(၂၀၁၁
ခုနှစ် မေလ (၁၂) ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး
ဖြစ်ပါတယ်။ တစ်ချိန်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်း
ခေါင်းဆောင်တွေထဲမှာ တစ်ဦး အပါအ၀င် ဖြစ်ခဲ့တဲ့ ဆရာမောင်ဝံသ ဦးစီးတဲ့
ပြည်သူ့ခေတ် ဂျာနယ်ကတော့ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေကို
ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ မတူ ကွဲလွဲတဲ့ အမြင်နဲ့ သုံးသပ်တင်ပြ နေတာကို
သတိပြုစရာပါပဲ။)
အစိုးရသစ်
ဖွဲ့အပြီး သမ္မတသစ်က မိန့်ခွန်းတွေ ပြောပြီး တိုင်းပြည် ထူထောင်ဖို့
မူဝါဒသစ် လမ်းစဉ်သစ်တွေ ပြောသွား ခဲ့ပါတယ်။ လာဘ်ပေး၊ လာဘ်ယူမှု တွေကို
အစိုးရ အဖွဲ့သစ် အနေနဲ့ သတိထား ရှောင်ကြဉ်ဖို့ ပြောတော့ ပြည်သူတွေက သဘော
ကျကြပါတယ်။
အစိုးရသစ်နဲ့ အမျိုးသား ညီညွတ်ရေး လမ်းစဉ်
အခြားသော
လွှတ်တော်ထဲ ရောက်မလာတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ လက်တွဲ ဆောင်ရွက်မယ်
ဆိုတဲ့ သဘောမျိုး ခပ်ဆန်ဆန် ပြောတော့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေ၊
တိုင်းရင်းသားများ အပါအဝင် ယုံကြည်ချက် အမျိုးမျိုးနဲ့ လက်နက်စွဲကိုင်
ထားသူတွေ၊ ပြည်ပရောက် နိုင်ငံရေး အင်အားစုတွေ အားလုံး ပါဝင်တဲ့ အမျိုးသား
ရင်ကြားစေ့ရေး၊ အမျိုးသား ညီညွတ်ရေး တို့ကို သမ္မတသစ်နဲ့ အစိုးရသစ်တို့က
စဉ်းစားနေပြီလား၊ အကောင်အထည် ဖော်တော့မလား ဆိုတဲ့ မျှော်လင့်ချက်တွေ
နိုးထလာခဲ့ ကြပြန်ပါတယ်။
ပြည်သူ့အမြင် ပြည်သူ့အထင်
ပြည်သူလူထု
ဆိုတာကတော့ ခပ်ရိုးရိုးပဲ စဉ်းစားလိုက်ကြ တာပါပဲ။ ဒီလိုများ
လုပ်မယ်ဆိုရင်တော့ အမျိုးသားရေး အကြိတ်အခဲတွေ ပြေလျော့ လာလေမလား တွေးမိပြီး
အကောင်း မြင်ကြပါတယ်။ ကိုယ့်ခံစားချက်ပေါ်မှာ အခြေခံပြီး မယုံကြည်ကြတာ
ဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ အပြစ်ပြောလို့ မရပါဘူး။ တစ်ခုရှိတာက ဒီကိစ္စဟာ အပြစ်ပြောလို့ မရ သလို မသိချင်ယောင် ဆောင်နေလို့လည်း မရပါဘူးလို့ ထင်ပါတယ်။
အထူးသဖြင့်တော့ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး ပါတီတွေက ဒါကို သေသေချာချာ အလေးအနက်ထား စဉ်းစား ရမယ့် အချိန် ဖြစ်ပါတယ်။
နိုင်ငံရေးဟာ အခရာ
မြန်မာနိုင်ငံ
ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဟန့်အတားနဲ့ ပြဿနာ များကို ကြည့်ရင်
နိုင်ငံရေးပေါ်မှာ အဓိက အခြေခံတာကို တွေ့ကြ ရမှာပါ။ ဒါကြောင့် နိုင်ငံ
ထူထောင်ရေး လုပ်ရာမှာ နိုင်ငံရေးလမ်းစဉ် မှန်ဖို့ အရေးကြီးတယ်လို့
ထင်ပါတယ်။ ပြီးတော့ နိုင်ငံရေး
လမ်းစဉ်မှန်ဖို့ ဆိုတာကလည်း နိုင်ငံရေး ပါတီများ အားလုံး အတွက်ပါ။
အရေးကြီးတာကို ပြောတာပါ။ ဒါပေမယ့် ခက်နေတာက ဘယ်နိုင်ငံရေး လမ်းစဉ်က
မှန်တာလဲ ဆိုတာ ဖြစ်ပါတယ်။ နိုင်ငံရေး လမ်းစဉ်တွေမှာ အမြင်မတူကြ
ကွဲပြားကြတာ တွေက သူ့ဘက် ကိုယ့်ဘက်မှာမှ မဟုတ်၊ ကိုယ့်အချင်းချင်း ထဲမှာပါ
ကွဲပြားကြတာ ဆိုတော့ ဘယ်ဟာ မှန်သလဲ ဆိုတာကို အငြင်းပွားခဲ့ ကြတာ မြန်မာ့
နိုင်ငံရေးသမိုင်း တစ်လျှောက်လုံးပဲ ဆိုပါတော့။
ဘယ်နိုင်ငံရေး လမ်းစဉ်က မှန်တာလဲ
နိုင်ငံရေး
ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံရေး လမ်းစဉ် ချမှတ်ရာမှာ၊ ပထမဆုံးတော့
တိုင်းပြည် အပေါ်မှာ၊ ပြည်သူလူထု အပေါ်မှာ တကယ် စေတနာထားပြီး
ယုံယုံကြည်ကြည်နဲ့ ချမှတ်တဲ့ လမ်းစဉ်ဖြစ်ဖို့ လိုတယ် ထင်ပါတယ်။
ဒီလိုဆိုတော့ ဘယ်လိုပဲ စေတနာတွေ ထားပြီး ပြည်သူလူထု အကျိုးစီးပွားကို
ကြည့်တယ်ပဲ ဆိုဆို မတူတဲ့ နိုင်ငံရေး ပါတီတွေက ချမှတ်တဲ့ နိုင်ငံရေး
လမ်းစဉ်တွေဟာ မတူ ကွဲပြားမှုတွေ ရှိနေမှာ အမှန်ပါပဲ။
အဲဒီလို
ရှိတဲ့အခါမှာ ကိုယ့်ရဲ့ နိုင်ငံရေး လမ်းစဉ်နဲ့ မတူရင်၊ ငါပြောတဲ့အတိုင်း
မလုပ်ရင် မြောင်းထဲ ရောက်သွားမယ် ဆိုတဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီး
သူများကို နစ်နစ်နာနာ ပြောချင်တဲ့ စိတ်ဓာတ်တွေကို ပစ်ချထားဖို့ လိုပါပြီ။
အတိတ်ကို ပြန်ကြည့်ရင် အဲဒီလို ပြောလိုက်ရုံမျှနဲ့ အပြောခံရတဲ့ သူတွေ
မြောင်းထဲ ရောက်မသွားခဲ့ သလို အဲဒီလို ပြောတဲ့ လမ်းစဉ်သမား တွေလည်း ဘာမှ
ကြီးကြီး ကျယ်ကျယ်တွေ ဖြစ်မလာကြပါဘူး။
လူထုမေတ္တာ ခံယူရတာနဲ့ ပြီးတာပါပဲ။ ပြည်သူလူထု အဖို့ကတော့
ကိုယ့်အမျိုးသားချင်း တစ်ယောက်နဲ့ တစ်ယောက် ရန်လုပ်နေရင် ဘယ်သူ့ကိုမှ သဘော
မကျတာ အမှန်ပါပဲ။
ပြည်သူတွေ ထောက်ခံမှု ရတဲ့ လမ်းစဉ်
လက်တွေ့မှာ
နိုင်ငံရေး လမ်းစဉ်တစ်ခု ဘယ်လောက်မှန်ကန် ကောင်းမွန်လဲ ဆိုတာကတော့
ပြည်သူလူထုက ဘယ်လောက် ထောက်ခံကြသလဲ ဆိုတဲ့ အပေါ်မှာ တည်တာပါပဲ။ ဒီတော့
နိုင်ငံရေးလမ်းစဉ် မှန်ကန်တယ်လို့ ဘယ်လောက်ပဲ ယုံယုံ ကြည်ကြည်နဲ့ ချမှတ်ထား
ချမှတ်ထား ပြည်သူလူထု ထောက်ခံမှု ရဖို့က အရေးကြီးဆုံး ပါပဲ။ ဒီလို
ပြည်သူလူထု ထောက်ခံမှု ရဖို့ ဆိုတာက နိုင်ငံရေး လမ်းစဉ် မှန်ကန်နေရုံမျှနဲ့
မပြီး၊ စည်းရုံးရေး လမ်းစဉ်ပေါ်မှာ အများကြီး မူတည် နေပြန်တာ တွေ့ရမှာပါ။
နိုင်ငံရေး သမားက စည်းရုံးရေးကိုမှ စနစ်တကျ မလုပ်နိုင်ရင် ဘယ်လောက်
ကောင်းတဲ့ လမ်းစဉ်ကို ဖြစ်ဖြစ် အကောင်အထည် ဖော်နိုင်ဖို့ မလွယ်လှပါဘူး။
အမျိုးသား တိုးတက်ရေး ဒီမိုကရေစီရေး ငြိမ်းချမ်းရေး
ဒီတော့
ချမှတ်ထားတဲ့ နိုင်ငံရေး လမ်းစဉ်ကို အကောင်အထည် ဖော်ဖို့ အတွက်
စည်းရုံးရေးကို အဓိက ထားရပါမယ်။ နိုင်ငံရေး လမ်းစဉ်ကလဲ ပြည်သူလူထုကို
အကျိုးပြုမယ့် မှန်ကန်တဲ့ လမ်းစဉ်ဖြစ်တယ်၊ စည်းရုံးရေး ကိုလည်း မှန်မှန်
ကန်ကန် တည်ဆောက်နိုင်တယ် ဆိုမှ တိုင်းပြည် ထူထောင်ရေး ဒီမိုကရေစီရေး
ငြိမ်းချမ်းရေး ဆိုတာ မြင်ရမှာ ဖြစ်ပါတယ်။
စည်းရုံးရေးမှန်မှ
နိုင်ငံရေး လမ်းစဉ်ကို အကောင်အထည် ဖော်ရာမှာ ပြည်သူလူထုက တက်တက်ကြွကြွနဲ့
ပါဝင်ဆောင်ရွက် ကြမှာ မဟုတ်လား။ ဒီတော့မှပဲ အမျိုးသား တိုးတက်ရေး၊
ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး ပန်းတိုင်ကို ချီတက်နိုင်မှာ မဟုတ်လား။
ဘယ်လိုစည်းရုံးရေးလဲ
ပြည်သူလူထု
မပါဝင်ရင် ဘယ်နိုင်ငံရေး လုပ်ငန်းစဉ်ကိုမှ အကောင်အထည် မဖော်နိုင်ပါဘူး။
မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတစ်ခု အနေနဲ့ တိုင်းပြည်
ခေါင်းထောင် ထလာဖို့ ဆိုတာ နိုင်ငံရေး လမ်းစဉ်ပေါ်မှာ လမ်းစဉ်ရဲ့
ခေါင်းဆောင်တွေ ပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်မှု၊ နိုးကြား တက်ကြွစွာ
ပါဝင်လိုစိတ် ရှိမှုတွေပေါ်မှာ အများကြီး မူတည် နေမှာပါပဲ။ ပြည်သူလူထုက
ရပ်ရွာလုံးကျွတ်၊ မြို့လုံးကျွတ်၊ နိုင်ငံလုံးကျွတ် နိုးနိုးကြားကြား
တက်တက်ကြွကြွ ပါဝင် လာအောင် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ပါတီတွေက
စည်းရုံး လှုံ့ဆော်ကြရမှာ ဖြစ်ပါတယ်။
ပြည်သူ့ကဏ္ဍ
ပြည်သူ
လူထုက ဒီလို ပါဝင်လာကြဖို့ ဆိုတာ နိုင်ငံရေး ပါတီတွေက စည်းရုံးရေး
လမ်းစဉ်ချမှတ်ပြီး နိုင်ငံရေးအရ စနစ်တကျ ထူထောင်ထားတဲ့ စည်းရုံးရေး အင်အား
အောက်ကနေ သွားမှ ထိရောက်မယ်လို့ ထင်ပါတယ်။
ပြည်သူ့
အင်အားကို အားကိုးတယ် ဆိုရင်တော့ ပြည်သူလူထုရဲ့ နိုင်ငံရေး အသိကို
နိုးကြားအောင် လုပ်ပေးဖို့ ကိုယ့်ရဲ့ နိုင်ငံရေး လမ်းစဉ်ပေါ်မှာ ပြည်သူ
လူထုက ယုံကြည်မှုတွေ မြင့်မားလာအောင် လုပ်ဖို့တော့ လိုမှာပါပဲ။
ဒီမိုကရေစီရေး အောင်မြင်ဖို့
ဒါဟာ
ပြည်သူထဲက ပြည်သူ တစ်ယောက် အနေနဲ့ ပြောတာပါ။ ပြည်သူတွေဟာ တိုင်းပြည်
ထူထောင်ရေး အတွက် ကိုယ်ပါဝင်လို့ ရတဲ့ နေရာက ကိုယ်တတ်နိုင်သမျှ
ပါဝင်လိုပါတယ်။ အဲဒီလိုပဲ ဒီမိုကရေစီ ပန်းတိုင် ချီတက်ရေး မှာလည်း
တတ်အားသရွေ့ ပါဝင်လိုကြတယ်။ အဲဒီ ပြည်သူတွေရဲ့ အင်အား မပါဘဲနဲ့တော့ ဘာမှ
မဖြစ်လာ နိုင်ပါဘူး။ ပြည်သူ့ အင်အားဖြင့်သာ အမျိုးသား တိုးတက်ရေး၊
ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး ပန်းတိုင်ကို ရောက်မယ်လို့ ထင်မိပါတယ်။
မောင်းဆက်