိုယ့်လမ်း ကိုယ့်ရပ်ကွက် ကိုယ့်မြို့နယ်ကို ကောင်းအောင် လုပ်တာဟာလည်း နိုင်ငံရေး လုပ်တာပါပဲ။ အဲဒီ လောက် အလှမ်းကျယ်ကျယ် မလုပ်နိုင်လို့ ကိုယ့်တစ်ယောက်တည်း ကောင်းအောင် လုပ်တာဟာလည်း နိုင်ငံရေး လုပ်တာ ပါပဲ။ ကိုယ့်တစ်ယောက်တည်း ကောင်းအောင် လုပ်တယ် ဆိုတာက ငွေကြေး ဥစ္စာတွေ ပြည့်စုံကြွယ်ဝပြီး စည်းစိမ် ယစ်နေတာမျိုးကို ကောင်းအောင် လုပ်တယ်လို ဆိုလိုတာ မဟုတ်ပါဘူး။ မိမိကိုယ်ကို ကောင်းအောင် ဘယ်လို တည် ဆောက် ရမယ်ဆိုတာ ဘယ်ဘာသာကို ကိုးကွယ်တဲ့ လူမျိုးပဲ ဖြစ်ဖြစ် သေသေချာချာ တိတိကျကျ သိထားပြီးသား ကိစ္စပါ။ စကားကပ်ချင်လို့ ပဲဖြစ်ဖြစ်၊ ဝေဖန်တိုက်ခိုက် ချင်လို့ပဲ ဖြစ်ဖြစ် မိမိကိုယ်ကို ကောင်းအောင် ဘယ်လို တည်ဆောက် ရမလဲလို့ အရွယ်ရောက် ရင့်ကျက်ပြီးသား လူတစ်ယောက်က မေးလာခဲ့ရင် အဲဒီလူရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီး ကျွန်တော် ပြုံးပဲ နေမှာပါ။
တကယ်တော့ အစိုးရ အဖွဲ့အစည်း ဆိုတာ နတ်ဘုရားတွေ မဟုတ်ကြပါဘူး။ အဲဒါကြောင့် ဘယ်အစိုးရ အဖွဲ့အစည်းပဲ တက်တက် တိုင်းပြည် တစ်ပြည်ကို နေ့ခြင်းညခြင်း ကောင်းမွန် သွားအောင်၊ တိုးတက်သွားအောင်၊ အကောင်းတွေချည်းပဲ ပြောင်းလဲ သွားအောင် မလုပ်နိုင်ပါဘူး။ ပြည်သူတွေက သဘောကျလို့ ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရပဲဖြစ်ဖြစ်၊ အာဏာနဲ့ အုပ်ချုပ်ထားတဲ့ အစိုးရပဲဖြစ်ဖြစ်၊ ဘယ်လို အစိုးရ အဖွဲ့အစည်းမျိုးကမှ တိုင်းပြည် တစ်ပြည်ကို ချက်ခြင်း လက်ငင်း ပြောင်းလဲ မပေးနိုင်သလို ရေရှည်မှာလည်း ပြောင်းလဲ သွားအောင် မစွမ်းဆောင်နိုင်ပါဘူး။
တိုင်းပြည် တစ်ပြည်ကို တိုးတက် ကြီးပွားအောင် ကောင်းမွန် ဖွံ့ဖြိုးလာအောင် စွမ်းဆောင် နိုင်တာဟာ အဲဒီ တိုင်းပြည်မှာ မွေးဖွားရှင်သန် ကြီးပြင်း ရပ်တည်ကြတဲ့ ပြည်သူတွေပါပဲ။ ဘယ်လို အစိုးရ အဖွဲ့အစည်းမျိုးကမှ မစွမ်းဆောင် ပေးနိုင်ပါဘူး။ တကယ်တမ်း အစိုးရအဖွဲ့အစည်း တစ်ရပ်လုံး နတ်သိကြားတွေ ဖြစ်နေတယ် ဆိုရင်တောင် စွမ်းဆောင် ပေးလို့ မရနိုင်ပါဘူး။
ဘယ်သူ ဘာပေးပေး လက်သင့်ခံပြီး ယူနိုင်တဲ့ လူအပေါ်မှာ မူတည်ပြီးတော့ ရကြတဲ့ ပမာဏ အနည်းအများ ကွာသွားကြ တာပါ။ အဲဒီလိုပဲ ဘယ်သူ ဘယ်လောက်ပဲ ပိတ်ထား ပိတ်ထား ရောက်အောင် ထွက်နိုင်တဲ့ လူဟာ အမြင် ကျယ်ကျယ်ကို ပိုပြီး မြင်ရမှာပါပဲ။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရ အဖွဲ့အစည်း တစ်ရပ်လုံး ဘယ်လောက်ပဲ တော်တော် ဘယ်လောက်ပဲ လျှော်လျှော် အဲဒီတိုင်းပြည်ကြီး ချက်ခြင်း လက်ငင်း ကောင်းသွားမှာ မဟုတ်သလို ဆိုးသွားမှာလည်း မဟုတ်ပါဘူး။
တိုင်းပြည် တစ်ပြည်ကို ကောင်းသွားအောင် ဆိုးသွားအောင် ဖန်တီး ပြုပြင်နိုင်တာဟာ အဲဒီ တိုင်းပြည်မှာ မှီတင်း နေထိုင်ကြတဲ့ ပြည်သူတွေပါပဲ။ ဘယ်လောက် ကောင်းတဲ့ အစိုးရပဲ တက်တက်၊ ပြည်သူတွေမှာ နိုင်ငံရေး အသိ မရှိဘူး ဆိုရင် အဲဒီတိုင်းပြည် ကောင်းလာမှာ မဟုတ်သလို၊ ဘယ်လောက် ဆိုးတဲ့ အစိုးရပဲ တက်တက် အဲဒီ တိုင်းပြည်က ပြည်သူတွေမှာ နိုင်ငံရေး အသိ ရှိတယ်ဆိုရင် အဲဒီ တိုင်းပြည်ကြီး ပျက်စီး မသွားမှာ သေချာပါတယ်။
ကျွန်းနိုင်ငံ သေးသေးလေး ဖြစ်တဲ့ စင်ကာပူဟာ ကမ္ဘာ့ထိပ်တန်း မြို့ကြီးတစ်မြို့ ဖြစ်လာတာ ဂိုချောက်တောင် ဦးဆောင်တဲ့ အစိုးရ အဖွဲ့အစည်းတစ်ခုတည်း ကောင်းလို့ မဟုတ်ပါဘူး။ အဲဒီတိုင်းပြည်မှာ ရပ်တည် နေထိုင်ကြတဲ့ နိုင်ငံသူ နိုင်ငံသားတွေ အကုန်လုံး နိုင်ငံရေး အသိရှိပြီး နိုင်ငံရေး လုပ်ကြလို့သာ စင်ကာပူ နိုင်ငံဟာ ကမ္ဘာပေါ်မှာ ထိပ်ဆုံး ရောက်လာတာပါ။
အစ္စရေး နိုင်ငံကို ကြည့်မယ် ဆိုရင်လည်း အာရပ်တွေ ဝိုင်းထားတဲ့ ကြားကနေ ဘာမှမရှိတဲ့ သဲကန္တာရ ကနေ တစ်ကမ္ဘာလုံး အာရုံစိုက်ပြီး သတိထား ကြောက်ရွံရမယ့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့ ဒေးဗစ် ဘင်ဂူရီယန်နဲ့ သူ့အစိုးရအဖွဲ့ အရမ်းတော်လို့ အရမ်းကောင်းလို့ မဟုတ်ပါဘူး။ ဂျူးလူမျိုးတွေ အားလုံး နိုင်ငံရေး အသိရှိပြီး တက်ညီ လက်ညီ စည်းကမ်း ရှိရှိနဲ့ နိုင်ငံရေး လုပ်ကြလို့သာ အစ္စရေး ဆိုတဲ့ နိုင်ငံဟာ ကမ္ဘာ့မြေပုံပေါ်က ပျောက်ကွယ် မသွားဘဲ ပိုပိုပြီး ကြီးလာသလို နိုင်ငံတကာက လည်း ပိုပိုပြီး လေးစားလာ ရတာပါ။
ကျွန်တော်တို့ တိုင်းပြည်မှာလည်း နိုင်ငံသူ နိုင်ငံသားတွေဟာ အုပ်ချုပ်နေတဲ့ အစိုးရ အဖွဲ့အစည်းကြောင့် နိုင်ငံရေး လုပ်ခွင့် မရဘူး။ အုပ်ချုပ်နေတဲ့ အစိုးရ အဖွဲ့အစည်းရဲ့ အားနည်းချက်ကြောင့် တိုင်းပြည် မတိုးတက်ဘူး ဆိုပြီး အစိုးရ အဖွဲ့ကိုပဲ အပြစ် ပုံချနေကြပါတယ်။ တကယ် ဆိုရင်တော့ စောစောက ရေးခဲ့သလိုပါပဲ။ ကျွန်တော်တို့ တိုင်းပြည်မှာ လက်ရှိ အုပ်ချုပ် နေတဲ့ အစိုးရ အဖွဲ့အစည်းကို ဖယ်ပြီး နတ်သိကြားတွေပါတဲ့ အစိုးရ အဖွဲ့အစည်းနဲ့ အစားထိုးမယ် ဆိုရင်တောင် ကျွန်တော်တို့ တိုင်းပြည်ဟာ ကမ္ဘာပျက်တဲ့ အထိ တိုးတက် ဖွံ့ဖြိုးတဲ့ တိုင်းပြည် တစ်ပြည် ဖြစ်လာမှာ မဟုတ်တာ သေချာ ပါတယ်။
ဘာကြောင့် အဲဒီလို အခိုင်အမာ ပြောရ သလဲဆိုရင် ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့ ပြည်သူတွေဟာ နိုင်ငံရေးအသိ မရှိသလို၊ နိုင်ငံရေးလည်း မလုပ်ကြပါဘူး။ နိုင်ငံရေး ဆိုတာဟာ လူတန်းစား တစ်ခုနဲ့ပဲ ပက်သက်တဲ့ ပြဿနာရှာတဲ့ ကိစ္စ တစ်ရပ်လို့ သေသေ ချာချာကို ယုံကြည်နေကြတာပါ။ အဲဒီတော့ ကျွန်တော်တို့ တိုင်းပြည်မှာ ဘယ်လို အစိုးရ အဖွဲ့အစည်း မျိုးကပဲ ပြောင်းလဲပြီး အုပ်ချုပ် အုပ်ချုပ် ကျွန်တော်တို့ တိုင်းသူ ပြည်သားတွေရဲ့ နိုင်ငံရေးအသိ မပြောင်းလဲဘူး ဆိုရင်တော့ တိုင်းပြည်ဟာ ဒီထက်ပိုပြီး ကောင်းလာမှာ မဟုတ်သလို ဒီထက်ပိုပြီး ဆိုးဖို့ပဲရှိပါတယ်။
နိုင်ငံကို စီမံ အုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့အစည်းကို အပြစ်မတင်ရဘူး၊ အားမကိုးရဘူးလို့လည်း ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမယ့် လက်သည်ကိုချည်း အားကိုးလို့မရဘူး။ ကိုယ်တိုင်လည်း ညှစ်မှ ဆိုတဲ့ စကားလေးကိုတော့ မေ့ပစ်ထားလို့ မရပါဘူး။ ဘယ်လောက်ပဲ ဆိုးတဲ့ အစိုးရပဲ အုပ်ချုပ် အုပ်ချုပ်နေ အဲဒီတိုင်းပြည်က ပြည်သူတွေရဲ့ နိုင်ငံရေးအသိ မြင့်မားပြီး နိုင်ငံရေး လုပ်မယ်ဆိုရင် အဲဒီ တိုင်းပြည် အရမ်းကြီး ဆိုးဆိုးရွားရွား ဖြစ်မသွားမှာ သေချာပါတယ်။
သူငယ်တန်း ကတည်းက နိုင်ငံရေး ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး နိုင်ငံရေးကို အပြည့်အဝ လုပ်ခွင့်ရခဲ့တဲ့ ကျွန်တော်တို့ လူမျိုးတွေဟာ အလယ်တန်း အထက်တန်း တက္ကသိုလ် ကျောင်းသားဘဝ အိမ်ထောင်သည်ဘဝ လုပ်ငန်းရှင်ဘဝ ရောက်လာတဲ့ အခါတွေမှာတော့ ငယ်ငယ်တုန်းက ဟစ်ကြွေးခဲ့တဲ့ နိုင်ငံရေး ဟစ်ကြွေးသံတွေကို မေ့လျော့ပြီး နိုင်ငံရေး လုပ်ဖို့က တဖြည်းဖြည်းနဲ့ မေ့သွားတတ် ကြပါတယ်။
နတ်သိကြားတွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရတောင် တိုင်းသူ ပြည်သားတွေ နိုင်ငံရေး မလုပ်ဖူးဆိုရင် အဲဒီ တိုင်းပြည်ကြီး ကောင်းမွန် တိုးတက် လာအောင် ပြောင်းလဲ ပြုပြင်လို့ မရဘူး ဆိုတာ ကျွန်တော် ကတော့ အသေအချာကို ယုံကြည်ထားပါ တယ်။ တကယ်လို့ တိုင်းသူပြည်သားတွေ နိုင်ငံရေး လုပ်မယ် ဆိုရင်တော့ ဘယ်လို အစိုးရ အဖွဲ့အစည်းမျိုးပဲ အုပ်ချုပ်နေ သည် ဖြစ်ပါစေ၊ အဲဒီတိုင်းပြည်ဟာ တိုးတက် ကောင်းမွန်လာမှာ အသေအချာပါပဲ။
နိုင်ငံရေးဆိုတာ ပါတီဖွဲ့၊ လူစု၊ အစိုးရကိုဆဲ၊ အတိုက်အခံတွေ အကုန်လုပ်မှ နိုင်ငံရေး လုပ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ငယ်ငယ်က ဆိုခဲ့ရတဲ့ သစ္စာအဓိဌာန် လေးချက်ကို အကျယ်ချဲ့တွေးပြီး လုပ်မယ်ဆိုရင်လည်း နိုင်ငံရေး လုပ်တာပါပဲ။ အစိုးရ တစ်ခုတည်းကို အားကိုးမနေဘဲ အစိုးရကို အပြစ်ပြောတာ တစ်ခုတည်း ထိုင်လုပ်မနေကြဘဲ နိုင်ငံသားတိုင်း နိုင်ငံရေး လုပ်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ဟာ ဆယ်စုနှစ် တစ်ခုနှစ်ခု အတွင်းမှာပဲ ကမ္ဘာ့ အဖွံ့ဖြိုးဆုံး နိုင်ငံတွေနဲ့ ရင်ပေါင် တန်းနိုင်မှာ သေချာပါတယ်။
အုပ်ချုပ်နေတဲ့ အစိုးရကို အကောင်းလည်းမမြင်၊ အပြစ်လည်း မမြင်ဘဲ ခဏ မေ့ထားပြီး ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေပဲ နိုင်ငံအတွက် နိုင်ငံရေး လုပ်ကြမယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ကြီး တိုးတက် ဖွံ့ဖြိုးလာမှာ အသေ အချာပါပဲလို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ နိုင်ငံရေး လုပ်ခွင့်ကလည်း ကျွန်တော်တို့ နိုင်ငံသားတိုင်းမှာ သေသေ ချာချာကို ရှိနေတာပါ။
မင်းအုပ်စိုး