xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် မှန်ဖို့ လိုပါပြီ

Friday, June 3, 2011

ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် မှန်ဖို့ လိုပါပြီ

အထက် လွှတ်တော် အမတ် ဂျွန်မက်ကိန်းဟာ မြန်မာနိုင်ငံကို ရောက်ရင် အစိုးရ ခေါင်းဆောင်တွေကို ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လွတ် လပ်လပ် လှုပ်ရှားခွင့်ပေးဖို့ သူပြောမယ်လို့ အစကတည်းက ပြောခဲ့ပါတယ်။ အဲဒီအတိုင်းပဲ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့နဲ့ တွေ့တဲ့ အချိန်မှာ ဒီကိစ္စကို ပြောခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရဘက်က ဂျွန်မက်ကိန်းကို ပြန်လည် ပြောကြားခဲ့တဲ့ အချက်တွေကို ဇွန်လ ၃ရက်နေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြလာပါတယ်။ အစိုးရရဲ့ ပြောကြားချက်များကို ပြန်ချုပ်လိုက်ရင် အခုလိုတွေ့ရပါတယ်။
၁။ ဒေါ်အောင်ဆန်းစုကြည်ကို သာမန်ပြည်သူ တစ်ဦးအဖြစ် သဘောထားတယ်။
၂။ သာမန်ပြည်သူ တစ်ဦးအနေနဲ့ ဥပဒေနဲ့ အညီ သွားလာ လှုပ်ရှားမှုများကို ကန့်သတ်ဖို့ အကြောင်းမရှိဘူး။
၃။ အခုလည်း သံတမန် အပါအ၀င် သူတွေ့ဆုံလိုတဲ့ ပုဂ္ဂိုလ်တွေနဲ့ လွတ်လွတ်လပ်လပ် တွေ့နေတာပဲ ဖြစ်တယ်။
၎။ ဒါပေမယ့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို အလေးထား စောင့်ထိန်းဖို့ လိုတယ်။
၅။ အစိုးရအနေနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရာမှာ တည်ငြိမ် အေးချမ်းရေးကို အဓိက ထားတယ်။
၆။ လူတစ်ဦးချင်း ဖြစ်စေ၊ ပါတီ အဖွဲ့အစည်း အနေနဲ့ ဖြစ်စေ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းတွေမှာ ပါဝင်ချင်တယ် ဆိုရင် ရွေးကောက်ပွဲ များက တဆင့် ပါဝင်ခွင့် ရှိတယ်။
၇။ လွှတ်တော်တွေဟာ နိုင်ငံ အနာဂတ် အရေးအတွက် ဆွေးနွေးဖို့ အသင့်တော်ဆုံး နေရာတွေ ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကတော့ မက်ကိန်းနဲ့ တွေ့အပြီး သတင်းစာ ဆရာတွေကို အင်န်အယ်လ်ဒီ အနေနဲ့ ပါတီ လှုပ်ရှားမှုများကို လုပ်ဆောင်ခွင့် ရှိတယ် ဆိုတာကို အခိုင်အမာ ကိုင်စွဲထားတယ်။ မကြာခင် ခရီးသွားမယ်လို့ ပြောသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်ခရီးစဉ်နဲ့ ပတ်သက်တဲ့ ပြောဆိုနေမှု များကို သုံးသပ်တဲ့အခါ ရည်ရွယ်ချက် နှစ်ခုနဲ့ လုပ်နေတယ်လို့ မြင်မိပါတယ်။ အဲဒါတွေကတော့
၁။ အစိုးရသစ်ရဲ့ သည်းခံနိုင်မှု အတိုင်းအတာကို စမ်းသပ်မယ်။ နယ်မှာ စည်းရုံးခွင့်ရရင် အင်န်အယ်လ်ဒီရဲ့ စည်းရုံးရေး အရှိန် ပြန်တက်လာမယ်။
၂။ တကယ်လို့ သူ့လှုပ်ရှားမှုများကို ကန့်သတ်တာ၊ နှောင့်ယှက်တာတွေ လုပ်မယ် ဆိုရင်လည်း အစိုးရသစ်ဟာ ဒီမိုကရေစီ ဖော်ဆောင်မှုကို တကယ် မလုပ်ဘူးလို့ သက်သေ ပြနိုင်မယ်။
ဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ အကြံပေးများက ဘယ်ရလဒ်ပဲ ထွက်ထွက် အင်န်အယ်လ်ဒီ အတွက် အရှုံး မရှိနိုင်ဘူးလို့ တွက်ထားပုံပဲ။
ဒီလိုတွက်ရတဲ့ အကြောင်းကလည်း အစိုးရသစ်ရော၊ နအဖ ကပါ အင်န်အယ်လ်ဒီ အနေနဲ့ ဥပဒေအရ တရားဝင် ရပ်တည်ခွင့် မရှိတဲ့တိုင် ပါတီကို ဖျက်သိမ်းဖို့၊ ဆိုင်းဘုတ် ဖြုတ်ချပစ်ဖို့ ဘာတစ်ခုမှ မလုပ်ခဲ့တဲ့ အပေါ် အစိုးရသစ် အနေနဲ့ အင်န်အယ်လ်ဒီကို မတို့ထိ ရဲဘူးလို့ ကောက်ချက်ချမှု ကနေ ပေါ်ထွက် လာပုံ ရပါတယ်။
တကယ်တော့ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းများကို သေသေချာချာ လေ့လာမယ် ဆိုရင် အဲဒီလို မြွေမသေ၊ တုတ်မကျိုး ခွင့်ပြုထားခြင်းဟာ အင်န်အယ်လ်ဒီ အပါအ၀င် အခြေခံဥပဒေကို လက်မခံ သေးသူများ အနေနဲ့ အစိုးရသစ် အပေါ် မှန်မှန်ကန်ကန် ရှုမြင်ပြီး ရွေးကောက်ပွဲ နည်းလမ်းကနေ တဆင့် လွှတ်တော်ထဲ ဝင်လာဖို့ တံခါးဖွင့်ပေး ထားတာသာ ဖြစ်တယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ အခြေခံ ဥပဒေ ပြင်ပ နည်းလမ်းတွေနဲ့ လုပ်လာမယ် ဆိုရင်တော့ ထိထိရောက်ရောက် တားဆီးရမယ် ဆိုတာကိုလည်း သမ္မတ မိန့်ခွန်းမှာ ထည့်ပြော သွားခဲ့ပြီး ဖြစ်ပါတယ်။ အခုမက်ကိန်းကို ပြောလိုက်တာ ဟာလည်း ဒီသဘောပါပဲ။
၁၉၈၈ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အနေအထားကို ပိုတွက်ပြီး အစိုးရနဲ့ ထိပ်တိုက် ရင်ဆိုင်ရေး လမ်းပေါ် တက်ခဲ့တဲ့ ဖြစ်ရပ်တွေ အများကြီး ရှိခဲ့ပါတယ်။ အခုအချိန်ဟာ ဟိုတုန်းကထက် ပိုပြီး သိမ်မွေ့ ညင်သာတဲ့ အပြောင်းအလဲ ကာလ ဖြစ်ပါတယ်။ တကယ်တော့ ဒီအချိန်ဟာ အစိုးရသစ်ရဲ့ လုပ်ဆောင်ချက် တွေကို စောင့်ကြည့်ပြီး မိမိရဲ့ မဟာဗျူဟာကို ခင်းကျင်းရမယ့် အချိန် ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အစိုးရကို ထိပ်တိုက်ရင်ဆိုင်ဖို့ သွားလုပ်မယ် ဆိုရင်တော့ နှစ်ဘက်လုံး အကျိုးယုတ်ရုံ တင်မက၊ အခု စတင် ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲ တွေပါ ရပ်တန့်သွားမယ့် သဘော ရှိပါတယ်။
ဒီလိုမဟုတ်ဘဲ အစိုးရသစ် အနေနဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အပေါ် ပိုပြီး ယုံကြည်မှု ရှိလာအောင်၊ အားပေးမယ်။ မကူညီချင်နေ မနှောင့်ယှက်ဘူး ဆိုရင် အားလုံး မျှော်လင့်နေတဲ့ အပြောင်းအလဲ များဟာ မှန်မှန် ကန်ကန်နဲ့ ဖြစ်လာမှာပါ။ ဥပမာ၊ နိုင်ငံရေး အကျဉ်းသားတွေက လွှတ်ပေးရေးလို ကိစ္စမျိုးဟာ ဒီလူတွေရော၊ အင်န်အယ်လ်ဒီ ကပါ အခြေခံ ဥပဒေဘောင် ထဲက ရွေးကောက်ပွဲ ဝင်ပြီး အပြောင်းအလဲ ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ နားလည်မှုမျိုး တည်ဆောက် နိုင်တယ် ဆိုတာနဲ့ ချက်ချင်း လွှတ်လို့ရတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ ဒီလို မဟုတ်ဘဲ လွှတ်ပေးရင်တော့ အပြင်က လူတွေနဲ့ ပြန်ပေါင်းပြီး နိုင်ငံရေး အုံကြွမှု လုပ်မယ်ဆိုတဲ့ သဘောထားမျိုး ပေးနေလို့ ကတော့ အစိုးရသစ် ဘက်က စပြီး ခြေလှမ်းလှမ်းဖို့ အတော် ခက်မှာပါ။ သူ့တို့ဘက်က စဉ်းစားပုံက ရှင်းပါတယ်။ ဒီလူတွေ ထိန်းထားလည်း အပြစ်တင် ခံနေရမှာပဲ။ လွှတ်ပေးပြီး အပြင်ရောက်လို့ ပြန်ဆူလို့ ဖမ်းရ၊ လူစု ခွဲရတဲ့အခါ အခုထက်ပိုပြီး အပြစ်တင် ခံရမှာပဲလို့ တွေးမှာ သေချာပါတယ်။
ဒီအခြေအနေကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မှန်မှန်ကန်ကန် စဉ်းစား ဆုံးဖြတ်နိုင်ပါစေ လို့ပဲ ဆုတောင်းမိပါတယ်။ မဟုတ်ရင်တော့ အခြေအနေ အားလုံးဟာ ဒုံရင်း ဒုံရင်း ပြန်ဖြစ်ပြီး အားလုံး Back To the Square One ဖြစ်ကုန် ပါလိမ့်မယ်။ 
ပိတောက်မြေ