xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ချိန်ခွင်ကြိုးပြတ် လျှာကပ်နေပါတဲ့ US ရဲ့ လူ့အခွင့်အရေးမှတ်တမ်း

Thursday, June 9, 2011

ချိန်ခွင်ကြိုးပြတ် လျှာကပ်နေပါတဲ့ US ရဲ့ လူ့အခွင့်အရေးမှတ်တမ်း

ကမ္ဘာ့ငပွကြီးက သူနဲ့ ဆက်ဆံခွင့် ရဖို့အရေး၊ Sanction ပယ်ဖျက်ပေးဖို့ အရေးတို့ အတွက် လူ့အခွင့်အရေး လူ့အခွင့်အရေးနဲ့ တစ်စာစာ အော်ရင်း ရှေ့တန်း တင်လာတယ်ဗျ။ ခက်တာက ကျုပ်တို့နိုင်ငံက ဘာတွေလုပ်မိလို့ ဘာတွေကို ရပ်တန့်ပေးရမှန်း မသိတာပါပဲ။
အဲဒီ အဓိပ္ပါယ်ဖွင့်ဆိုရ ရှုပ်ထွေးလှတဲ့ လူ့အခွင့်အရေး ဆိုတာကြီးဟာ စပြီး အသံကျယ်လာ ကတည်းက နားမလည် တလည်နဲ့ နိုင်ငံငယ်တွေ အပေါ် လူပေါ် လူဇော်လုပ်ဖို့ ထွင်လိုက်တဲ့ မာရ်နတ်ရဲ့ လက်နက်ကြီး ဆိုတာ သိပြီးသားလို့ ပြောရရင် လွန်မလားပဲ။ ဘာလို့ဆို ကျုပ်တို့လည်း နားထဲ ကျလိကျလိဖြစ်လို့ မနေနိုင်မထိုင်နိုင် Data တွေ ကိုင်ရတော့တာကိုး။ အဲဒီမှာတွင် US ရဲ့ စုတ်ပဲ့ချက်တွေကို သူ့အလိုလို တွေ့ရပါရောဗျား။ တကယ့်ကို ဆိုးရွားလှတယ်လို့ ကမ္ဘာက သတ်မှတ်ထားတဲ့ ခေါင်းဆောင်တွေကို သူ့အလိုကိုလိုက် သူ့အကြိုက်ကို ဆောင်တဲ့အခါ အဲဒီသူတွေ သူ့နိုင်ငံထဲမှာ ဘာတွေ လုပ်ပလေ့စေ၊ အမျိုးမျိုး ထောက်ခံ၊ ထောက်ပံ ခဲ့တာများ ရွံစရာကြီးပါဗျား။
ဆာနီအဘာချာ (နိုင်ဂျီးရီးယား)၊ အီဒီအာမင် (ယူဂန္ဓာ)၊ ဟူဂိုဘန်ဇာ (ဘိုလီးဗီးယား)၊ ဘာတစ္စတာ (ကျူးဘား)၊ ပစ်ဘိုသာ (တောင်အာဖရိက)၊ ဟန်ဘာတိုဘရန်ကို (ဘရာဇီး)၊ ရာအူးလ်ဆီးဒရက်စ် (ဟေတီ)၊ ဗီနီစီယိုဆီရီဇို (ဂွာတီ မာလာ)၊ ချန်ကေရှိတ် (တိုင်ဝမ်)၊ ရော်ဘာတိုဆူယာဇိုကော်ဒိုဗာ (ဟွန်ဒူရပ်စ်)၊ အယ်လ်ဖရက်ဒိုခရစ်ရှန်နီ (အယ်လ်ဆာဗေဒို)၊ ငိုဒင်ဇင်း (တောင်ဗီယက်နမ်)၊ ဆမ်မြူရယ်ဒိုး (လိုင်ဘေးရီးယား)၊ ဖရန်ကွိုက်စ် ဒူဗာလီယာ (ဟေတီ)၊ ဂျင်းကလော်ဒီဒူဗာလီယာ (ဟေတီ)၊ ဆော်ဒီဘုရင်အဇစ်ဖဒ်ဘင်အဗ္ဗဒူ၊ ဖရန်ကို (စပိန်)၊ ဟစ်တလာ (ဂျာမဏီ)၊ မော်ရိုကိုဘုရင်ဟက်ဆန် -၂၊ မားကို့စ် (ဖိလစ်ပိုင်)၊ မာတီနက်ဇ် (အယ်လ်ဆာဗေဒို)၊ မိုဘူတ (ဇိုင်ယာ)၊ နိုရီယေးဂါး (ပနားမား)၊ တူဂတ်အိုဇယ် (တူရကီ)၊ အီရန်ရှားဘုရင်၊ ဂျော့ခ်ျပါပါဒိုပေါလော့စ် (ဂရိ)၊ ပတ်ချွန်ဟီး (တောင်ကိုရီးယား)၊ ပီနိုချက် (ချီလီ)၊ ပိုပေါ့ (ကမ္ဘောဒီးယား)၊ စီတီဗန်နီရာဗန်ကူ (ဖီဂျီ)၊ အက်ဖရင်ရိုင်ယော့စ်မွန့်တ် (ဂွာတီမာလာ)၊ ဟေလီဆာလက်စီ (အီသီယိုးပီးယား)၊ အန်တိုနီယိုဆာလာဇာ (ပေါ်တူဂီ)၊ အနက်စ်တာစီယိုဆိုမိုဇာ-စီနီယာ (နီကာရာဂွာ)၊ အနက်စ်တာစီယိုဆိုမိုဇာ- ဂျူနီယာ (နီကာရာဂွာ)၊ အီယန်စမစ် (ရိုဒီးရှား)၊ အယ်လ်ဖရက်ဒိုစထရိုစ်နာ (ပါရာဂွေး)၊ ဆူဟာတို (အင်ဒိုနီးရှား)၊ ရာဖေးလ်ထရူဂျီလို (ဒိုမီနီကန်)၊ ဂျော့ခ်ျရာဖေးလ်ဗီဒဲလာ (အာဂျင်တီးနား)၊ ဇီယာအူးလ်ဟတ် (ပါကစ္စတန်) စတဲ့သူတွေဟာ သူတို့အနောက်က လူတွေ ပြုစုထားတဲ့ စာရင်းအရ လူ့အခွင့် အရေးဆိုတာ ချိုနဲ့လား မေးတဲ့သူတွေပဲ ဖြစ်တယ်ဗျ။ တစ်ချို့ဆို လူတွေ အစုလိုက် အပြုံလိုက်ကို သတ်ကြတာ။ ဒါတွေကို US က ထောက်ခံ ရပ်တည် ပေးခဲ့တာဆိုပဲ။ အဲဒီထဲက တစ်ချို့ကျတော့ US ရဲ့ ရန်သူတွေပါလို့တော့ မပြောနဲ့။ နဂိုက ဘာတွေ ဆိုးနေဆိုးနေ သူ့မထိခင်က အကောင်း ပြောနေပြီး၊ သူ့စကား နားမထောင် တော့မှ ထကြိတ်တော့တာ (ဥပမာ။ ဟစ်တလာ၊ နိုရီယေးဂါးပေါ့)
အဲဒီပုဂ္ဂိုလ်တွေထဲက အများစုဟာ CIA က ကြိုးကိုင်တဲ့ အာဏာ သိမ်းမှုတွေကနေ အာဏာ ရလာတာဆိုပဲ။ ဘာအတွက် အဲဒီပုဂ္ဂိုလ်တွေ လုပ်သမျှ US က မျက်စိမှိတ် လည်ပင်း ဖက်နေရသလဲဆို သူတို့ နိုင်ငံတွေထဲက သဘာဝ ရင်းမြစ်တွေကြောင့်၊ ဈေးချိုတဲ့ အလုပ်သမားတွေ ရလိုမှုကြောင့်၊ ကွန်မြူနစ်ဝါဒကို ပူးပေါင်း နှိမ်နင်းဖို့ အတွက်ကြောင့်လို့ ဆိုပါဗျား။ တစ်ချို့ဆို အခုထိ ထိမရ တို့မရ သက်ရှိ ထင်ရှား ရှိနေကြတယ် ဆိုပဲ။

ကဲ---ဒါက လူတွေအပေါ် သူတို့ မရိုးမသားနဲ့ ပုံသဏ္ဍာန် မမှန် ဆက်ဆံတာကို ပြတာ။ လက်ရှိမှာ ကျုပ်တို့နိုင်ငံ အပါအဝင် နိုင်ငံတစ်ချို့ အပေါ် လုပ်နေတဲ့ Sanction ကျတော့ရော လူ့အခွင့်အရေးနဲ့ ညီသလား။ လူတစ်ယောက်က သူဆက်ဆံချင်တဲ့သူကို ဆက်ဆံခွင့် မရှိအောင် လုပ်တာ။ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို သူရောင်းချင်တဲ့သူကို ရောင်းခွင့် မရှိအောင် လုပ်တာ။ သူရသင့်တဲ့ အခွင့်အရေးတွေကို ယူခွင့် မရှိအောင် လုပ်တာ။ သူမြှုပ်နှံချင်တဲ့ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံခွင့် မရှိအောင် လုပ်တာ။ ဒါမှ လူ့အခွင့်အရေး ချိုးဖောက်မှု အစစ်ပါဗျား။ ဒါဟာ မြန်မာ ပြည်သူတွေ အပေါ်မှာသာမက သူ့ရဲ့ အမေရိကန် နိုင်ငံသားတွေ အပေါ်မှာ၊ ဥရောပ ပြည်သူတွေ အပေါ်မှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုပါပဲ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလို့ မြှုပ်နှံသူကို အရေးယူတဲ့ ဥပဒေဟာ မလျော်ကန်လှတဲ့ ဥပဒေ၊ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ဥပဒေ ဆိုတာ ကျုပ်ဘကြီး အခင်းကြီး သွားသလို အရှင်းကြီး လယ်ကွင်းထဲမှာ ငုတ်တုတ်ပါဗျ။
ကျုပ်တို့ဈေးထဲ ခေါင်းရွက် ဗျတ်ထိုးသည်က မရောင်းရ ဆိုတဲ့နေရာမှာ ဥပဒေကို ဖောက်လို့ ရောင်းဖို့ ကြိုးစားတယ်။ ဈေးစည်ပင် သာယာက တားတယ်၊ ဖမ်းတယ်။ ရွှေ့တယ်။ ဒါကို US ရဲ့ အာဘော် BBC VOA မှာ “အစိုးရက မတရား လုပ်တယ်၊ လူ့အခွင့်အရေး ချိုးဖောက်တယ်”လို့ အော်တယ်။ ကဲ--- မြန်မာစီးပွားရေး လုပ်ငန်းရှင် တစ်ယောက်က သူ့ကုန်တွေ (သစ်/ ပုဇွန်/ အထည်/ ပရိဘောဂ တစ်ခုခုပေါ့လေ)ကို အမေရိကန်ကို ပို့ချင်တယ်။ မရဘူး ဖြစ်တယ်။ ပို့ရင် တားတယ်၊ ဖမ်းတယ်၊ သိမ်းတယ်။ ကဲ--ဖြစ်စဉ်ချင်း အတူတူ၊ ဘာလို့ US ရဲ့ ဥပဒေက တရားပြီး မြန်မာဥပဒေက မတရားဘူး ဖြစ်ရပါလိမ့်။ အော်----- လူ့အခွင့်အရေး---- လူ့အခွင့်အရေး---
ကရင်ပြည်နယ်ထဲမှာ ဆိုးမိုက် သောင်းကျန်းနေတဲ့ KNU ကို တပ်မတော်က နှိမ်နင်းတယ်။ KNU က ဒေသခံတွေကို Human Shield လုပ်ပြီး ထိုင်းနယ်စပ်ကို ပြေးတယ်။ ရွာသားတွေ ပါသွားတယ်။ အဲဒီ ရွာသားတွေကို စုစည်းလို့ ဒုက္ခသည် စခန်းဆိုပြီး လူလည် လူရှုပ်တွေက စခန်းဖွင့်လို့ UN ဆီက ဒေါ်လာတွေ တောင်းစားကြတယ်။ မြန်မာအစိုးရ လူ့အခွင့်အရေး ချိုးဖောက်ပါတယ်။ ရွာလုံးကျွတ် ချေမှုန်းပါတယ် ပြောကြတယ်။ သောင်းကျန်းသူက ပြော၊ BBC VOA RFA ကအော်ကြ၊ အံကိုက်ပဲဗျ။
အာဖဂန်မှာ အပြစ်မဲ့ပြည်သူ ကျုပ်တို့ဆီမှာလို ပြေးချိန်တောင်မရ။ Predator က သမလိုက်တဲ့ ဒုံးကျည်ကြောင့် တစ်စစီ ဖြစ်ရတယ်။ အသုဘချတဲ့ ဆီမှာတောင် US က ဝမ်းနည်းကြောင်း မဖော်ပြ၊ ခွေးသေသေကြ ရပေါ့။ ပါကစ္စတန်၊ အာဖဂန် အစိုးရတို့ Predator မလာကြဖို့ တားလည်း၊ စကားပဲ အဖတ်တင်၊ ကောင်းကင်မှာ မြင်နေရဆဲဗျ။ ကဲ---- ဘယ့်နှယ် လုပ်ကြမလဲ။
အနောက်က လူတွေရဲ့ စာရင်းအရ လက်ရှိမှာကို အာဏာရှင် နိုင်ငံ(၅)နိုင်ငံကို US က ထောက်ပံ့ ပေးနေ ပါတယ်တဲ့။ အဲဒီနိုင်ငံတွေက ဆော်ဒီအာရေးဗီးယား၊ ယီမင်၊ အိုမန်၊ အီကွေတိုရီယယ်ဂီနီ၊ တာ့ခ်မင်နစ္စတန် တို့ပါတဲ့။ အောင်မာမင်း ----- ဆော်ဒီဘုရင်ကိုများ အိုဘားမားက နှမနဲ့ ပေးစားထားတဲ့ ယောက်ဖလားတောင် ထင်ရလောက် အောင် အပြုံးတစ်ထောင်နဲ့ ဆီးကြိုခဲ့ပုံများ။ ဓာတ်ပုံတောင် ယင်ကောင် နားလောက်ပါရဲ့။ ကဲ--- မှတ်သားရပါ့ဗျား။ US ရဲ့ စကား ဘယ်နား သွားယုံရမလဲ ဆိုတာ။
ကျုပ်တို့ မြန်မာနိုင်ငံမှာ စာခြောက်ရုပ်မနဲ့ သူ့နောက်တော်ပါ အယောက် ၁၀၀ လောက်က လွဲလို့ နိုင်ငံတော်ကြီး ခရီးဆက် နေတာကို ရင်ဖိုစွာနဲ့ ကြိုဆို ကြသူတွေချည်းပဲ။ အရင့် အရင်မူတွေ အဆင်မပြေတာကို ပြောင်းလဲလို့ ကြိုးပမ်း ကြမယ် ဆိုတာကိုလည်း ယုံကြည်မြဲပဲ။ အောင်မြင် ဖွံ့ဖြိုးလာမယ် ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရင်တွေထဲမှာ အပြည့်ပဲ။ ဒါတွေကို မက်ကိန်းလည်း အတွန်း အတိုက်ကြားထဲကပဲ သဲသဲ ကွဲကွဲ ကြားခဲ့ရပြီ။ ဒီအချိန်ထိ ပြန်ကြည့်ကြရင် ပတ်ဝန်းကျင်မှာ လူ့အခွင့်အရေး မှတ်တမ်း မကောင်းတဲ့ တစ်ချို့နိုင်ငံတွေ ကျတော့ မဟာဗျူဟာ စီးပွားဘက်တောင် သတ်မှတ်ပြီး ဒီလို တစ်စိတ် တစ်ဝမ်းတည်း ပြည်သူ့ဆန္ဒနဲ့ ခရီးဆက်နေတဲ့ မြန်မာနိုင်ငံကျမှ လာပြော နေတာတော့ မရိုးသားဘူးပေါ့လေ။
ကဲ---- ပစ္စုပ္ပန်ကို ပြန်ကြည့်ရင် ဒီနေ့ထိ US ရဲ့ သိက္ခာပျက် ဘက်လိုက် ခဲ့တာတွေ သင်ပုန်းချေပါ ဆိုလည်း ချေလိုက်ဖို့ ဝန်မလေးပါဗျ။ သို့သော် US လုပ်ရမှာက မြန်မာ ပြည်သူတွေရဲ့ မေတ္တာကို မြင်ချင်ရင် လူ့အခွင့်အရေး အမှန်ကို စာရင်းတင်လို့ Sanction ဆိုတဲ့ အကျိုးအကြောင်းမဲ့ ထိုးဇာတ်ကို ရပ်တန်းကရပ်၊ ချိန်ခွင်ကြိုးပြတ် လျှာကပ် နေပါတဲ့ US ရဲ့ လူ့အခွင့်အရေး မှတ်တမ်းကို ခပ်ကြမ်းကြမ်း ခဝါချလိုက်ဖို့ပါပဲ။

(အောင်ဘု-ကျေးစေတမန်)