xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကျွန်ုပ် နှင့် ထူးဆန်းသော ပန်းချီဆရာ ၂ ဦး

Monday, March 21, 2011

ကျွန်ုပ် နှင့် ထူးဆန်းသော ပန်းချီဆရာ ၂ ဦး

( Voice Of Myanmar အနေဖြင့် သတင်းများ ၊ သတင်းဆောင်းပါးများ ကိုသာ ဖေါ်ပြလေ့ရှိသော်လည်း  ဦးဂွမ်တီ  အမည်ခံ စာရေးသူတစ်ဦး၏ ဖြစ်ရပ်မှန်ဝတ္ထုတိုကလေးကိုမူ ကြိုက်နှစ်သက်မိပါသည့်အပြင် ၊ သတင်းဖတ် ပရိတ်သသတ်များလည်း နှစ်သက်မည်ဟု ယူဆပါသဖြင့် အဖွဲ့၏ သဘောတူညီချက် ကိုရယူကာ ဖေါ်ပြလိုက်ပါသည် )

တနေ့သ၌ ကျွန်ုပ် သည် ရောက် တတ်ရာရာများကိုစဉ်းစားတွေးတောနေရင်း အနုပညာ အကြောင်းများသို့ ရောက် သွားလေသည် ။ ထိုသို့စဉ်းစားမိသည့်အထဲတွင် သီချင်းများအကြောင်းလည်းပါ၏ ၊ ထိုသို့ သီချင်းများအကြောင်းစဉ်းစားရာတွင် ကျွန်ုပ်လွန်စွာကြိုက်နှစ်သက်သော ကွယ်လွန်သူ တေးရေး တေးဆို ဆရာ စန္ဒယားချစ်ဆွေအကြောင်းလည်းပါလေ ၏ ဆရာ၏ သီချင်းများထဲတွင် မောင့်အချစ်မြှားစူး ဆိုသော အလွမ်းသီချင်း ကိုလွန်စွာနှစ်သက်လေသည် ထိုသီချင်းထဲတွင် " မောင့်အချစ်မြှားအသည်းမှာစူး ..နှုတ်လဲနှုတ်ချင်လေဘူး..." ဆိုသော သီချင်းစာပိုဒ် ကိုကျွန်ုပ်အနေဖြင့် အကြိုက်ဆုံးဖြစ်လေသည်။တနည်းဆိုရသော် ဆရာစန္ဒယား ချစ်ဆွေ၏ မောင့်အချစ်မြှား သည် အခြားသူများ ကိုမည်သို့မည်ပုံခံစားရသည်ကိုမသိသော်လည်း ကျွန်ုပ် ကဲ့သို့ အနုပညာ နလပိန်းတုံး ၏ ရင်ကိုမူ လာ၍ စူးလေသည်ဟု ဆိုချင်ပါသည် ။အနုပညာ၏ အစွမ်းကား ထက်လှပါပေ၏ ဟူ၍လည်း တိတ်တိတ် မှတ်ချက် ပြုမိ ပါသည်။

ဆရာစန္ဒယားချစ်ဆွေနှင့် ဆရာမင်းသိင်္ခ

ထိုမှတဖန် စာပေအကြောင်းများကိုရောက်ရှိသွားပြန်လေသည် စာပေအကြောင်း အတွေးရောက်ချိန်တွင် ကျွန်ုပ် လွန်စွာမှ လေးစားရသော ဆရာကြီးမင်းသိင်္ခ အကြောင်းကို အတွေးရောက်ရှိ သွားလေတော့သည် ။ ဆရာကြီး၏ လွန်စွာကျော်ကြား အောင်မြင်ခဲ့သော ၀တ္ထုများအကြောင်း ဆရာကြီး ၏ ဇာတ်ကောင်ဖန်တီးမှု အတတ်ပညာများအကြောင်းစဉ်းစားရင်း အတွေးနယ်ချဲ့  နေလေတော့သည်။
လူ၏ စိတ်သည်လွန်စွာထူးဆန်း၏ ထိုသို့ စဉ်းစားနေစဉ်တွင် ရုတ်တရက်ဆိုသလို  ဆရာခ ၏ပုံကိုဖမ်း နေသော အခြားလူတစ်ယောက် ထံသို့ ရောက်ရှိသွားပြန်လေသည် ။ ထိုသူကားအခြားမဟုတ် ယနေ့ နာရေးကူညီမှုအသင်း ကို ကမကထပြုကာ မြန်မာ့နိုင်ငံရေးတွင် ကန့်လန့် ဆိုသလိုဝင်ရောက်ပါနေ သော မောင်ကျော်သူဆိုသူပင်ဖြစ်ပါသည်။ ထိုအချိန်ခဏတွင် ခုလိုအေးအေး အတွေးနယ်ချဲ့ ချိန်တွင်  ဒီလူ့ဆီမှ ရောက်ရလေသလားဟု ကျွန်ုပ် ၏ စိတ်ကို အပြစ်တင်မိလိုက်ပါသေးသည်။

ကျွန်ုပ် အထက်တွင်ဆိုခဲ့ သလို လူ၏စိတ်သည် လွန်စွာထူးဆန်းလေသည် ..မတွေးချင်ပါဘူးဆိုမှပင် ထိုလူအကြောင်း ဆက်၍ ဆက်၍ တွေးမိနေသဖြင့် မထူးတော့ပါဘူးလေဟု စဉ်းစားကာ ထိုသူ့ အကြောင်းကို ဆက်၍ ဆက် ၍တွေးလိုက်မိပါတော့သည် ။ သူသည်တချိန်က ရုပ်ရှင်သရုပ်ဆောင် လုပ်ခဲ့ဘူးလေသည်။ မြန်မာရုပ်ရှင်လောကတွင် စကားမပီဘဲ မင်းသားဖြစ်သူကို ပြပါဆိုလျှင် ထိုသူ့ ကိုပြရပေမည် ။ ထို့အပြင် နာရေးကူညီသည်ကို အကြောင်းပြုကာ နိုင်ငံရေးလောကသို့ ၀င်ရောက်လာခဲ့သော ပထမဦးဆုံး ရုပ်ရှင်သရုပ်ဆောင်ကိုပြပါ ဆိုလျင်လည်း သူ့ကိုပင် ပြရပေမည် ။ သူသည် တိန်ကော့နော်ဂျာ ဟူသော တပ်မတော်နေ့ ဂုဏ်ပြု ဇာတ်လမ်းကိုရိုက်ဘူး၏ ထိုဇာတ်ကားတွင် သူသည် KIA ခေါ် ကချင် လက်နက်ကိုင်များကိုနှိမ်နင်းရသော တပ်မတော်သားအဖြစ်သရုပ်ဆောင် ရလေသည်  ထိုဇာတ်ကားပြသခါနီးတွင်မှ KIA အဖွဲ့များနှင့် ငြိမ်းချမ်းရေး လမ်းစပေါ်လာသဖြင့် မပြလိုက်ရသည်အထိ အနုပညာနှင့် အကျိုးပေးသူတစ်ဦးလဲဖြစ်လေ၏ ၊ထိုဇာတ်ကား၏ တစ်ခုသောဇာတ်ဝင်ခန်းတွင် တပ်မတော်သားအဖြစ်သရုပ်ဆောင်ရသောမောင်ကျော်သူလေးမှ တစ်ဖက်ရန်သူအား တပ်မတော်အရာရှိများကိုင်လေ့ရှိသော ၉မမ ပစ္စတိုကို လက်တစ်ဘက်တည်းဖြင့် မောင်းတင်ကာ ပစ်ရသည့် အခန်းတစ်ခန်းပါရှိလေရာ မောင်ကျော်သူလေးသည် ၃ ရက်တိတိ လေ့ကျင့်ယူရသည်အထိ လက်နက်အရာတွင် ပါရမီထူးသူလည်းဖြစ်လေသည်။  ဒီအထိ ထိုမောင်ကျော်သူလေးအား ကျွန်ုပ်၏ စိတ်တွင်တစ်စုံတစ်ရာ အပြစ်မမြင်မိပါကြောင်း ဦးစွာဝန်ခံရပေမည်။
  နိုင်ငံရေးလောကသို့ ရောက်လာပြီး နောက်ပိုင်းတွင်မူ ထိုသူအား နိုင်ငံရေးသမား အပေါင်းတို့က အရူးဘုံမြှောက် ဆိုသကဲ့သို့ လုပ်ကြလေတော့သည်။ မောင်ကျော်သူတစ်ယောက်လည်း နေမြင့်လေ အရူးရင့်လေ ဆိုသကဲ့ သို့ အရူး ထနည်း ပေါင်းစုံ ဖြင့် အရူးထလေတော့သည် ။  မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးများ ထားကာ အင်္ကျီ အဖြူ ကြီးဝတ် ပြီး ကျွန်ုပ် လေးစားရပါသော ဆရာကြီး မင်းသိင်္ခ ၏ စတိုင်ဖမ်းလေတော့သည် ။ ဤ နေရာတွင် ပြောလိုသည်မှာ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးများ သည် လူတိုင်းနှင့်မလိုက် လိုက်သည့်လူနှင့်မှလိုက်သည် လိုက်သည့် သူက ထိုအမွှေးများကိုထားလျင် အကြောင်းမဟုတ်သော်လည်း ၊ မလိုက်သည့် လူထားလျင်မူ လူရယ်စရာ ဖြစ်တတ်လေသည် ၊ သို့တည်းမဟုတ် လူ သောက်မြင်ကပ်စရာ ဖြစ်တတ် လေသည်။ ကျွန်တော်ဘာမှ မလုပ်ဘဲ ဒီကောင်တွေကျွန်တော့်ကို အကြောင်းမဲ့ သက်သက် ရိုက်သွားတယ် ဆိုပြီး ရဲစခန်းရောက်လာသူများ၏ ၉၀% သည်  ထို ကိုယ်နှင့်လိုက်မှန်းမသိ မလိုက်မှန်းမသိ အမွှေးထားထား ကြသူများဖြစ်လေသည်။ ထိုမောင်ကျော်သူသည် ဒုတိယအမျိုးအစား အမွှေးပိုင် ရှင်တစ်ဦး ဖြစ်လေသည်။




တဖန် ထို ၀တ်စုံ အဖြူကြီးကို မချွတ်တမ်းဆိုသလို ၀တ်နေပြီး ထိုဝတ်ရုံ ထိုအမွှေးတို့နှင့်ပင် ဆိုက်ကား ဟုခေါ်သော အနှေးယာဉ် တစ်မျိုးပေါ်တွင် ထိုင်လျက်ကြီး ကသည့်အခါများပင် ရှိလာသည်အထိ အရူးရေချိန်တက်၍လာလေတော့သည် ။ 



ထိုသို့ ထိန်းမနိုင်သိမ်းမရဆိုသကဲ့သို့ အရူးရှိန်မြင့်တက်လာချိန်တွင် ပြည်ပမှ အသံလွှင့်ဌာနများ အခြားမီဒီယာ များမှ ထိုအရူးအား လူမှုရေးလုပ်ငန်းများဦးဆောင်နေသည့်  စွယ်စုံရ အနုပညာရှင် ကိုကျော်သူ ဆိုပြီး ကြံဖန်ကာ မြှောက်ပင့် ပြောဆို ကြလေရာ မောင်ကျော်သူ လေးသည် ပြည်ပမှ အမြှောက် ၀ိဇ္ဇာတို့၏ အဆို အတိုင်း စွယ်စုံဟူသော ဂုဏ်ပုဒ်နှင့် အညီဖြစ်အောင် အခြားအနုပညာ ရပ်များတွင်ပါ ကျွမ်းကျင်သယောင် လုပ်ဆောင် ရလေတော့သည် ။ ( အဆိုပါစွယ်စုံရဟူသော ဝေါဟာရ ကြောင့်ပင် လူရွှင်တော်တစ်မျိုးသာ လုပ်တတ်သော  ဇာဂနာ သည်စွယ်စုံရအနုပညာရှင် ကိုဇာဂနာဖြစ်ကာ နောက်ဆုံးတွင် ထောင်စုံရောက် ဇာဂနာဖြစ်သွားဘူးလေသည်။၎င်းမောင်သူရခေါ် ဇာဂနာအကြောင်း သီးခြားဖေါ်ပြပါဦးမည်။ စာရေးသူ ။ ) မောင်ကျော်သူသည် အခြားအနုပညာများကို ဟန်ဆောင်ပန်ဆောင်ဖြင့် တတ်ယောင်ကားလုပ်လျှင် ဘာမှ ပြော စရာမရှိသော်လည်း ကျွန်ုပ်လွန်စွာမြတ်နိုး သော ပန်းချီ ကို တတ်ယောင်ကားလုပ်လာသောအခါတွင်မူ နီးလျင် ထရိုက်ချင်လောက်အောင်ပင် ဒေါ သဖြစ်မိ၏ ၊စိတ်ဆိုး၏ အနုပညာ ကိုနိုင်ငံရေးသမားတို့ ထင်တိုင်းလုပ်ကြလေခြင်းဟုတွေးကာ စိတ်မကောင်းဖြစ်မိ၏ ။သူသည် ပန်းချီသမားဟန်ဆောင်ရုံမက ကဗျာသမားဟန်လည်းဆောင်လေသည်။  သို့သော် တစ်နေ့သောအခါ၌ ထိုဒေါသ၊ထိုစိတ်မကောင်းဖြစ်မှု တို့ အား အခိုက်အတန့်အားဖြင့် ရပ်တန့်သွားစေသော အကြောင်းတစ်ရပ် ပေါ်ပေါက် လာ ပါတော့သည် ။

ဦးဂွမ်တီ