xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အာရပ်ကမ္ဘာ အုံကြွမှု၊ ၀ိကီလိခ်နဲ့ အမေရိကန်

Thursday, March 3, 2011

အာရပ်ကမ္ဘာ အုံကြွမှု၊ ၀ိကီလိခ်နဲ့ အမေရိကန်

မျက်မှောက် ကာလတွင် ကမ္ဘာပေါ်ရှိ နိုင်ငံအများစု စိတ်ဝင်တစား စောင့်ကြည့်နေသော အခြေအနေမှာ အာရပ်ကမ္ဘာတွင် ဖြစ်ပေါ် နေသော ဆန္ဒပြမှုများပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စတဲ့ အရေးပေါင်း မြောက်မြားစွာဟာ တစ်နှစ်ထက် တစ်နှစ် ကာလတစ်ခုနဲ့ တစ်ခု မရိုးရအောင် ဖြစ်ပေါ် ပြောင်းလဲနေတာကို လေ့လာ တွေ့ရှိကြရမှာ ဖြစ်ပါတယ်။
အဲဒီလို ပြောင်းလဲမှုတွေကလည်း ဒေသတစ်ခုနဲ့ တစ်ခု နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ ကူးစက် ပျံ့နှံ့တတ်တဲ့ သဘော သဘာဝလည်း ရှိပါတယ်။ ကျွန်တော်တို့ ကမ္ဘာကြီးမှာ ၁၈ ရာစု နောက်ပိုင်း ကာလများမှ စပြီး ပြောင်းလဲလာတဲ့ ဖြစ်စဉ် အမျိုးမျိုးမှာ အကြောင်းတရား အကျိုးတရားတွေနဲ့ နောက်ကွယ်က ဖန်တီးထားမှုတွေ လှည့်ဖြားမှုတွေ အမျိုးမျိုး ရှိနေတယ် ဆိုတာကို သေသေ ချာချာ စောင့်ကြည့် လေ့လာနေတဲ့ သုတေသန ပညာရှင်တွေက ထင်မြင်ချက်တွေနဲ့ ကမ္ဘာကြီးကို ချပြမှုတွေ ရှိနေခဲ့ပါတယ်။
ယနေ့ အာရပ် ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ လူထု အုံကြွမှုတွေကို လေ့လာကြည့်ကြမယ် ဆိုရင် အဓိက တရားခံတွေဟာ ဘယ်သူတွေလဲ ဘာကြောင့် ဒီလို ဖြစ်ပေါ်ရတာလဲ ဆိုတဲ့ မေးခွန်းတွေ အစီအရီ ပေါ်လာမှာ သေချာပါတယ်။ သုံးသပ်သူ အချို့ကတော့ အခုလို အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ တူနီးရှား၊ အာရပ်၊ အယ်လ်ဂျီးရီးယား၊ ယီမင်၊ လစ်ဗျား၊ ဘာရိန်း စတဲ့ နိုင်ငံတွေဟာ အစိုးရရဲ့ ဖိနှိပ်မှုတွေကြောင့် ဒီလို လူထု အုံကြွမှုတွေ ဖြစ်တယ်လို့ ယေဘူယျအားဖြင့် ပြောဆိုနေကြ တာပါ။

တကယ်တော့ ဒီလို ဖြစ်ရတာ အဲဒီလို အစိုးရ၊ နိုင်ငံ့ခေါင်းဆောင်တွေကြောင့် အခုလို ကာလအတွင်းမှာ တစ်ပြိုင်နက် စတင်လာရတယ် ဆိုတဲ့ ကောက်ချက်က နဲနဲ လွဲနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခုလို လူထု အုံကြွမှုတွေ ဖြစ်တဲ့ အာရပ်နိုင်ငံတွေဟာ အချိန်တော်တော်ကြာအောင် ခေါင်းဆောင်တွေက အာဏာရှင် ဆန်ဆန် အုပ်ချုပ် ခဲ့တဲ့ နိုင်ငံတွေ ဖြစ်နေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ နိုင်ငံတွေရဲ့ ပထ၀ီဝင် အနေအထားကလည်း ယနေ့ ကမ္ဘာကို စိုးမိုး ခြယ်လှယ်နေတဲ့ နိုင်ငံကြီးတွေ အတွက် အသုံးချစရာ မျက်စိကျစရာ အခြေအနေတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီအာရပ် နိုင်ငံတွေရဲ့ လူနေမှု ဘ၀နဲ့ ယုံကြည်မှုတွေဟာလည်း ကမ္ဘာ့ဗိုလ် အုပ်စုတွေအတွက် အခြေအနေ ကောင်းတွေ ဖြစ်ပေါ်လာရတာလည်း ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှာ ပေါ်လာတဲ့ အမေရိကန် သံရုံးများရဲ့ အင်တာနက်မှ တစ်ဆင့် တင်ပြချက်တွေကို ဖွင့်ဟ ချပြတဲ့ ဂျူလီယံ အက်ဆန်ရဲ့ ၀ိကီလိခ် ကိစ္စဟာ အခု အာရပ်ကမ္ဘာ ရုန်းရင်း ဆန်ခတ် ဖြစ်ရတဲ့ အကြောင်း အရင်းတွေထဲမှာ အဓိက တစ်ချက် ပါဝင်နေပါတယ်။
ဝိကီလိခ် ကိစ္စ စဖြစ်ချိန်ကဆို အမေရိကန်တို့ ပေါက်ကွဲလိုက်တဲ့ စကားလုံးတွေ အခြေအနေတွေကို သတိတရ ပြန်ကြည့် ကြဖို့ လိုပါတယ်။ အဲဒီ ကိစ္စကြောင့် အမေရိကန်တို့ မျက်ကလဲ ဆန်ပြာ ဖြစ်ခဲ့ကြပေမယ့် ၀ိကီလိခ် ကိစ္စကို အာရုံပြောင်း လမ်းလွှဲဖို့ အမေရိကန်တို့ အတွက် အာရပ်ကမ္ဘာက အခြေအနေတွေက အကောင်းဆုံး ငါးစာတွေ ဖြစ်ခဲ့ကြပါတယ်။
အဲဒီ ပစ်မှတ်တွေ ထဲမှာ ဘယ်နိုင်ငံတွေ ပါနေတယ်၊ ဘယ်သူတွေ အသုံးချ ခံနေရတယ်၊ အခုနောက်ပိုင်း အမေရိကန်တို့ ၀ိကီလိခ် ကိစ္စကို ဘယ်လို ကိုင်တွယ် ဖြေရှင်းနေတယ် ဆိုတဲ့ မေးခွန်းပေါင်း များစွာကို ကျွန်တော်တို့တွေ ခေါင်းထဲ ထည့် ထားဖို့ လိုအပ်လှ ကြောင်း တင်ပြလိုက်ရပါတယ်။ မောင်မင်းချင်း
ကျေးစေတမန်