xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လစ်ဗျားကို လေကြောင်းမှတိုက်ခိုက်မှုတွင် အရပ်သားပစ်မှတ်များပါဝင် ၊ အာရပ်အဖွဲ့ချုပ်နှင့် ရုရှားကန့်ကွက်

Sunday, March 20, 2011

လစ်ဗျားကို လေကြောင်းမှတိုက်ခိုက်မှုတွင် အရပ်သားပစ်မှတ်များပါဝင် ၊ အာရပ်အဖွဲ့ချုပ်နှင့် ရုရှားကန့်ကွက်

အာရပ်အဖွဲ့အတွင်းရေးမှူးချုပ် အမ် မူဆာ


လစ်ဗျားနိုင်ငံအပေါ် နိုင်ငံတကာ တပ်တွေက လေကြောင်းကနေ တိုက်ခိုက်နေတဲ့အပေါ် အာရပ်အဖွဲ့ချုပ် ခေါင်းဆောင်က ဝေဖန်လိုက်ပါတယ်။ အာရပ်အဖွဲ့ချုပ်က ပြီးခဲ့တဲ့ အပတ်ကပဲ လစ်ဗျားနိုင်ငံအပေါ် မပျံသန်းရဇုန် သတ်မှတ်ဖို့ ကုလသမဂ္ဂကို တောင်းဆိုခဲ့တာမှန်ပေမယ့် အဲဒီလေယာဉ် မပျံသန်းရဇုန် သတ်မှတ်ဖို့ တောင်းဆိုတဲ့အခါတုန်းက အာရပ်အဖွဲ့ချုပ်က လိုလားခဲ့တာထက် ပိုပြီး စစ်ရေးအရ တိုက်ခိုက်ခဲ့တယ်လို့ အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် အမ် မူဆာ (Amr Moussa) က ပြောပါတယ်။ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးဖို့ အာရပ်အဖွဲ့ချုပ်က လိုလားတာပါ၊ သူတို့အပေါ် ဗုံးကြဲဖို့ မဟုတ်ပါဘူးလို့ သူက ကိုင်ရိုမှာ သတင်းစာဆရာတွေကို ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ကာတာနိုင်ငံက လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ကို ဆန့်ကျင်တဲ့ နိုင်ငံတကာ စစ်ဆင်ရေးကို ကူညီဖို့ လေယာဉ်တွေကို ပို့ပေးနေတယ်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက  ကြေညာလိုက် ကြောင်းလဲသိရပါတယ်။
လစ်ဗျားမှာ မဆင်မခြင် အင်အား အသုံးပြုနေတယ်လို့ ရုရှားက ပြောဆိုပြီး အရပ်သား ပြည်သူတွေ သေကျေနေတဲ့အတွက် ဒါကို ရပ်လိုက်ဖို့ ရုရှားက နိုင်ငံတကာအသိုင်းအ၀ိုင်းကို  တနင်္ဂနွေနေ့က တောင်းဆိုလိုက်ပါတယ်။လစ်ဗျားနိုင်ငံအပေါ် လေကြောင်းကနေ စီးနင်းတိုက်ခိုက်ရာမှာ စစ်ရေးပစ်မှတ် မဟုတ်တဲ့ ပစ်မှတ်တွေ ပါဝင်နေတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။


စီးနင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၈ ယောက် သေဆုံးပြီး ၁၅၀ ကျော် ဒဏ်ရာ ရသွားခဲ့ကြပါတယ်။ မြို့တော် ထရီပိုလီကနေ သူ့ရဲ့ သံတမန်တွေနဲ့ တခြား ရုရှား နိုင်ငံသားတွေကို ပြောင်းရွှေ့နေပြီလို့ ရုရှားက ကြေညာပါတယ်။
လေယာဉ်မပျံသန်းရဇုန်အဖြစ် အရင် ပြဋ္ဌာန်းခဲ့တာကတော့ ၁၉၉၁ ပင်လယ်ကွေစစ်ပွဲအတွင်းက ဖြစ်ပါတယ်။ အီရတ်နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်းကို အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က လေယာဉ်မပျံသန်းရ ဇုံ အဖြစ် သတ်မှတ်ခဲ့ပြီး နောက်ပိုင်းမှာတော့ အီရတ်ခေါင်းဆောင် ဆက်ဒမ် ကိုဖယ်ရှားဘို့အကြောင်းပြချက်နဲ့ ခုလိုပဲ နိုင်ငံတကာတပ်တွေ ၀င်ရောက်ထိန်းသိမ်းခဲ့တာ ခုချိန်ထိ အီရတ်နိုင် ငံဟာ ထူထူထောင်ထောင်ဖြစ်မလာပဲ ပြည်တွင်းသောင်းကျန်းမှု အမျိုးမျိုး နဲ့ ရင်ဆိုင်နေရတာကို ထောက်ပြပြီး ခုလို နိုင်ငံတကာတပ်တွေ ၀င်ရောက်ထိန်းသိမ်းမှု အပေါ် ဝေဖန်ပြောဆိုမှုများလဲရှိကြောင်း သတင်းရရှိပါတယ် ။