xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သရုပ်ဆောင် Michelle Yeoh ပြည်ဝင်ခွင့် မရသဖြင့် ရန်ကုန်လေဆိပ်မှ လှည့်ပြန်

Tuesday, June 28, 2011

သရုပ်ဆောင် Michelle Yeoh ပြည်ဝင်ခွင့် မရသဖြင့် ရန်ကုန်လေဆိပ်မှ လှည့်ပြန်

Michelle Yeoh
 
ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်များနှင့် ဂျိမ်းစ်ဘွန်း ရုပ်ရှင်များတွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး မကြာမီရုံတင်တော့မည့် ဒေါ်စုကြည်အကြောင်းရိုက်ကူးထားသည့်  THE LADY ဇာတ်ကားတွင် ဒေါ်စုကြည်အဖြစ် သရုပ်ဆောင်ခဲ့သူ နာမည်ကျော် အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် Michelle Yeoh သည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် ဇွန်လ ၂၂ ရက်နေ့က လာရောက်ခဲ့သော်လည်း ပြည်ဝင်ခွင့်မရသဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တစ်နာရီကြာ အချိန်ဖြုန်းပြီး လှည့်ပြန်သွားရကြောင်း သတင်းရရှိပါသည် ။

The Lady ဇာတ်ကား၏ ဇာတ်ဝင်ခန်းတစ်ခု
 
မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်လည်သည့် Michelle Yeoh သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ တစ်ဆင့် ရန်ကုန် မြို့သို့ ထိုင်းလေကြောင်းလိုင်း TG-305 ဖြင့် ဇွန်လ ၂၂ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ရောက်ရှိလာခဲ့ကြောင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တစ်နာရီမျှသာ နေခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ထိုင်းလေကြောင်းလိုင်း ဝန်ထမ်းတစ်ဦး၏ပြောကြားချက်ကိုကိုးကား၍ AP သတင်းတစ်ရပ်တွင် ဖေါ်ပြထားပါသည် ။


 အသက် ၄၈ နှစ် အရွယ်ရှိ ရုပ်ရှင် သရုပ်ဆောင် Michelle Yeoh သည် မြန်မာနိုင်ငံကို ၂၀၁ဝခုနှစ် ဒီဇင်ဘာလက ပထမဆုံးအကြိမ် လာရောက် လည်ပတ်ခဲ့ပြီး ဒေါ်စုကြည်နှင့်တွေ့ဆုံ ကာ ဒေါ်စုကြည်၏နေအိမ်အတွင်းတွင် The Lady ဇာတ်ကား၏ ဇာတ်ဝင်ခန်းအချို့ကို ရိုက်ကူးခဲ့သည် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့်နီးစပ်သူ တစ်ဦးက " ဒီမှာ ဒါရိုက်တာတွေရော စက်အဖွဲ့တွေရော ရောက်နေပြီ မင်းသမီးက နောက်မှလိုက်လာတာ ခုပြည်ဝင်ခွင့်မရဘူးဆိုတော့ အစီစဉ်အားလုံးပျက်ကုန်တယ် ...ခုနောက်ဆုံးသိရသလောက်ကတော့ အဲဒီဇာတ်ကားရုံတင်တဲ့အ ခါသုံးဘို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကိုယ်တိုင်စကားပြောခန်းတွေရိုက်ပြီးပြန်မယ်ပြောတယ်.. " ဟုဆိုပါသည် ။

Michelle Yeoh ပါဝင်သော နာမည်ကျော် ဂျိမ်းစ်ဘွန်း ရုပ်ရှင်Tomorrow Never Dies ၊ Crouching Tigger, Hidden Dragon နှင့် Memoirs of a Geishaစသောရုပ်ရှင်ဖာတ်ကားများသည် ကမ္ဘာတစ်လွှား အောင်မြင်ကျော်ကြားခဲ့သည်။

Voice Of  Myanmar