xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာ့အရေး ငါးစာချသည့် အမေရိကန်၏ လှည့်ကွက်များ

Tuesday, June 21, 2011

မြန်မာ့အရေး ငါးစာချသည့် အမေရိကန်၏ လှည့်ကွက်များ

တရုတ်နိုင်ငံသည် စွမ်းအင် လိုအပ်ချက် မြင့်မားလာမှုနှင့် အတူ ဖွံ့ဖြိုးတိုးတက် လာသည်နှင့် အမျှ တရုတ်နိုင်ငံ စစ်အင်အား တိုးချဲ့မှုနှင့် ပတ်သက်ပြီး အမေရိကန် စိုးရိမ်မကင်း ရှိနေသည်။ ပင်လယ်ပြင် စိုးမိုးရေး ပင်လယ်ပြာ တပ်မတော် တစ်ရပ် ထူထောင်ရေး သည်လည်း အမေရိကန်တို့ ခေါင်းမီး တောက်အောင် ဗျာများ စေခဲ့သည်။ ထိုင်ဝမ် အရေးအခင်းတွင် ထိုင်ဝမ်နှင့် တရုတ်ပြည်မကြီး အကြား အမေရိကန် ရေတပ် သင်္ဘောများ ရောက်ရှိခဲ့ကြဖူး သော်လည်း မြောက်ပစိဖိတ် ပင်လယ်ပြင်တွင် တရုတ်ရေတပ် သင်္ဘောများ လှည့်လည်သွားလာ နေမည့် အဖြစ်ကိုတော့ အမေရိကန်တို့ လုံးဝ လက်ခံနိုင်မည် မဟုတ်ပေ။

အိုဘားမား အစိုးရ၏ အဖွဲ့ဝင်များ တရုတ်ပြည် ဆိုင်ရာ မဟာဗျူဟာ တစ်ရပ် သေချာစွာ ပြင်ဆင် ရေးဆွဲမပြီးသေးမှီ တရုတ်၏ ဖွံ့ဖြိုးမှုအရှိန် အဟုန်ကြောင့် အမေရိကန်ကို အံ့သြ မှင်တက် မိစေခဲ့သည်။ ငွေကြေး ပြဿနာ များတွင်လည်း တရုတ်သနားမှ အမေရိကန် သက်သာရမည့် အခြေအနေသို့ ရောက်နေသောကြောင့် အမေရိကန် အနေနှင့် တရုတ် ငွေကြေး ပေါ်လစီကို သံကုန်ဆန်ပြာ အပစ်တင် နေကြပြန်သည် ။ 
 
အမေရိကန် အနေဖြင့် စစ်အေးတိုက်ပွဲ အပြီးတွင် စစ်အင်အား ဟိုက်ပါပါဝါ အဖြစ်သို့ ရောက်ရှိခဲ့ပြီး အာဖဂန်နှင့် အီရတ် စစ်ပွဲတွေဟာ စမ်းသပ်ဆဲ စစ်လက်နက်များ စစ်မြေပြင်မှာ မှတ်ကျောက် တင်နိုင်တဲ့ လက်နက်သစ်များ ဖြစ်လာခဲ့ သော်လည်း အင်အားကြီးမားလှသည့် အမေရိကန် ရေတပ် လေယဉ်တင် သင်္ဘော များကို ဟန့်တားရန် အတွက် ချဉ်းကပ်လမ်း ဖျက်ဆီးခြင်း ဟူသည့် ဒေါင်ဖန်း ၂၁ ဒုံးကျည် များကို တရုတ်နိုင်ငံမှ မဟာဗျူဟာမြောက် ထုတ်လုပ်ပြသ ခဲ့သည်။ 
 
ထို့အပြင် တရုတ်နိုင်ငံ၏ အာကာသ စွမ်းရည်နှင့် စစ်ရေးစွမ်းရည် ပူးတွဲပြသသည့် အနေဖြင့် အာကာသအတွင်းရှိ ဂြိုဟ်တု တစ်လုံးကို မြေပြင်မှ ပစ်ချခဲ့ပြီး အမေရိကန် စစ်တပ်၏ ဆက်သွယ်မှု့ ကွန်ယက်ကို ကောင်းစွာ ဖျက်ဆီးနိုင်ကြောင်း ပြသနိုင်ခဲ့သည်။ အမေရိကန်တို့ အကြော အချင်များ ရပ်ဆိုင်းသွားမတပ် တုန်လှုပ်ခဲ့ရပြန်သည်။ 
 
ဒိန်ဘင်ဖူး ခံတပ် မကျဆုံးမီ ၁၉၅၄ခုနှစ် ဧပြီးလဆန်း က အမေရိကန် သမ္မတ ဒွိုက်အိုက်ဆင် ဟောင်ဝါက ကွန်မြူနစ်တို့ လက်အတွင်း ဗီယက်နမ် ကျဆုံးသွားပါက အမေရိကန်အတွက် ပြင်းထန်သော ထိခိုက်မူ့များ ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့၍ တစ်ခုပြိုလျှင် ဆက်တိုက်ပြိုမည့် ဒိုမီနို သီအိုရီ ကို ချပြခဲ့ရာ အထူးကျော်ကြားခဲ့သည်။ အာရှ-တရုတ် ဆက်သွယ်မှု ဒေသ ကွန်မြူနစ်လက် အကျမခံနိုင် ဟူသောအကြောင်းပြချက်ဖြင့် ဗီယက်နမ် စစ်ပွဲအတွင်း ဖင်မနိုင်ဘဲ ပဲကြီးဟင်း စားမိခဲ့သည်။ အရှေ့အလယ်ပိုင်း ထိန်းချုပ်နိုင်ရန် ကူဝိတ်ကို ဆက်ဒန်ဟူစိန် ကျူးကျော်စဉ် ကလည်း အမေရိကန်တို့ ကိုရီးယားနှင့် ဗီယက်နမ်စစ်ပွဲ များ ကဲ့သို့ အလျှင်အမြန် တုန့်ပြန်များ ပြုလုပ်ပြီး ဝင်ရောက် စွက်ဖက်ခဲ့သည် ခဲ့သည်။ 
 
ထို့နောက် အီရတ်ကို ပြောင်းလဲပေးနိုင်လျှင် အရှေ့အလယ်ပိုင်း (Greater Middle East) တစ်ခွင်လုံး ပြောင်းလဲပေး နိုင်လိမ့်မည် ဆိုသည့် အမေရိကန်တို့ရဲ့ အသဲစွဲ သီအိုရီ ကိုအခြေခံကာ စွမ်းအင် လုံခြုံရေးနဲ့ ရည်ရွယ်ချက်ဖြင့် အီရက်ကို ကျူးကျော် ကြပြန်ပါသည်။ 
 
အင်အားကြီးမား လာသော တရုတ်၏ နိုင်ငံရေး စီးပွားရေး စစ်ရေးတို့ကို ထိန်းချုပ်ကာ ချိန်ခွင်ရှာ ညှိရန် သော်လည်းကောင်း ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် ပြင်းထန်လာသော အာဆီယံ အဖွဲ့အတွင်း ကြိုးကိုင် ချယ်လှယ်မှု့များ ပြုလုပ်ရန် အတွက် လည်းကောင်း မြန်မာနိုင်ငံသည် ပထဝီ နိုင်ငံရေးအရ များစွာ အချက်အချာ ကျနေသည်မှာ အားလုံး အသိပင် ဖြစ်ပါသည်။ 
 
ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး အကြောင်း ပြချက်ဖြင့် အမေရိကန်တို့၏ ကိုယ်ကျိုးစီးပွား အတွက် ပြဿနာ မီးခွက်ထွန်း ရှာနေရင်း ကမ္ဘာ အရေးအခင်း များတွင် ဓားစာခံ ဖြစ်သွားရသော နိုင်ငံငယ် များစွာ ရှိခဲ့ပါသည်။ အာဖဂန်၊ အီရတ် စစ်ပွဲများကြောင့် အပြစ်မဲ့ပြည်သူ ထောင်ပေါင်းများစွာ သေဆုံးရခြင်း၏ အရင်းအမြစ်ကို အဖြေရှာ ကြည့်ပါက အမေရိကန်တို့၏ ဝင်ရောက်စွက်ဖက်မှု၊ ကျူးကျော်မှုများက ထင်ရှားလှသော ဥပမာများပင် ဖြစ်ပါသည်။
 
ဘက်မလိုက်သည့် နိုင်ရေး မူဝါဒကို ကိုင်စွဲထားသည့် ကျွန်တော်တို့ မြန်မာနိုင်ငံအား အမေရိကန်တို့ အနေဖြင့် မျက်စိစပါးမွေးစူး ဖိအားပေးကာ သူတို့ကြိုးဆွဲရာ ကလာစေရန် ကြိုးစား နေသည်မှာ ဂရုပြုဖွယ် ဖြစ်ပါသည်။ ဒီမိုကရေစီအရေး၊ လူအခွင့်အရေး စသည့် ပြဿနာ ပေါင်းစုံအား ၎င်းတို့စိတ်ကြိုက် ဖန်တီးကာ နိုင်ငံရေး ထိုးနှက်ချက် များဖြင့်လည်း ပြည်ထောင်စု ပြိုကွဲအောင် ဝင်ရောက် စွက်ဖက်ရန် ကြိုးစားခဲ့ကြသည်မှာ အကြိမ်ကြိမ်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုကြီး အရှည် တည်တံ့ နိုင်ရန်အတွက် အမေရိကန်၏ နိုင်ငံရေး စွက်ဖက်မှုနှင့် ခေတ်သစ် ကိုလိုနီပြုမှုအား အချိန်မှီ သတိပြု နိုင်ကြပါရန် အသိပေး နှိုးဆော် လိုက်ရပါသည်။
မျိုးချစ်မောင်