xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြောက်ဦးမှ တွေ့ရတဲ့ဘုရားမှာ ရွှေဘုရားမဟုတ်ဟုဆို

Friday, June 10, 2011

မြောက်ဦးမှ တွေ့ရတဲ့ဘုရားမှာ ရွှေဘုရားမဟုတ်ဟုဆို

ပြီးခဲ့တဲ့ဇွန်လ ၁ ရက်နေ့က မြောက်ဦးမြို့ လောကမဉ္စူ ဘုရား ပြုပြင်ရေး လုပ်နေစဉ် ရှာဖွေ တွေ့ရှိခဲ့ရတဲ့ ဘုရား ဆင်းတုတော်များထဲက အလေးချိန် လေးပိဿာကျော် ရှိတဲ့ ဘုရား ဆင်းတုတော်ကို ဇွန်လ ၅ ရက်နေ့မှာ ကျွမ်းကျင်သူ ပညာရှင်များနဲ့ စစ်ဆေး လိုက်တဲ့အခါမှာ မူလ သတင်းတွေထဲမှာ ပါသလို ရွှေဘုရား မဟုတ်ဘဲ ကြေးဆင်းတုတော်ကို ရွှေရည်စိမ် ထားတာသာ ဖြစ်တာကို တွေ့ရတယ်လို့ သတင်းရပါတယ်။
ဒီဆင်းတုတော်ကို တွေ့ပြီးတဲ့နောက် ရှေးဟောင်း သုတေသနဌာနက သူတို့ လုပ်ထုံး လုပ်နည်း အတိုင်း အမျိုးအစား ခွဲခြားဖို့ အတွက် နေပြည်တော်ကို သယ်ဆောင်ဖို့ စီမံနေတဲ့ အချိန်မှာ ရခိုင်အမျိုးသား တိုးတက်ရေး ပါတီအမတ် ယဉ်ကျေးမှုဝန်ကြီး ဦးအောင်သန်းတင်က ဒေသခံ ပန်းတိမ်ဆရာနဲ့ စစ်ဆေးပြီး ရွှေဘုရား ဖြစ်တယ်လို့ ဆုံးဖြတ်လိုက်တဲ့ အတွက် သံဃာများ၊ ဒေသခံများက နေပြည်တော်ကို ယူဆောင် စစ်ဆေးတာကို လက်မခံဘဲ ရတနာမာန်အောင် ဘုရားဂေါပကရုံးမှာ သိမ်းပြီး ကိုးကွယ်ဖို့ လုပ်ခဲ့တာ ဖြစ်ပါတယ်။
အခုတော့ နေပြည်တော်က ရောက်လာတဲ့ ပညာရှင်များနဲ့ ဒေသခံ ပန်းတိမ်ဆရာငါးဦး ပူးပေါင်း စစ်ဆေးတဲ့ အခါကျတော့ ရွှေဆင်းတု မဟုတ်ဘဲ ဝေသာလီခေတ် နောက်ပိုင်း လေးမြို့ခေတ်ဦး ဈာနမုဒြာဟန် ကြေးဆင်းတု ဖြစ်တယ်လို့ ဆိုပါတယ်။

ရှေးဟောင်း သုတေသနရဲ့ လုပ်ထုံး လုပ်နည်းအရ ရှေးဟောင်း ပစ္စည်းတစ်ခုကို ပညာရှင်တွေနဲ့ စစ်ဆေး အတည်မပြုခင် အထိ ရွှေဟု ယူဆရသော ဆိုတဲ့ အသုံးအနှုန်းပဲ သုံးပါတယ်။ သတ္တု အမျိုးအစား ခွဲခြားမှုကိုလည်း သတ္တုတွင်း ၀န်ကြီးဌာနက ကျွမ်းကျင်သူများ၊ လက်ရာ အမျိုးအစား ခွဲခြားမှုကို ရှေးဟောင်း သုတေသန ပညာရှင်များက ပြုလုပ်ပြီး လိုအပ်ရင် ကာဘွန် ဓာတ်ခွဲနိုင်ဖို့ အတွက် ပြည်ပကို ပို့ဆောင် စစ်ဆေးရတယ်လို့ လေ့လာ သိရှိရပါတယ်။
ဒါပေမယ့် အခု ဖြစ်စဉ်မှာတော့ ပြည်နယ် ၀န်ကြီးက ဆန္ဒစောပြီး လုပ်လိုက်တဲ့ အတွက် အုပ်အော် သောင်းနင်း ဖြစ်ပြီး ရှုတ်ထွေး ကုန်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပ မီဒီယာများကတော့ ဒီကိစ္စကို ဘိုးတော်ဘုရား မဟာမြတ်မုနိဘုရားကို မန္တလေး ပင့်သွားတဲ့ ဖြစ်စဉ်နဲ့ ထင်ဟပ်ပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အသွင် ဖြစ်အောင် စောင်းပေး ရေးသွား ခဲ့တာတွေလည်း တွေ့ရပါတယ်။ အခု သတင်းမှားတဲ့ အခါကျတော့ ဘယ်သူမှ သတင်းပြင်ဆင်ချက် ထည့်တာ မတွေ့ရတော့ပါဘူး။
ဒီဖြစ်စဉ်လေးဟာ နိုင်ငံရေး သမားများ အနေနဲ့ ပညာရပ် ဆိုင်ရာ ကိစ္စများကို နည်းလမ်းတကျ ကိုင်တွယ်ဖို့ လိုတယ် ဆိုတဲ့ သင်ခန်းစာနဲ့ မီဒီယာတွေ အနေနဲ့လည်း သတင်း ဖော်ပြရာမှာ သတင်း အရင်းအမြစ် ခိုင်မာမှု၊ အကြောင်းအရာ ခိုင်မာမှုများ အတွက် စိစစ် ဖော်ပြဖို့လိုတယ်၊ မှားရင်လည်း အမှားပြင်သတင်း ဖော်ပြသင့်တယ် ဆိုတဲ့ သင်ခန်းစာကို ပြလိုက်တာပဲ ဖြစ်ပါတယ်။
ပိတောက်မြေ