xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြောက်ဦးဘုရားသတင်း နောက်ဆက်တွဲ ရှင်းလင်းချက်

Tuesday, June 14, 2011

မြောက်ဦးဘုရားသတင်း နောက်ဆက်တွဲ ရှင်းလင်းချက်

ကျွန်တော်တို့ဆီကို ပေးပို့လာတဲ့ သတင်းအရ တင်ပေးတဲ့ မြောက်ဦးက ရွှေဘုရားတွေ့တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အရင်တုန်းက ဒီသတင်းကို လှုပ်လှုပ်ခတ်ခတ် ရေးခဲ့ကြတဲ့ မီဒီယာတွေက သတင်းမှားတယ် ဆိုတာကို မသိချင်ယောင် ဆောင်နေသလို ၀င်ဆွေးနွေးတဲ့သူ အချို့ကလည်း ကျွန်တော်တို့ သတင်းကို မယုံတဲ့ သဘော ပြောတာ တွေလည်း တွေ့ပါတယ်။ ဒါ့ကြောင့် မူလသတင်း ပေးပို့သူကို အသေးစိတ် အချက်များ တောင်းခံပြီး ထပ်ဖော်ပြ ပေးလိုက် ပါတယ်။
စတင်တွေ့ရှိမှု
မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသ သျှစ်သောင်း ဘုရားနားက လောကမဉ္စူ ဘုရားကို မန္တလေးမြို့က ဒေါက်တာ သိန်းထွန်းရဲ့ မတည်မှုနဲ့ ရတနာမာန်အောင် ဆရာတော်က ကမကထ လုပ်ပြီး ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နဲ့ စာကြည့်တိုက် ဦးစီးဌာနရဲ့ ကြီးကြပ်မှုနဲ့ ပြန်ပြင်နေတာ ဖြစ်ပါတယ်။ မေ ၃၀ ရက်နေ့ ညနေ ငါးနာရီ လောက်မှာ ဘုရား အောက်ခြေပိုင်းက အုပ်ခဲများကို ဖယ်ရှားရာ ကနေ ဌာပနာတိုက်ကို တွေ့ရပါတယ်။ ဇွန် ၁ ရက်နေ့ မနက်ပိုင်းမှာတော့ ရှေးဟောင်းက အရာရှိများရဲ့ ကြီးကြပ်မှုနဲ့ ဆက်တူးတဲ့အခါ ဘုရား ၃၂ ဆူ၊ ကြေးဌာပနာ ဘုရားငယ် ၁၅၈ ဆူ၊ ဓာတ်တော်ကြုတ် နှစ်ခု၊ ဓာတ်တော်လို့ယူဆရတဲ့ အရိုးများ နို့ဆီဘူး တစ်ဘူး မရှိတရှိကို တွေ့ရပါတယ်။
ရရှိတဲ့ ပစ္စည်းတွေကို မြောက်ဦးမှာ ရှိတဲ့ ရှေးဟောင်း သုတေသန ပြတိုက်မှာ ထားပါတယ်။ ဇွန်လ ၃ ရက်နေ့ မှာတော့ ပြည်နယ် ယဉ်ကျေးမှုဝန်ကြီး ဦးအောင်သန်းတင် (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ)နဲ့ အဖွဲ့ ရောက်လာပြီး တူးဖော်တဲ့ နေရာကို စစ်ဆေးပါတယ်။ ပြီးတော့ ပြတိုက်ကို သွားပြီး တူးဖော် တွေ့ရှိတဲ့ ဘုရားများကို ကြည့်ပါတယ်။ အဲဒီမှာ အခု ရွှေဘုရားလို့ ပြောခဲ့ကြတဲ့ ဆင်းတုတော်ကို ပန်းတိမ်ဆရာနဲ့ စစ်ဖို့ လမ်းညွှန်တဲ့ အတွက် ဘုရားဂေါပက တွေက ဇော်မင်းထွန်း ရတနာဆိုင်က ပိုင်ရှင်လည်းဖြစ်၊ ပန်းတိမ်ဆရာလည်း ဖြစ်တဲ့ ဦးဇော်မင်းထွန်းကို ခေါ်စစ်ခိုင်း ပါတယ်။ ညနေ နှစ်နာရီမှာ စစ်ဆေးပြီးတဲ့အခါ ဦးဇော်မင်းထွန်းက ၁၅ ပဲရည် ရှိတဲ့ ရွှေဘုရား ဖြစ်တယ်၊ အချိန် လေးပိဿာ ခြောက်ဆယ့် လေးကျပ်သား ရှိတယ်လို့ သတင်းပို့ပါတယ်။

ရှေးဟောင်းက တင်ပြချက်
မြောက်ဦး ရှေးဟောင်းဌာန ဒုညွှန်ကြားရေးမှူး ဦးသိုက်ဦးက ပြည်နယ် ဝန်ကြီး စစ်ဆေးချက်နဲ့ ပန်းတိမ်ဆရာ တင်ပြချက်ကို နေပြည်တော်က ရုံးချုပ်ကို တင်ပြတဲ့အခါ ရုံးချုပ်က နှစ်ချက် ပြောပါတယ်။ ပထမ တစ်ချက်က အစဉ်အလာ အရ ရွှေသား အတိနဲ့ ဘုရား ဆင်းတုတော် ဒီလောက် အလေးချိန် ရှိတာကို မတွေ့ခဲ့ဘူးဖူး၊ ရွှေပြား ခတ်ထားတာလည်း ဖြစ်နိုင်တယ်၊ အတွင်းဘက်ကို စစ်ဆေးဖို့ လိုတယ်။ ဒါ့ကြောင့် နေပြည်တော်မှာ စစ်ဆေးဖို့ စီစဉ်မယ်လို့ ပြောပါတယ်။ ဒုတိယ အချက်က လောလော ဆယ်ဆယ်မှာ ပိုပြီး လုံခြုံအောင်လို့ မြောက်ဦး၊ မြန်မာ့ စီးပွားရေးဘဏ် ငွေတိုက်ခန်းထဲမှာ ချိတ်ပိတ် အပ်နှံထားဖို့ ဒါမှမဟုတ် ရဲစခန်းမှာ ချိတ်ပိတ် အပ်နှံဖို့ ပြောပါတယ်။ အဲဒီအချက် ကိုလည်း ပြည်နယ် ဝန်ကြီးကို သတင်းပို့ခဲ့ပါတယ်။
အဲဒီအချိန်အထိ ရှေးဟောင်း သုတေသနက နေပြည်တော် ရုံးချုပ်ကို သတင်းပို့တဲ့ အခါမှာ ရွှေဟု ယူဆရသော လေးမြို့ခေတ် ဘုရားဆင်းတုတော် လို့ပဲ သုံးပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ပြည်နယ် ဝန်ကြီးနဲ့ ဂေါပကများ ဆီကနေ ရွှေဘုရား တွေ့တယ်ဆိုတဲ့ သတင်းဟာ ပျံ့သွားနေပါပြီ။
ဂေါပကအဖွဲ့မှာ အပ်နှံခြင်း
ဇွန်လ ၄ ရက်နေ့ ညနေမှာ စစ်တွေမှာ ရှိတဲ့ ရှေးဟောင်း သုတေသန ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်း ရောက်လာပြီး နေပြည်တော်ကို သယ်ယူစစ်ဆေးဖို့ အစီအစဉ် လုပ်ပါတယ်။ ဒါပေမယ့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီရဲ့ မြောက်ဦး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထွန်းသာနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှိုင် တို့က ပြည်နယ် ယဉ်ကျေးမှု ဝန်ကြီးက မြောက်ဦးပြတိုက်မှာပဲ ထားဖို့ မှာခဲ့တယ် ဆိုပြီး နေပြည်တော်ကို သယ်မယ့် အစီအစဉ်ကို ကန့်ကွက် ခဲ့ပါတယ်။ အဲဒီအချိန်မှာ လူလေးရာလောက်လည်း ပြတိုက်ရှေ့မှာ လာစုဝေး ခဲ့ကြပါတယ်။ နောက်ဆုံးတော့ နေပြည်တော်က ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်တို့ ညှိပြီး လောလောဆယ် ဘဏ်က ငွေတိုက်ခန်းထဲမှာပဲ ထိန်းသိမ်းဖို့ သဘောတူပါတယ်။ ဒါပေမယ့်နောက်ဆုံးမှာ ရတနာမာန်အောင် ဆရာတော်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ဘဏ်မှာလည်း မထားချင်ဘူး၊ ရတနာမာန်အောင် ဂေါပကရုံးမှာပဲ ထားချင်တယ် ဆိုတာကြောင့် ပြည်ထောင်စု ယဉ်ကျေးမှု ဝန်ကြီးက အဲဒီအဖွဲ့တွေ တာဝန်ယူမယ် ဆိုရင် ဂေါပက ရုံးမှာပဲ ထားပါဆိုပြီး ခွင့်ပြုပေးခဲ့ ပါတယ်။
ဒါ့ကြောင့် ဆရာတော် ဦးပညာသာမိ၊ ဗဟိုဝန်ဆောင် ဆရာတော်၊ ညောင်ပင်ဈေး ကျောင်းတိုက်၊ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထွန်းသာ၊ ဦးထွန်းလှိုင်၊ ရှေးဟောင်း သုတေသန ဒုတိယ ညွှန်ကြားရေးမှူး ဦးသိုက်ဦးနဲ့ လောကမဉ္စူ ဂေါပက အဖွဲ့ဝင်တွေရဲ့ ရှေ့မှောက်မှာ ရွှေဘုရားလို့ ပြောနေတဲ့ ဆင်းတုတော်ကို လွှဲပေးခဲ့ပါတယ်။
ထပ်မံစစ်ဆေးခြင်း
ဇွန် ၅ ရက်နေ့မှာတော့ ပြည်နယ် ဝန်ကြီးချုပ်က သေချာအောင် ထပ်စစ်ဆေးဖို့ ပြောတဲ့အတွက် ပြည်နယ် အစိုးရက ဖွဲ့စည်းပေးတဲ့ ပန်းတိမ်ဆရာ ဦးခင်မောင်သန်း၊ ဦးမောင်မောင်စိုး၊ ဦးကောင်းကျော်ဇံ၊ ဦးကျော်သာညွန့်၊ ဦးထွန်းဝေ တို့က အသေးစိတ် စစ်ဆေးတဲ့ အခါကျတော့ အပေါ်က ရွှေရည် လောင်းထားတဲ့ ကြေးသတ္တုစပ် ဖြစ်နေတယ်လို့ ထပ်ပြောပါတယ်။ ဒီအဖွဲ့ ကတော့ အတွင်းသားကို လွန်သေးသေးလေးနဲ့ ဖောက်ကြည့်ပြီး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
နေပြည်တော်က စစ်ဆေးရေး အဖွဲ့ကတော့ ဇွန်လ ၇ ရက်နေ့မှာ ရောက်လာပြီး ထပ်စစ်ဆေး တော့လည်း ရွှေဆင်းတု မဟုတ်ကြောင်းနဲ့ အပေါ်က ရွှေရည်လောင်း ထားတဲ့ ဝေသာလီ ခေတ်နှောင်း၊ လေးမြို့ခေတ်ဦး၊ ဈာန မုဒြာဟန် ကြေးဆင်းတုတော်သာ ဖြစ်ကြောင်း အတည်ပြု ပေးခဲ့ပါတယ်။
ကျန်တဲ့ ဘုရားဆင်းတု တွေကို ဆက်စစ်ဆေးတဲ့ အခါ ဝေသာလီခေတ်နဲ့ လေးမြို့ခေတ် လက်ရာများ ဖြစ်ကြောင်း အတည်ပြု ပေးခဲ့ပါတယ်။
ရှေးဟောင်းသုတေသနလုပ်နည်း
ရှေးဟောင်း ပစ္စည်းများကို တွေ့လို့ရှိရင် တွေ့ရှိသူ ထံကနေ အထောက်အထားနဲ့ လွှဲယူပြီး ရုံးချုပ်ကို ပို့ရပါတယ်။ ရုံးချုပ်က ကျွမ်းကျင်သူများ၊ သတ္တုတွင်း ဝန်ကြီးဌာနက ကျွမ်းကျင်သူများနဲ့ စစ်ဆေးပြီး သတ္တု အမျိုးအစား၊ ခေတ်ကာလ ပိုင်းခြားမှုများ လုပ်ရပါတယ်။ အဲဒီမှာ ရွှေ၊ ငွေ စတဲ့ အဖိုးတန် သတ္တု ဖြစ်လို့ရှိရင် လက်ရှိပေါက်ဈေး အတိုင်း ငွေတန်ဖိုး ဖြတ်ပါတယ်။ ပြီးရင် လက်ရာနဲ့ ခေတ်အရ တန်ဖိုးရှိမှုကို သတ်မှတ်ပါတယ်။ အဲဒီနှစ်ခုပေါင်း ငွေပမာဏကို တွေ့ရှိသူ များကို ဆုကြေးအဖြစ် နိုင်ငံတော်က ချီးမြှင့်ပါတယ်။ အဖိုးတန် သတ္တု မဟုတ်ရင်တော့ ယဉ်ကျေးမှု အမွေအနှစ် လက်ရာအရ သတ်မှတ်တဲ့ ဆုကြေးကို ချီးမြှင့်ပါတယ်။ ဒါ့ကြောင့်လည်း နောက်ပိုင်းမှာ ရှေးခေတ် ရွှေထည်များကို တွေ့ရှိသူ တွေဟာ ပန်းတိမ်ဆရာဆီမှာ မရောင်းတော့ပဲ ဆုကြေး ပိုမိုမြင့်မားတဲ့ ရှေးဟောင်း သုတေသန ဌာနကို လာအပ်ကြတာ ဖြစ်ပါတယ်။
တွေ့ရှိတဲ့ လက်ရာတွေကို ဘယ်မှာထားမလဲ ဆုံးဖြတ်တာနဲ့ ပတ်သက်ရင်တော့ လက်ရာရဲ့ တန်ဖိုး၊ လုံခြုံရေး အခြေအနေ၊ စတာတွေကို မူတည်ပြီး ဘယ်မှာထားမယ် ဆိုတာ ဆုံးဖြတ်ပါတယ်။ တွေ့တဲ့ အရာတိုင်းကို နေပြည်တော်၊ အရင်က ရန်ကုန်မှာ ရှိတဲ့ အမျိုးသား ပြတိုက်မှာ ထားတာ မဟုတ်ပါဘူး။ သိပ်ရှားပါးတဲ့ လက်ရာ၊ ပျက်စီးနိုင်တဲ့ လက်ရာများကိုသာ အမျိုးသား ပြတိုက်မှာ ထားတာ ဖြစ်ပါတယ်။ ဥပမာ ပြည်က ပျူကချေသည် အရုပ်လေးတွေ ဆိုရင် မှော်ဇာ ပြတိုက်မှာ ထားရကနေ အခိုးခံ လိုက်ရတဲ့ အတွက် နှစ်ပေါင်းများစွာ ပြန်ရအောင် ကြိုးစားခဲ့ရပါတယ်။ နောက်ပြီး ဘုရား ဆင်းတုတော်တွေ ဆိုရင်တော့ သက်ဆိုင်ရာ ဒေသမှာ ပြတိုက်ရှိရင် အဲဒီမှာပဲ ထားတာ များပါတယ်။ ပုဂံမှာ တွေတဲ့ ပဉ္စလောဟာ ဘုရားဆိုရင် ပုဂံပြတိုက်မှာပဲ အပူဇော် ခံထားတာ ဖြစ်ပါတယ်။
သင်ခန်းစာ
အဲဒါကတော့ မြောက်ဦး ဘုရားနဲ့ပတ်သက်တဲ့ ဖြစ်စဉ် အပြည့်အစုံ ပါပဲ။ ဒီအထဲမှာ ရှေးဟောင်း သုတေသန ကနေ ငွေအလွဲ သုံးစားလုပ်မှုနဲ့ အငြိမ်းစား ပေးခံရတဲ့ ဒေသခံ အရာရှိ တစ်ဦးရဲ့ မြှောက်ထိုးပင့်ကော် လုပ်မှုလည်း ပါပါသေးတယ်။ ဒါပေမယ့် ဖြစ်စဉ်နဲ့ မဆိုင်လို့ နာမည်နဲ့ လုပ်ရပ်များကို မဖော်ပြ တော့ပါဘူး။ 
ကျွန်တော်တို့ သတင်းမှားတယ် ဆိုရင် အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ရေးသားပေးပို့ နိုင်ပါတယ်။ တင်ပေးပါ့မယ်။ အခုထိတော့ ပြည်နယ် ဝန်ကြီး ဆီကရော၊ လွှတ်တော် ကိုယ်စားလှယ်များ ထံကရော၊ ဂေါပက အဖွဲ့များ ထံကရော၊ ပွဲဆူအောင် ရေးခဲ့ကြသူတွေ ဆီကရော အဖြစ်မှန်နဲ့ ပတ်သက်ပြီး ဘာမှ ပြောသံ မကြားရတော့တာ ကတော့ အံ့သြ မိကြောင်းပါဗျာ။
ပိတောက်မြေ
ydawmu