xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ပင်စင်စားတို့ ပျော်နိုင်ပါပြီ

Thursday, June 30, 2011

ပင်စင်စားတို့ ပျော်နိုင်ပါပြီ

ဒီကနေ့ မြန်မာ့အသံ ညနေ ခြောက်နာရီ သတင်းမှာ အစိုးရ ဘဏ္ဍာရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်ကို ထုတ်ပြန် သွားပါတယ်။ အဲဒီ ကြေညာချက်မှာ ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေး ဆုံးဖြတ်ချက် အရ အစိုးရ ၀န်ထမ်းများရဲ့ ပင်စင်လစာကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ပြင်ဆင် သတ်မှတ်ခဲ့တဲ့ လစာနှုန်းထား အသစ်များအရ ခံစားနေရတဲ့ ပင်စင် ခံစားခွင့်အတိုင်း ဇူလိုင်လ ပင်စင် လစာကနေစပြီး ခံစား ခွင့်ပြုလိုက်ကြောင်း ဖော်ပြထားပါတယ်။ 
 
၂၀၀၆ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်တွေမှာ လက်ရှိ ၀န်ထမ်းများရဲ့ လစာကို အဆများစွာ တိုးပေးခဲ့ပေမယ့် ဟိုတုံးက လစာ နှုန်းထားဟောင်းများနဲ့ အငြိမ်းစား ယူခဲ့ကြတဲ့ ပင်စင်စားများရဲ့ အငြိမ်းစား လစာများကို တိုးမပေးခဲ့ပါဘူး။ ဒါ့ကြောင့် အချို့ ပင်စင်စားများရဲ့ လစာဟာ အခုခေတ် ကုန်ဈေးနှုန်းနဲ့ ဆိုရင် ထမင်း တစ်ပွဲစာတောင် မရှိတဲ့ဘ၀ ရောက်နေတဲ့ အတွက် ပင်စင်လစာတွေ တိုးပေးရေးဟာ ပင်စင်စားကြီးများရဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ရာထူးလက်ခံတဲ့ အခမ်းအနားမှာ အငြိမ်းစား ၀န်ထမ်းများရဲ့ လစာကို အခြေအနေ အချိန်အခါအရ တိုးမြှင့်ပေးမယ်လို့ ကတိ ပေးခဲ့ပြီးတဲ့နောက် နှစ်လကျော် အကြာမှာ အခု ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီကြေညာချက်ကြောင့် ပင်စင်စားကြီးများရဲ့ ဘ၀ အတော်လေး အဆင်ပြေသွားမှာမို့ နတ်လူ သာဓုခေါ်တဲ့ လုပ်ရပ် ဖြစ်ပါတယ်။ သမ္မတသစ် အနေနဲ့ သူ့မိန့်ခွန်းပါ အချက်များဖြစ်တဲ့ စီးပွားရေးကိစ္စ၊ ဆင်းရဲနွမ်းပါးမှု ကိစ္စ၊ မီဒီယာ ဥပဒေများ ပြင်ဆင်ရေး ကိစ္စများကို စတင် လုပ်ဆောင်ခဲ့ပြီးနောက် အခု နောက်ဆုံး အနေနဲ့ ပင်စင်စားများရဲ့ လစာကိစ္စကို ဆက်လုပ်လာတာ ဖြစ်ပါတယ်။

ပိတောက်မြေ