xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လစ်ဗျားအရေးသုံးသပ်ဆင်ခြင် အမှန်တစ်ခုမြင်စေချင်

Tuesday, March 22, 2011

လစ်ဗျားအရေးသုံးသပ်ဆင်ခြင် အမှန်တစ်ခုမြင်စေချင်


လစ်ဗျား နိုင်ငံကို နိုင်ငံတကာတပ်တွေ နေ့ညဆိုသလို တိုမဟော့ခ် ကဲ့သို့သောဒုံးလက်နက်များ ဝေဟင် မှ မြေပြင် ပစ် ဒုံးလက်နက်များ ရာပေါင်းများစွာကို အမေရိကန် ဗြိတိန် ပြင်သစ် ဦးဆောင်သော တပ်များက လစ်ဗျားနိုင်ငံရဲ့ မြို့တော် ထရီပိုလီနဲ့ ဒုတိယမြို့တော် ဘန်ဂါဇီ အပါအ၀င် ပစ်မှတ် အမြောက်အများ ကို ပစ်ခတ်နေတာ ဒီနေ့ဆို ၄ ရက်မြောက်နေ့ ရှိလာပါပြီ ။
ဒီနိုင်ငံစုံတပ်တွေ ခုလိုတိုက်ခိုက်နေရတာဟာ ဘာလို့လဲဆိုတဲ့အကြောင်းပြချက်ကို ပြန်ကြည့်ရင် လစ်ဗျားခေါင်းဆောင် ကဒါဖီက သူ့နိုင်ငံတွင်းမှာရှိတဲ့ သူ့ကိုတော်လှန်နေသူတွေကို လေယာဉ်တွေနဲ့ ဗုံးကြဲ နှိမ်နင်း နေလို့  ပြည်သူတွေကိုကာကွယ်တဲ့ အနေနဲ့ တိုက်ခိုက်ရတာပါလို့ ပြောပါတယ် ။
 
ကဒါဖီ ကတစ်နေ့ကိုလေယာဉ်လေး ၃ ၊ ၄ စင်းနဲ့ အကြိမ်ရေအနည်းငယ်သာ တိုက်ခိုက် ပစ်ခတ်နေတာဖြစ်ပါတယ် ။ ဒီလိုတိုက်ခိုက်ရတာကလဲ သူ့နိုင်ငံက သူပုန်ဆိုသူတွေဟာ လေယာဉ်ပစ်လက်နက် တွေအပါအ၀င် ပခုံးထမ်း ဒုံးလက်နက်တွေ အမြောက်အများ နဲ့ တော်လှန်နေတာဖြစ်ပါတယ် ။ မျက်ရည်ယိုဗုံးတို့ ရော်ဘာကျည်တို့ နဲ့ ဟန့်တားလို့ ရနိုင်တဲ့ တော်လှန်သူ အမျိုးအစား မဟုတ်ပါဘူး။
 
ကဒါဖီ တပ်တွေကသုံးနေတဲ့လေယာဉ်တွေ ကလည်း ပြင်သစ်ကရောင်းထားတဲ့ မီရာ့ခ်ျ အမျိုးအစား တိုက်လေယာဉ်တွေပါဘဲ ၊ ဆိုလိုတာက ခုနိုင်ငံစုံတပ်တွေက သုံးနေတယ်ဆိုတဲ့လေယာဉ်တွေနဲ့ စွမ်းရည်ချင်း သူမသာ ကိုယ်မသာလောက် ဖြစ်ပါတယ်။ပစ်မှတ်ကို တိတိကျကျ ပစ်ခတ်နိုင်ပါတယ် ။

 ကဲ ဒါဆိုရင် မေးစရာမေးခွန်းလေးတွေ ဒီနေရာမှာရှိလာပါပြီ.....

- ကဒါဖီ လေယာဉ်နဲ့ ဗုံးကြဲလို့ ပြည်သူတွေ သေတယ်ဆိုရင် နိုင်ငံစုံတပ်တွေကဒါဖီထက် အဆ တစ် ရာကျော် ကြဲ နေတဲ့ အခါကြတော့ လူတွေမသေတော့ဘူးတဲ့လား...........

- ကဒါဖီရဲ့ တပ်တွေကိုပဲ ရွေးပစ်တာပါ ဆိုရင်လဲ ..ကဒါဖီတပ်က တပ်သားတွေကရော..လူတွေမဟုတ်ဘူး  လား..

- လောကကြီးက ကဒါဖီကိုတော်လှန်သူတွေသေရင် မတရားဘူး ၊ ကဒါဖီကို လိုလားသူတွေသေရင် တရားတယ်....ဒီလိုလား...

- ခုနိုင်ငံစုံတပ်တွေကို ကဒါဖီရဲ့ တပ်တွေကို နှိမ်နင်းဘို့ တာဝန်ပေးလိုက်တာလား.လစ်ဗျားမှာရှိတဲ့ လူတွေ သေကြေမှု မရှိအောင်ဟန့်တားဘို့ တာဝန်ပေးလိုက်တာလား...

- အာဖဂန်မှာ ဒီအမေရိကန်တွေဘဲ တာလီဘန်တွေကို နှိမ်နင်းတယ်ဆိုပြီး ဗုံးတွေ ခုလိုဘဲကြဲချ ရော့ကက်တွေ ဒုံးပျံတွေနဲ့ ပစ် တာ အရပ်သားတွေ တစ်ယောက်မှ မသေပါဘူးလို့ ပြောပြီး နှစ်နဲ့ချီကြာမှ ၀ီကီလိက အရပ်သား သောင်းနဲ့ချီပြီး သေခဲ့တဲ့ အထောက်အထား ဗီဒီယိုမှတ်တမ်းတွေကို ဖွင့်ချခဲ့လို့  အရှက်တကွဲဖြစ်ခဲ့ ရတာတွေရော မေ့နေကြပြီလား...

- ဒီလောက်လူတွေအများကြီးနေတဲ့ မြို့ တွေကို ရာပေါင်းများစွာသော ဒုံးလက်နက်တွေနဲ့ ပစ်တာ အရပ်သား တွေ တစ်ယောက်မှမသေ ပါဘူးဆိုတာကိုရော ..ယုံကြည်ရမှာလား ( ပစ်တဲ့လက်နက်က ကဒါဖီနေတဲ့ ၄ထပ် အဆောက်အဦကို တစ်ချက်ထဲမှန်တာ အဲဒီ ၄ထပ်အဆောက်အဦ ပြိုကျ တဲ့အထိ ပြင်းထန်ပါတယ် )

- ဗုံးနည်းနည်း ကြဲလို့ လူတွေသေတာကို ဗုံးများများကြဲချလိုက်ရင် တစ်ယောက်မှ မသေတော့ဘူးဆိုတာကရော ၂၀၁၁ မှာအသစ်ထွက်တဲ့ သီအိုရီအသစ်လား...
 
-ကုလသမဂ္ဂ ရဲ့ လေယာဉ်မပျံသန်းရေဇုံ ဆိုတာကရော ဘာ အဓိပါယ်လဲ ကဒါဖီဆီဗုံးကြဲဘို့တခြားနိုင်ငံတွေကနေ လစ်ဗျားနိုင်ငံထဲကို လာတဲ့လေယာဉ်တွေဆိုရင်ပျံချင်သလိုပျံကြ  လစ်ဗျားက ကိုယ့်လေပိုင်နက်မှာကိုယ်  လေယာဉ်ပျံ ရင် အရေးယူမယ် မပျံရဘူး...ဒီလိုလား

စတဲ့ လားပေါင်းများစွာသော အမေးများကို မေးစရာတွေဖြစ်နေတဲ့အချိန်မှာ အမေရိကန်သမ္မ တ က ဘာပြောနေလဲ တချက်လောက်ကြည့်ရအောင်ပါ... ..

တောင်အမေရိကကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က လစ်ဗျားကို လေကြောင်းက ထိုးစစ်ဆင်မှုမှာ ဦးဆောင်မှု ကဏ္ဍကို အမေရိကန်က ဥရောပက မဟာမိတ် နိုင်ငံတွေကို ရက်ပိုင်းအတွင်း လွှဲပြောင်းပေးမှာ ဖြစ်ကြောင်းဗိုလ်မှူးကြီး ကဒါဖီကို လစ်ဗျားခေါင်းဆောင် အဖြစ်က ဖယ်ရှားပစ်ရေးဟာ လိုအပ်မှု ဖြစ်ပေမဲ့ အခု Oddessey Dawn စစ်ဆင်ရေးရဲ့ ရည်မှန်းချက်ဟာ  ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၁၉၇၃ အရ လစ်ဗျား အရပ်သား ပြည်သူတွေကို ကဒါဖီရဲ့ တပ်တွေက တိုက်ခိုက်နေမှုကနေ အကာအကွယ် ပေးရေးသာ ဖြစ်ပြီး ခုချိန်ထိ အရပ်သားတစ်စုံတစ်ယောက် မျှသေဆုံးတဲ့ အထောက်အထားမတွေ့ ရသေးပါဘူးလို့ ပြောကြားသွားပါတယ်။

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး  ရောဘတ်ဂိတ်  ကတော့ အရပ်သားတွေသေဆုံးတယ်ဆိုတာ ကဒါဖီအစိုးရ ရဲ့ လိမ်ညာ ပြောဆိုမှုသာဖြစ်ကြောင်း  ခုချိန်ထိ အရပ်သားတစ်ယောက်တလေမှ သေဆုံးချင်း မရှိသေးပါကြောင်း ပြောကြားလိုက်ပါတယ် ။
လေသံတွေကတော့ ဇာတ်တိုက်ပြီးပြောနေသလိုပါဘဲ...တစ်လေသံထဲထွက်နေပါတယ်...

ဒါတွေကိုဘာလို့ရေးနေတာလဲလို့မေးရင် အမေရိကန်ဆိုတာ ဒီမိုကရေစီနိုင်ငံကြီး သူလုပ်ရင်အကုန်မှန်တယ် လစ်ဗျားပြီးရင် မြန်မာပြည်ကို ဒါမျိုးလုပ်ရင်ကောင်းမယ် အာရပ်အဖွဲ့ချုပ်က နိုင်ငံစုံတပ်ဘက်ပါသလို အာဆီယံကလည်း ပါရင်ကောင်းမယ် အစရှိသဖြင့် ဦးနှောက်မရှိတဲ့ နိုင်ငံရေးသမားတွေ ပြောသမျှ အဟုတ်ထင်နေမှာ စိုးလို့ပါ...ရှင်ကြီး ကျားထက်ဆိုး ဆိုတဲ့အဖြစ်မျိုး မကြုံ စေချင်လို့  ရေးနေတာပါ ။

ဒီသတင်းတွေကိုခြုံ ငုံပြီးသုံးသပ်မယ်ဆိုရင် ဒါမှမဟုတ် အထက်မှာ မေးထားတဲ့ မေးခွန်းလေးတွေကို ဘက်လိုက်မှု ကင်းကင်းနဲ့ ဖြေကြည့်လိုက်မယ်ဆိုရင် သင့်အတွက် အဖြေတစ်ခုရရှိနိုင်ပါလိမ့်မယ်လို့ မျှော်လင့်ပါကြောင်းတင်ပြ ရေးသားအပ်ပါသည် ။