xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မီဒီယာသမားများအပေါ် နိုင်ငံ့ဝန်ထမ်းများ၏အမြင်

Wednesday, June 15, 2011

မီဒီယာသမားများအပေါ် နိုင်ငံ့ဝန်ထမ်းများ၏အမြင်

 
 
နိုင်ငံတစ်နိုင်ငံတွင် သတင်းနှင့်မီဒီယာ၏ အခန်းကဏ္ဍသည် များစွာအရေးပါသောအခန်းကဏ္ဍဖြစ်ကြောင်း စာဖတ်သူများ အားလုံးသိရှိပြီးဖြစ်ပါသည် ။ ထိုမျှအရေးပါသောကဏ္ဍတွင်ပါဝင်နေသော မီဒီယာသမားများသည် မီဒီယာလွတ်လပ်ခွင့်လိုကြောင်း မြန်မာနိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့်မရှိကြောင်း ၊ အစိုးရသစ်လက်ထက်တွင် အတိုင်းအတာတစ်ခုထိ လျော့ပေါ့မှုရှိလာသော်လည်း အရေးပါသောအခန်းကဏ္ဍ များတွင် ချုပ်ကိုင်ထားဆဲဖြစ်ကြောင်း အစရှိသဖြင့် ပြောဆိုကန့်ကွက်သံ ၊ တနည်းအားဖြင့် အစိုးရကို တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်၍ တစ်ဖုံ ကန့်ကွက်ပြောဆိုသံများကိုသာ ယနေ့မီဒီယာသမားဆိုသူများထံမှ ကြားနေရပါသည် ။ ထိုမီဒီယာသမားဆိုသူများကို ပြည်သူက မည်သို့သဘောထားကြောင်း သုံးသပ်ထားမှုများကိုမှု တစ်ကြိမ်တစ်ခါမျှမတွေ့ရဘူးပါ ။

သို့ဖြစ်ပါ၍ မီဒီယာသမားများ  အပေါ် ပြည်သူက မည်သို့မြင်ကြောင်း သုံးသပ်ပြောဆိုရန် လိုအပ်လာပြီဟု ထင်မြင်ယူဆပါသောကြောင့် မီဒီယာသမားများအပေါ်ပြည်သူမှ သဘောထားသည်ကို သိရှိနိုင်ပါရန် Voice Of Myanmar မှ သဘောထားမေးမြန်းမှုများပြုလုပ်ခဲ့ပါသည် ။ ထိုသို့မေးမြန်းမှုများအနက်မှ ယခုအပတ်တွင် နိုင်ငံဝန်ထမ်းများက မီဒီယာသမားများအပေါ် မည်သို့မည်ပုံ မြင်နေကြသည်ကို သိရှိနိုင်ပါရန် စုစည်းတင်ပြအပ်ပါသည် ။

" ဒီနေ့ပြည်တွင်းထုတ်ဂျာနယ်တွေနဲ့ ပြည်ပမီဒီယာတွေမှာကြားနေရတာက ဘယ်ဆေးရုံမှာတော့ ဘယ်ဆရာဝန်အမှားကြောင့် ဘယ်လူနာအသက်ဆုံးသွားတယ်  ဘယ်အထူးကုဆေးခန်းမှာတော့ ဆရာဝန်တွေနဲ့ စက်ကရိယာအားနည်းမှုကြောင့်လူနာသေသွားတယ် ဘယ်မှာတော့ ရုတ်တရက်ထိခိုက် လာတဲ့လူနာကို အချိန်မီဆေးရုံက ဆေးအကာအကွယ်မပေးနိုင်လို့ ဘာဖြစ်သွားတယ် စသည်ဖြင့်ပေါ့လေ ..ဒါမျိုးတွေပဲဖတ်နေရတယ် တနည်းပြောရရင်  ဆရာဝန်တွေကို အသပြာဆရာဝန်တွေ ၊ မကျွမ်းကျင်သူတွေ ပေါ့ဆသူတွေအဖြစ် သရုပ်ဖေါ်ထားတာတွေကိုဘဲ ဖတ်နေရတယ် ..ကျွန်တော်တို့ ဆေးဝါးကုသမှုအတွက် တပြားမှ မယူဘဲလုပ်ပေးလိုက်တဲ့လူနာတွေ မရေမတွက်နိုင်အောင်ရှိတယ် ဆရာဝန်ကြီးတွေကျွမ်းကျင်မှုကြောင့် အသက်ချမ်းသာရာ ရသွား သူတွေ ပျော်ရွှင် သွားတဲ့မိသားစုတွေ  အများအပြားရှိတယ် ..ဒါတွေတခါမှ မီဒီယာတွေမှာမဖတ်ဘူးပါဘူး မီဒီယာသမားတွေ ရေးရကောင်းမှန်းလဲမသိပါဘူး ပြည်သူလူထုနဲ့ ဆရာဝန်တွေကြားက အခိုင်အမာရှိပြီးသား ယုံကြည်မှုတွေကို ဖျက်ဆီးနေကြတဲ့သူတွေလို့ပဲမြင်ပါတယ် ဒါအားလုံးတော့ဟုတ်ချင်မှဟုတ်မယ် အများစုကိုတော့ ကျွန်တော့အနေနဲ့ ဒီသဘောပဲမြင်ပါတယ် " မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး မှ ဆရာဝန်ကြီးတစ်ဦးရဲ့ အမြင် ဖြစ်ပါတယ် ။

ရန်ကုန်မြို့ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း မှ လုပ်သက်ရင့် အထက်တန်းပြဆရာမ တစ်ဦးကတော့ " အမေလး..ဆရာရယ် ကျွန်မတော့မီဒီယာသမားတွေဆို ကြောက်ကိုကြောက်နေပြီ တခြားဆရာမတွေလဲ ဒီလိုပဲ မီဒီယာသမားတွေရဲ့ခလေး အတန်းထဲပါလာမှာကို ကြောက်နေကြတယ် တစ်ခါက မီဒီယာသမားတစ်ယောက်က သူ့ကလေးပြောတာတွေကိုအခြေခံပြီးဆရာမ တစ်ယောက်အကြောင်းကိုရေးတယ် အဲဒါမီဒီယာတွေမှာပါလာတော့ ဆရာမကိုသက်ဆိုင်ရာက စုံစမ်းရေးလုပ်တယ် တကယ်တော့ဆရာမမှာဘာမှအပြစ်မရှိဘူး ကျောင်းက ဆုံးဖြတ်ချက်တွေ အတိုင်းလုပ်နေတာ  ဆရာမကလည်းသူမှန်နေတာခုလိုအစစ်ဆေး ခံရပါ့မလားဆိုပြီး စိတ်မကောင်းဖြစ်ပြီးတော့ နှုတ်ထွက်စာ တင်ပြီးထွက်သွားတယ် အခုအဲဒီဆရာမက ပြင်ပဘော်ဒါ တစ်ခုမှာနာမည်ကြီး ဆရာမဖြစ်နေတယ် ကျောင်း ကတော့သူ့ကိုဆုံးရှုံးသွားရတယ် အဲဒီဆရာမကသိပ်အသင်အပြကောင်းတယ် ကလေးတွေအပေါ်စေတနာထားတယ် ခုဆိုရင်သူ့သင်ကြားမှု ကိုရဘို့ဆိုရင် ပြင်ပဘော်ဒါတွေမှာ ပိုက်ဆံအများကြီးပေးမှရနိုင်တော့မယ်  ကဲဘယ်မှာလဲ မီဒီယာက ပြည်သူကိုအကျိုးပြုတယ်ဆိုတာ  " ဟု နာနာကျည်းကျည်း ပြောဆိုသွားပါသည် ။သူကပင်ဆက်၍ ရှင်လဲမီဒီယာ သမားပဲမဟုတ်လားဟုပြောဆိုကာ ကျွန်ုပ်ကိုပါ မဲလာသဖြင့် အခြားအကြောင်းအရာများကို လှီးလွဲပြောဆိုပြီး ထိုဆရာမ၏ဒေါသစက်ကွင်းမှ အလွတ်ရုံးခဲ့ရလေတော့သည် ။

ဒီတခါတော့ မီဒီယာသမားတွေရဲ့ နှုတ်ဖျားမှာရေပန်းစားလှတဲ့ စာပေစိစစ်ရေးမှ စိစစ်ရေးမှူးတစ်ဦးကို သဘောထားမေးမြန်းခဲ့ပါသည် " နေ့တိုင်းဒါတွေနဲ့ပဲခေါင်းခဲနေရတယ်ဗျာ... တကယ့်ကိုမီဒီယာကျင့် ၀တ်တွေစောင့်ထိန်းပြီး လုပ်နေတဲ့ မီဒီယာသမားကြီးတွေရှိပါတယ် ပြောရ ရင်တော် တော်နည်းတယ် မရှိသလောက်ရှားတယ်လို့တောင်ပြောလို့ရတယ် ဥပမာဗျာ..ခုတစ်လောခေတ်စားနေ တဲ့ ဒေါ်အောင်ဆန်းစု ကြည်ပုံကိစ္စ တချို့ဂျာနယ်တွေမှာပါတယ် တစ်ချို့ စီစစ်ရေးက ပယ်တယ်ဆိုတာမျိုး ကျွန်တော်တို့ကပဲ ဂျာနယ်တွေအပေါ် မလိုတစ်မျိုးလိုတစ်မျိုးလုပ်နေသလိုလို ပြောဆိုနေတာတွေရှိတယ် တကယ်ကတော့ လာပေးတဲ့ ပုံတွေကိုက မတူတာ ဒေါ်အောင်ဆန်း စုကြည်ပုံမို့ပယ်တာမဟုတ်ဘူး  ဓါတ်ပုံကိုက ရည်ရွယ်ချက်မကောင်းလို့ပယ်တာ ဒေါ်အောင်ဆန်းစုကြည်ပုံမှမဟုတ်ဘူး အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေပုံတွေလဲ ပယ်ရတာတွေ အစားထိုးရတာတွေရှိတာပဲ ..လာတင်ထဲကိုက ရည်ရွယ်ချက် မကောင်းဘူးလေ..ဒီပုံကိုကြည့်

 
ဒါ ဇွန်လ ၁၁ ရက်နေ့က ကျင်းပတဲ့ ၁၇ ကြိမ်မြောက် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်း အစည်းအဝေးသို့ တက်ရောက်လာတဲ့ အမှတ် ၂ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးစိုးသိန်းရဲ့ပုံ ကြည့်လေ..ပုံမကောင်းဘူးဆိုတာဒါမျိုးကိုပြောတာ ဒါမတော်တဆဖြစ်တာလို့ခင်ဗျား ထင်လား..ခင်ဗျား ကျွန်တော့်နေရာမှာ တနေ့လောက် လာထိုင်ကြည့်လိုက် မီဒီယာသမားတွေထဲမှာ တိုင်းပြည်ဖျက်မယ့် သူတွေ ဘယ်လောက်စိမ့်ဝင်နေသလဲဆိုတာခင်ဗျားတွေ့ရလိမ့်မယ် " ဟုပြောဆိုသွားပါသည် ။
 
 ရုရှားပြန်တပ်မတော်အရာရှိတစ်ဦးကတော့ " ကျွန်တော်တို့တွေကတော့ နေ့စဉ်နဲ့အမျှဆိုသလို မီဒီယာ သမားတွေ အတိုက်ခိုက်ခံ နေရတဲ့သူတွေဆိုတော့  ဒီလူတွေကိုအကောင်းဘယ်လိုမြင်ရဦးမယ် ဆိုတာ သပ်သပ်သင်ကြားရဦးမယ်ထင်တယ်  ကျွန်တော်တို့တွေကိုမီဒီယာသမားတွေ အထူး သဖြင့်တော့ ပြည်ပ မီဒီယာတွေနဲ့ ပြည်ပရောက် အစိုးရအတိုက်အခံသမားတွေပေါ့လေ ကျွန်တော်တို့ကို စစ်ခွေးတွေ ဆိုပြီးပြောကြတယ် အမျိုးမျိုးတိုက်ခိုက်ကြတယ် ကျွန်တော်တို့တွေကိုနိုင်ငံ ဘဏ္ဍာ ထိုင်ဖြုန်းနေ သယောင်ယောင် ပြောကြဆိုကြရေးကြတယ် တကယ်တော့ရုရှားမှာပညာသင်နေတာ ကျွန်တော်တို့ကာကွယ်ရေးဝန်ကြီးဌာနကအများစုပေါ့လေ..ပြီးရင် ပညာရေး ၊ သိပ္ပံနည်းပညာ ၊ စွမ်းအင် စတဲ့ဝန်ကြီးဌာနက လူငယ်တွေအားလုံးသင်နေတာပါ ကျွန်တော်တို့တစ်တွေလဲပြည်သူတွေထဲ ကပြည် သူတွေပါဘဲ ရုရှားမှာအများသင်နေတဲ့တက္ကသိုလ်တွေမှာ အများနည်းတူပညာသင်နေတာပါ အတိုက် အခံတွေစွပ်စွဲသလို ညူကလီးယားဘာသာတွေ ဒုံးလက်နက်ပညာတွေကို ကြိတ်ပြီးသင်နေကြတာ မဟုတ် ပါဘူး  ဒါကိုဒီမီဒီယာသမားဆိုတဲ့လူတွေသိတယ် သိသိကြီးနဲ့တမင်ပြောနေကြတယ်ဆိုကတည်းက ရည်ရွယ် ချက်ကောင်းမရှိဘးဆိုတာပေါ်လွင်နေပါတယ် ကျွန်တော့်တစ်ဦးတည်းအမြင်ကိုပြောရရင် တိုင်းပြည်ကို လက်နက်ကိုင်တော်လှန်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးသမားတွေထက်ကို တိုင်းပြည်အတွက် အန္တရာယ်ကြီးတဲ့ သူတွေပါဘဲ  "

နောက်ဆုံးမေးခဲ့တဲ့ နိုင်ငံဝန်ထမ်းတစ်ဦးကတော့ မန္တလေးမြို့မှ မီးသတ်အရာရှိတစ်ဦးဖြစ်ပါတယ် " မီးလောင်ရင် မီးသတ်ကိုမကောင်းပြောမယ် ဒါပဲရေးတတ်တဲ့ မီဒီယာသမားတွေ ကိုတော်တော် စိတ်ကုန်နေပါပြီ တနေ့ကလောင်တဲ့မီးကိုကြည့် သီတာအေးရပ်ကွက်မှာလောင်တဲ့မီး ကျွတ်တော်တို့ ဆီက မီးသတ် ကား ၆၀ ကျော်သွားပြီး အချိန်မီ ငြိမ်းသတ်နိုင်ခဲ့တယ် ကျွန်တော်တို့ဆီက မီးသတ်ဝန်ထမ်းတွေတော်တော် ကိုသက်စွန့်ဆံဖျား ဆောင်ရွက်ခဲ့ရတာတွေရှိတယ် ဘယ်မီဒီယာမှာ များခင်ဗျားဖတ်ရသလဲ သတင်းအနေနဲ့ပါတဲ့ ဟာတွေကလဲ မီးလောင်တယ်ဘယ်မှာ အိမ်ဘယ်နှစ်လုံး ဘယ်ကစလောင်တယ် ဒါပဲပါတယ် မီးသတ်ကဘယ်လိုဆောင်ရွက်တယ် အချိန်မီလို့ ဒီလောက်နဲ့ပြီးသွားတယ်ဆိုပြီး ဘယ်မီဒီယာမှမရေးဘူး ကဲမခက်ဘူးလား ဒီလူတွေကိုဘယ်လိုယုံရမလဲ အရင်ကတော့ ကျွန်တော်တို့မီးသတ်စက်တွေရဲ့အားတွေ စက်စွမ်းအားပြည့်ပက်ရင် ဘယ်လောက်ဆိုကုန်ပြီ စသည်ဖြင့် ပညာပေးဆောင်ရွက်မှုတွေလုပ်တယ် ခုတော့သိရဲ့သားနဲ့ကို မီးသတ်ကလာတယ် ကားကရေမပါဘူးဆိုတာတွေဘဲ ရေးနေ ပြောနေကြတယ် စိတ်အကုန်စရာ အကောင်းဆုံးလူတွေကိုပြဆိုရင် ဒီလူတွေကိုအရင်ဆုံးပြရမှာပါဘဲ...အကုသိုလ်အင်မတန်များတဲ့လူတွေပါဘဲ.. " ဟု စိတ်ပျက် လက်ပျက် ဖြေကြားခဲ့ပါသည် ။

ကဲ နိုင်ငံဝန်ထမ်းတွေက ဆရာသမားတို့မီဒီယာသမားတွေကို ဒီလိုတွေ မြင်နေတယ် ...ဆရာတို့ အလှည့်ကျရင် ပြင်ဘို့လက်နှေးနေဦးမှာလား မီဒီယာသမားပီပီ ကက်ကက်လန်ဘဲ ရန်ပြန်တွေ့မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်းပါခင်ဗျား....။

ဒေါက်တာဆိတ်ဖွား