xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နိုင်ငံတော် သမ္မတသစ် ဦးသိန်းစိန် ရုပ်မြင်သံကြားမှ မိန့်ခွန်း ပြောကြား

Wednesday, March 30, 2011

နိုင်ငံတော် သမ္မတသစ် ဦးသိန်းစိန် ရုပ်မြင်သံကြားမှ မိန့်ခွန်း ပြောကြား

  
မတ်လ ၃၀ ရက်နေ့မှာ သမ္မတသစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် နိုင်ငံတော် အုပ်ချုပ်ရေးကို လွှဲပြောင်း ရယူခဲ့တဲ့ သမ္မတသစ် ဦးသိန်းစိန်ဟာ သူ့အစိုးရ အဖွဲ့ရဲ့ ရှေ့ဆက်လုပ်မယ့် မူဝါဒများကို ပြည်ထောင်စု လွှတ်တော်ကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။ အဲဒီမိန့်ခွန်းကို ဦးသိန်းစိန် အသံနဲ့ ရုပ်မြင်သံကြားက ထုတ်လွှင့် ပေးခဲ့ပါတယ်။ အဲဒီမိန့်ခွန်း ထဲက အရေးကြီးတဲ့ အချက်များကို စုစည်းဖော်ပြ ပေးလိုက်ပါတယ်။
အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး
သမ္မတက မတူညီတဲ့ သဘောထား အမြင်တွေ ရှိကြမှာ ဖြစ်ပေမယ့် တိုင်းပြည် အကျိုးစီးပွားအတွက် တူညီတဲ့ ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့၊ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး လုပ်ပိုင်ခွင့် အာဏာကို တရားနည်းလမ်း တကျ ရယူဖို့ တိုက်တွန်း သွားပါတယ်။
ကာကွယ်ရေး
နိုင်ငံ ကာကွယ်ရေးကို ပေါ့ပေါ့ သဘောထားရင် ခေတ်သစ် ကျွန်ပြုတာ ခံရလိမ့်မယ်လို့ သတိပေးခဲ့ပြီး လက်ရှိ တပ်မတော်ကို အင်အားတောင့်တင်းတဲ့ တပ်မတော် ဖြစ်အောင် တည်ဆောက်မယ်၊ နိုင်ငံတော် ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်လို့ ပြောသွားပါတယ်။
စီးပွားရေး
စီးပွားရေးမှာ ဈေးကွက် စီးပွားရေးကို ပီပြင်အောင် ကျင့်သုံးမယ်၊ ဈေးကွက်စီးပွားရေးက ရလာတဲ့ အကျိုးစီးပွားများကို အခြေခံ လူတန်းစား အောက်ခြေအဆင့် အထိ ပျံ့နှံ့စေရမယ်၊ လက်ဝါးကြီးအုပ် စနစ် မဖြစ်အောင် အစိုးရက အတိုင်းအတာ တစ်ခုအထိ ထိန်းပေးမှာ ဖြစ်ပေမယ့် တတ်နိုင်သမျှ ၀င်ရောက် စွက်ဖတ်မှု၊ ထိန်းချုပ်မှု အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်မယ်လို့ ပြောသွားပါတယ်။ နောက်ပြီး ဆင်းရဲချမ်းသာ ကွာဟာမှု လျှော့ချရေး၊ မြို့ပြ-ကျေးလက် လူနေမှုအဆင့် ကွာဟမှု လျှော့ချရေးကို စဉ်းစားပြီး သဟဇာတ မျှတတဲ့ ဈေးကွက် စီးပွားရေးစနစ် ပေါ်ထွန်းအောင် လုပ်ဆောင်မယ်လို့ ကတိပေး သွားပါတယ်။

တောင်သူလယ်သမား
တောင်သူ လယ်သမား များရဲ့ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေများကို ခေတ်မီ ပြည့်စုံအောင် ပြဋ္ဌာန်းမယ်၊ လယ်ယာထွက်ကုန်များ သင့်တင့်သော ဈေးနှုန်း ရရှိရေး၊ လယ်ယာထွက်ကုန် အရည်အသွေး မြင့်မားရေး ဆောင်ရွက် သွားမယ်လို့ ကတိပေးသွားပါတယ်။
အလုပ်သမား
အလုပ်သမားနဲ့ လက်လုပ် လက်စားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖော်ထုတ်ရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေး၊ လုပ်ငန်းခွင် သက်သာ ချောင်ချိရေး၊ လူမှုဖူလုံရေး ခံစားခွင့် ရရှိရေးနဲ့ အနိမ့်ဆုံး လစာ သတ်မှတ်ချက်တွေကို လက်ရှိ လူနေမှုစရိတ်နဲ့ ကိုက်ညီရေးတို့ကို လုပ်ဆောင်ပေးမယ်၊ ပြည်ပရောက် အလုပ်သမားများရဲ့ အခွင့်အရေး ကိုလည်း ကာကွယ် သွားမယ်လို့ ကတိပေးသွားပါတယ်။
ပညာရေး
ဖွင့်လှစ်ပြီး တက္ကသိုလ်များ၊ ကျောင်းများရဲ့ အရည်အသွေး မြင့်မားရေး၊ သင်ထောက်ကူပစ္စည်း ပြည့်စုံရေး၊ ပညာရေး ၀န်ထမ်း များရဲ့ အရည်အချင်းနဲ့ လူမှုစီးပွားဘ၀ မြင့်မားရေး၊ ကျောင်းနေမှုနှုန်း မြင့်မားရေး တို့ကို လုပ်ဆောင်သွားမယ်၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အိုင်အင်န်ဂျီအိုများ၊ ပြည်တွင်း လူမှုရေး အသင်းအဖွဲ့များနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်၊ ပြည်တွင်းမှာ ပညာသင် ထောက်ပံ့ကြေးစနစ်၊ ပြည်ပမှာ ပညာတော်သင်ဆုများ ရရှိရေး ဆောင်ရွက် သွားမယ်လို့ ပြောကြားသွားပါ တယ်။
ကျန်းမာရေး
ဆေးရုံများနဲ့ ကျန်းမာရေး ၀န်ထမ်းများရဲ့ အရည်အသွေးကို မြှင့်တင်သွားမယ်၊ ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ဥပဒေများ ပြဋ္ဌာန်းမယ်၊ ပညာရေး ကဏ္ဍမှာ လိုပဲ နိုင်ငံတကာ၊ ပြည်တွင်း အဖွဲ့အစည်း များနဲ့ ပူးပေါင်း ဆောင်ရွက်မယ်၊ နိုင်ငံတော်၊ ပြည်သူနဲ့ ပရဟိတ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်တဲ့ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတစ်ခုကို တိုးချဲ့ ဆောင်ရွက်မယ်၊ ရောဂါသုံးမျိုးနဲ့ ပတ်သက်ပြီး နိုင်ငံတကာနဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်မယ်လို့ ကတိပေး သွားပါတယ်။
လူ့အခွင့်အရေး
နိုင်ငံသားများရဲ့ မူလ အခွင့်အရေး (လူ့အခွင့်အရေး) တွေကို အခြေခံ ဥပဒေနဲ့အညီ ကျင့်သုံး နိုင်ရေးဟာ အစိုးရသစ်ရဲ့ ဦးစားပေး လုပ်ငန်း ဖြစ်တယ်၊ လူ့အခွင့်အရေးများကို အခြေခံဥပဒေနဲ့ အညီ ဖော်ဆောင်နိုင်ဖို့ အတွက် တည်ဆဲ ဥပဒေများကို လိုအပ်ပါက ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ ဥပဒေသစ် ရေးဆွဲခြင်း များကို လုပ်ဆောင်နိုင်ဖို့ လေ့လာပြီး ပြည်ထောင်စု လွှတ်တော်က လိုအပ်တဲ့ ဥပဒေပြုရေးတွေ လုပ်ဖို့တင်ပြ သွားမယ်လို့ ပြောကြားသွားပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များကို ဟန်ုချက်ညီညီ ထိန်းနိုင်မယ့် မူဝါဒ တစ်ရပ် ချမှတ်သွားမယ်၊ သစ်တော ထိန်းသလို လေထု၊ ရေထု ညစ်ညမ်းမှု၊ စက်ရုံသုံး စွန့်ပစ်ပစ္စည်း၊ သားငှက် ထိန်းသိမ်းရေး စတာတွေကိုလည်း ဘက်စုံ ဆောင်ရွက်သွားမယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေများကို ပြန်လည် သုံးသပ်ပြီး ပြင်ဆင်၊ ဖြည့်စွက်၊ အသစ် ပြဋ္ဌာန်းနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ကတိ ပေးသွားပါတယ်။
ပြည်တွင်းရေး မူဝါဒ
သမ္မတသစ်က ပြည်တွင်း မူဝါဒများကို ပြန်ချုပ်လိုက်ရင် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းကို သဟဇာတ မျှတပြီး စည်းလုံး ညီညွတ်တဲ့ လူ့အဖွဲ့အစည်း အဖြစ် တည်ဆောက်ဖို့၊ နိုင်ငံသားများရဲ့ မူလ အခွင့်အရေး များကို အာမခံနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်၊ ဒီမူဝါဒတွေကို ဦးစားပေး ဆောင်ရွက်မယ်လို့ ကောက်ချက်ချ ပြောကြားသွားပါတယ်။
ဥပဒေပြုရေး
သမ္မတက သူ့ရဲ့ ပြည်တွင်းရေးရာမူဝါဒတွေကို ဆောင်ရွက်နိုင်ဖို့ အတွက် ဥပဒေပြုရေး အစီအစဉ် ဆယ်ခုကို ဆောင်ရွက်မယ်လို့ လွှတ်တော်ကို တင်ပြသွားပါတယ်-
၁။ တည်ဆဲဥပဒေ များထဲက အခြေခံ ဥပဒေနဲ့ မဆီလျော်တဲ့ အချက်များကို ပြင်ဆင်ခြင်း။
၂။ နိုင်ငံသားများရဲ့ မူလ အခွင့်အရေးများကို အခြေခံဥပဒေနဲ့အညီ ဖြစ်စေရန် ဥပဒေကြမ်းများ တင်သွင်းခြင်း။
၃။ ၀န်ထမ်း လစာနဲ့ အငြိမ်းစားလစာ များကို အခြေအနေ၊ အချိန်အခါအရ ပြင်ဆင် သတ်မှတ်ခြင်း။
၎။ တောင်သူလယ်သမားများရဲ့ လယ်လုပ်ပိုင်ခွင့်နှင့် ပတ်သက်သော ဥပဒေများ ပြုစုနိုင်ရေး လေ့လာခြင်း၊ လက်ရှိ ဥပဒေ များကို ပြန်လည်သုံးသပ်ခြင်း။
၅။ အလုပ်သမားများ၏ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ကာကွယ် စောင့်ရှောက်ရေး ဥပဒေများကို ပြန်လည်သုံးသပ် ခြင်း။
၆။ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လူမှုဖူလုံရေး ဥပဒေများကို ခေတ်နှင့်အညီ ပြန်လည်ရေးဆွဲခြင်း။
၇။ ပညာရေးနှင့် ကျန်းမာရေး အဆင့်အတန်း မြှင့်တင်ရေး အတွက် ဥပဒေကြမ်းများ ပြဋ္ဌာန်းခြင်း။
၈။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ အညီ ခေတ်နဲ့ မလျော်ညီတော့တဲ့ စာနယ်ဇင်း ဥပဒေ အချို့ကို ပြင်ဆင် ပြဋ္ဌာန်းခြင်း။
၉။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေများ ပြဋ္ဌာန်းခြင်း၊ စက်မှုလက်မှု လုပ်ငန်း၊ သတ္တုတူးဖော်ရေး လုပ်ငန်းများနဲ့ ပတ်သက်သည့် ဥပဒေများကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များနဲ့ကိုက်ညီအောင် ပြင်ဆင်ခြင်း။
၁၀။ သဘာဝဘေးမှ ကူညီကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေး၊ ကာကွယ်ရေး အတွက် အစီအမံများကို ပြန်လည် သုံးသပ် ပြင်ဆင်ရေးဆွဲ ပြဋ္ဌာန်းခြင်း။
နိုင်ငံခြားရေး
နိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အစိုးရ အဆက်ဆက်ဟာ နိုင်ငံရေး၊ စီးပွားရေး မူဝါဒ တွေမှာသာ သဘောထား ကွဲလွဲပေမယ့် ဘက်မလိုက်တဲ့၊ လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေး မူဝါဒ ကျင့်သုံး ရာမှာတော့ တူညီခဲ့တယ်။ ဒါ့ကြောင့် အဲဒီ နိုင်ငံခြားရေး မူဝါဒကိုပဲ ဆက်လက် ကျင့်သုံးမယ်လို့ အတည်ပြု ပြောကြားသွားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အနေနဲ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အာဆီယံလို ဒေသတွင်း အဖွဲ့အစည်း များမှာ တက်ကြွစွာ ပါဝင်ပြီး ကမ္ဘာ့ မိသားစုဝင် နိုင်ငံတစ်နိုင်ငံ အဖြစ် တာဝန်ကျေကျေ ဆောင်ရွက် သွားမယ်လို့ ကတိပေး သွားပါတယ်။ နောက်တစ်ခါ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားတာကို မြင်ချင်တယ်၊ မြန်မာပြည်သူတွေရဲ့ လူမှု စီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်တာကို မြင်ချင်တယ်ဆိုတဲ့ နိုင်ငံများ အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အပြုသဘော ဖြစ်ပေါ် တိုးတက်မှု များကို အသိအမှတ် ပြုပြီး အစိုးရသစ်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ဖိတ်ခေါ်သွားပါတယ်။
အသွင်ကူးပြောင်းရေး
အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲ ပြီးပေမယ့် ဆက်လုပ်ရမယ့် လုပ်ငန်းတွေ ကျန်နေသေးတယ်၊ ပြည်ထောင်စုနဲ့ ပြည်နယ်၊ တိုင်းဒေသကြီးတွေ ကြားမှာ ပူးပေါင်း ဆောင်ရွက်မှု တည်ဆောက်ရေး၊ လွှတ်တော်တွင်းက ကိုယ်စားလှယ်များ ကြားမှာ ယုံကြည်မှုနဲ့ အပြန်အလှန် နားလည်မှု တည်ဆောက်ရေး တွေကို ဆက်လုပ်ရ ဦးမယ်လို့ ထောက်ပြ သွားပါတယ်။ ဒါ့အပြင် အခြေခံဥပဒေကို လက်မခံနိုင်သေးတဲ့ သူတွေကို လက်ခံ လာအောင် မိမိတို့ စေတနာတွေကို ပြသရဦးမယ်၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အပေါ် သံသယ ရှိနေသူများ ကိုလည်း မြန်မာနိုင်ငံဟာ ဒီမိုကရေစီ စနစ်ကို မှန်မှန်ကန်ကန်၊ အနှစ်သာရ ရှိရှိ ဖော်ဆောင်ဖို့ စိတ်ပိုင်းဖြတ် ထားပြီး ဖြစ်တယ် ဆိုတာကို ပြသဖို့ လိုတယ်လို့ ပြောသွားပါတယ်။
ဒါ့အပြင် နိုင်ငံနဲ့ လူမျိုးအကျိုးကို လိုလားသူများဟာ အခြေခံဥပဒေ ဘောင်ထဲကနေ ဆောင်ရွက်ဖို့ လိုကြောင်းနဲ့ အခြေခံ ဥပဒေ အပြင်ဘက်ကနေ ဒီမိုကရေစီ ဖော်ဆောင်မှု ပျက်ပြားအောင် လုပ်မယ် ဆိုရင်တော့ ထိုက်သင့်တဲ့ တားဆီး ကာကွယ်မှုတွေ လုပ်ရလိမ့်မယ်လို့ သတိပေး သွားပါတယ်။
အုပ်ချုပ်မှုစနစ်
သမ္မတသစ်က ဒီမိုကရေစီဟာ ကောင်းမွန်သော အုပ်ချုပ်မှု စနစ်နဲ့ တွဲဖက်မှာ အောင်မြင်နိုင်တာ ဖြစ်တဲ့အတွက် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလမှ တာဝန်ယူရတဲ့ အစိုးရအဖွဲ့ အနေနဲ့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ပေါ်ပေါက်ရေးကို အလေးထား လုပ်ဆောင်သွားမယ်လို့ ကတိပြုသွားပါတယ်။
နိုင်ငံရေးပါတီများ
နိုင်ငံရေးပါတီတွေ အနေနဲ့ လွှတ်တော်တွင်း လုပ်ငန်းများ ဆောင်ရွက်ရာမှာ သဘောထား အမြင်များ ကွဲပြားကောင်း ကွဲပြားမှာ ဖြစ်ပေမယ့် အမျိုးသား အကျိုးစီးပွားကို တူညီတဲ့ လုပ်ငန်းစဉ်အဖြစ် ခံယူပြီး ပူးပေါင်း ဆောင်ရွက်ကြဖို့၊ ဥပဒေ ပြုရေး လုပ်ငန်းများ လုပ်ဆောင်ရာမှာလည်း အများစု ဆန္ဒကို လိုက်နာခြင်း၊ အနည်းစု ဆန္ဒကို အလေးထားခြင်း ဆိုတဲ့ ဒီမိုကရေစီ ကျင့်စဉ်များနဲ့ အညီ အပြန်အလှန် အလေးထား ဆက်ဆံကြဖို့နဲ့ မြန်မာ့နိုင်ငံရေးမှာ အစဉ်အလာလို ဖြစ်နေတဲ့ အစိုးရနဲ့ အတိုက်အခံ ဆိုတဲ့ ပဋိပက္ခ အသွင် ဆောင်တဲ့ အမြင်သဘောထားများ မထားကြဖို့ တိုက်တွန်း သွားပါတယ်။
သမ္မတသစ်ရဲ့ မိန့်ခွန်း တစ်ခုလုံးကို ချုံကြည့်မယ်ဆိုရင် ပျော့ပြောင်းပြီး လွှတ်တော်အတွင်းမှာ ကိုယ်စားလှယ်များက တင်သွင်းခဲ့ကြတဲ့ အဆိုများ၊ မေးခဲ့ကြတဲ့ မေးခွန်းများမှာ ထင်ဟပ်နေတဲ့ ပြည်သူများရဲ့ ဆန္ဒများကို ထင်ဟပ် နေတယ် ဆိုတာ တွေ့နိုင်ပါတယ်။ ဒီမိန့်ခွန်းကပဲ အခုပေါ်လာတဲ့ အစိုးရသစ်ဟာ အရင် အစိုးရနဲ့ လုပ်နည်းလုပ်ဟန် များမှာ ကွဲပြား ခြားနားစွာ ပေါ်ထွက်လာပြီ ဆိုတာ ဖော်ပြနေတယ်လို့ ဆိုချင်ပါတယ်။