xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဒေါ်စုကြည်ကို အစိုးရကသတိပေးချက်ထုတ်ပြန်

Tuesday, June 28, 2011

ဒေါ်စုကြည်ကို အစိုးရကသတိပေးချက်ထုတ်ပြန်

ဇွန်လ ၂၉ ရက်နေ့ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာ ပြည်ထဲရေး ၀န်ကြီးဌာနက ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ သတိပေးတဲ့ အကြောင်းကြားစာ ပို့ခဲ့တယ်ဆိုတဲ့ သတင်းကို ဖော်ပြထားပါတယ်။ သတင်း ဖော်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
 ပြည်ထဲရေး ဝန်ကြီးဌာနက ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ဥပဒေနှင့် အညီ လိုက်နာ ဆောင်ရွက်ရန် ယနေ့ ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့သည်။
အဆိုပါ အကြောင်းကြားစာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် အညီ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် မှတ်ပုံတင် တည်ထောင် ခွင့်ပြုသော ပါတီတစ်ခု ဖြစ်ပါကြောင်း၊ အဆိုပါအချိန်က တည်ရှိခဲ့သော နိုင်ငံရေး ပါတီများကို နိုင်ငံရေး ပါတီအဖြစ် ဆက်လက် တည်ထောင်လိုပါက ၂ဝ၁ဝ ပြည့်နှစ် မတ် ၈ ရက် က ထုတ်ပြန်သည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေ အမှတ် ၂/၂ဝ၁ဝ) ပုဒ်မ ၂၅ အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂ဝ၁ဝ ပြည့်နှစ် ဧပြီ ၉ ရက်စွဲပါ ကြေညာချက် (၁၈/၂ဝ၁ဝ)ဖြင့် ရက်ပေါင်း (၆ဝ)အတွင်း ကော်မရှင်သို့ လျှောက်ထားကြရန် ကြေညာ ခဲ့ပါကြောင်း၊ သို့သော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံရေး ပါတီအဖြစ် ဆက်လက် တည်ထောင်လိုကြောင်း လျှောက်ထားခြင်းနှင့် မှတ်ပံတင် ခွင့်ပြုရန် လျှောက်ထားခြင်းများ မပြုလုပ်ခဲ့ ပါကြောင်း၊ သို့ပါ၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံရေးပါတီ အဖြစ်မှ ဥပဒေအရ ပျက်ပြယ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်၍လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်၏ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ (၁၄) ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက် အမှတ် (၉၇/၂၀၁၀) ဖြင့် နိုင်ငံရေးပါတီ အဖြစ် ဆက်လက် ရပ်တည်ခွင့် ပြုခြင်းနှင့် မှတ်ပုံတင်ခွင့် ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီဖျက်သိမ်းခြင်း ကြေညာချက်တွင် အခြားပါတီ(၄)ခု နှင့်အတူ ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပြီး ဖြစ်ပါကြောင်း။
 
အဆိုပါ ပါတီ ဖျက်သိမ်းခြင်းနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၀ပြည့်နှစ် နိုဝင်ဘာ ၅ ရက်တွင် နိုင်ငံတော် အပေါ် ၂၀၁၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေ ပုဒ်မ ၅ (က)၊ (ဇ)၊ (ည) နှင့် ၁၈၇၇ ခုနှစ် သီးခြား သက်သာခွင့် အက်ဥပဒေ ပုဒ်မ ၄၅ နှင့် ၅၅ အရ ပါတီ ဖျက်သိမ်းခြင်းမှာ တရား မဝင်ကြောင်း တရာရုံးချုပ် (ရန်ကုန်) သို့ လျှောက်ထား ခဲ့ပါကြောင်း၊ ထိုလျှောက်ထားချက်ကို တရားရုံးချုပ် (နေပြည်တော်)က ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၂၂ ရက်တွင် ပလပ်ခဲ့ပြီး ဖြစ်ပါကြောင်း။

ဤကဲ့သို့ နိုင်ငံရေး ပါတီအဖြစ်မှ ပယ်ဖျက်ပြီး ဖြစ်သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် လိုက်နာမှု မရှိဘဲ ဌာနချုပ်ရုံး၊ တိုင်းဒေသကြီးရုံး၊ နယ်ရုံးများ ဆက်လက် ဖွင့်လှစ်ထားရှိခြင်း၊ အချို့ ရုံးများတွင် ဆိုင်းဘုတ်များ စိုက်ထူထား ခြင်း၊ အလံများ လွှင့်ထူ ထားခြင်းတို့ အပြင် နိုင်ငံရေး ပါတီ အနေဖြင့် ကြေညာချက်များ ထုတ်ပြန်ခြင်း၊ စာအုပ်စာစောင်များ နှင့် ဗွီဒီယိုခွေများ ထုတ်ဝေခြင်း၊ နိုင်ငံခြား အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း၊ အစည်းအဝေးများနှင့် အခမ်းအနားများ ပြုလုပ် ခြင်းတို့အား ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ လုပ်ဆောင်နေသော လုပ်ရပ်များသည် ဥပဒေအား တမင် ဆန့်ကျင် ဖောက်ဖျက်နေမှုများ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်း ကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နိုင်ရန် ပြည်သူလူထု တစ်ရပ်လုံး၏ တစ်ခဲနက် ထောက်ခံ အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ရွေးချယ် တင်မြှောက်ထားသော လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော် အဆင့်ဆင့်နှင့် ၎င်းမှ ရွေးချယ် ခန့်အပ်ခဲ့သော နိုင်ငံတော် အစိုးရကို ဆန့်ကျင်နေသည့် သဘောလည်း သက်ရောက် နေပါကြောင်း၊ ထို့ပြင် အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး အတွက်လည်း အခက်အခဲ များ ပိုမို ဖြစ်ပေါ်လာစေ နိုင်ပါကြောင်း၊ ဒီမိုကရေစီ၏ အနှစ်သာရကို အမှန်တကယ် မြတ်နိုးစွာ လက်ခံ ကျင့်သုံးလိုပါလျှင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ထိခိုက်ပျက်ပြား စေနိုင်မည့် ရဟန်း၊ ရှင်၊ လူ၊ ပြည်သူနှင့် ဝန်ထမ်းများ အကြား စည်းလုံး ညီညွတ်မှုကို ထိခိုက်ပျက်ပြား စေနိုင်မည့် အဆိုပါ လုပ်ဆောင်ချက်များကို ဆက်လက် ဆောင်ရွက်ခြင်း မပြုရန် အကြောင်းကြား ပါကြောင်း။
 
ဦးအောင်ရွှေ၊ ဒေါ်အောင်ဆန်းစုကြည်တို့ အနေဖြင့် လူမှုရေး ကိစ္စရပ်များကို အသင်းအဖွဲ့လိုက် လုပ်ဆောင်လိုပါက လူမှုရေး အသင်းအဖွဲ့ ဖွဲ့စည်း ဆောင်ရွက် သင့်ပါကြောင်း၊ လူမှုရေး အသင်းအဖွဲ့ ဖွဲ့စည်းမည် ဆိုပါက ပြည်ထဲရေး ဝန်ကြီးဌာနသို့ လုပ်ထုံးလုပ်နည်းနှင့် အညီ လျှောက်ထားရမည် ဖြစ်ကြောင်းနှင့် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းတို့ကို အသိပေး ဖော်ပြပါကြောင်းဖြင့် ဖော်ပြပါရှိသည်။