xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အစိုးရသစ် ပေါ်ပေါက်ပြီးပါက ဂျာနယ်၊ မဂ္ဂဇင်း အမျိုးအစားအချို့ စိစစ်ရေးတင်ရခြင်းမှ ကင်းလွတ်ခွင့် ရလာတော့မည်

Monday, March 28, 2011

အစိုးရသစ် ပေါ်ပေါက်ပြီးပါက ဂျာနယ်၊ မဂ္ဂဇင်း အမျိုးအစားအချို့ စိစစ်ရေးတင်ရခြင်းမှ ကင်းလွတ်ခွင့် ရလာတော့မည်

 
လက်ရှိ တင်းကျပ်ထားသည့် ပုံနှိပ်ထုတ်ဝေရေးဆိုင်ရာ မူဝါဒကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အဆင့်လိုက် ဖြေလျော့ပေးသွားရန် ရှိကြောင်းနှင့် အစိုးရသစ် ပေါ်ပေါက်ပြီးပါက ဂျာနယ်၊ မဂ္ဂဇင်း၊ ၀တ္ထု၊ ရုပ်ပြ၊ ပုံပြင် စသည်တို့ထဲမှ အမျိုးအစားအချို့ စိစစ်ရေး တင်ရခြင်းမှ ကင်းလွတ်ခွင့် ရလာတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
စိစစ်ရေးတင်ရခြင်းမှ ကင်းလွတ်ခွင့် ရလာတော့မည့် အမျိုးအစားအချို့ဟု ဆိုရာတွင် အနုပညာ သုတရသ၊  အားကစား၊ ကျန်းမာရေး၊ ကလေး၊ ဂမ္ဘီရ၊ နည်းပညာ အမျိုးအစားများကို ဆိုလိုခြင်း ဖြစ်ကြောင်း လက်ရှိ ထုတ်ဝေနေသော ဂျာနယ် ၁၇၂ စောင် အနက် ၈၄ စောင်၊ မဂ္ဂဇင်း ၁၈၄ စောင်အနက် ၁၁၃ စောင်တို့ စိစစ်ရေးတင်ရခြင်းမှ ကင်းလွတ်ခွင့် ရလာမည် ဖြစ်ကြောင်း သိရသည်။

အနုပညာသုတရသ၊ အားကစား၊ ကျန်းမာရေး၊ ကလေး၊ ဂမ္ဘီရ၊ နည်းပညာ အမျိုးအစားများသည် ကြိုတင်စိစစ်ခံရန် မလိုတော့ဘဲ ပုံနှိပ်ပြီး အချောစာစောင်၊ စာအုပ်များကိုသာ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနသို့ တင်ပြရမည် ဖြစ်ကြောင်း စာပေ စိစစ်နှင့်မှတ်ပုံတင်ဌာနမှ သိရသည်။

''အစိုးရသစ် ပေါ်ပေါက်လာပြီး ဒီစနစ်ကို စကျင့်သုံးပါဆိုပြီး ခွင့်ပြုပေးလိုက်တာနဲ့ လက်ရှိ တင်းကျပ်ထားတဲ့ ပုံနှိပ်ထုတ်ဝေရေးဆိုင်ရာ မူဝါဒကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အဆင့်လိုက် ဖြေလျော့ပေးသွားမှာပါ။ အဆင့်လိုက်လို့ ဆိုတဲ့နေရာမှာ အနု ပညာသုတရသ၊ အားကစား၊ ကျန်းမာရေး၊ ကလေး၊ ဂမ္ဘီရ၊ နည်းပညာ အမျိုးအစားတွေက ကြိုတင်စိစစ်ခံဖို့ မလိုတော့တာကို ပထမအဆင့်လို့ ပြောရမှာပါ။ ဒီစနစ်အပေါ်မှာ လိုက်လျောညီထွေရှိပြီး စည်းကမ်းတကျ တည်တည်ငြိမ်ငြိမ် ဖြစ်လာမယ်ဆိုတဲ့ အချိန် နောက်ပိုင်းမှာ ကျန်တဲ့သတင်းဂျာနယ်၊ စီးပွားရေးဂျာနယ်၊ ဘာသာရေးဂျာနယ်လို စာအုပ်စာပေတွေကိုလည်း ဒုတိယအဆင့် အနေနဲ့ အမျိုးအစားခြောက်မျိုးလိုပဲ စိစစ်ရေး တင်စရာမလိုဘဲ ခွင့်ပြုပေးသွားနိုင်ဖို့ ရည်မှန်းထားပါတယ်''ဟု ပြန်ကြားရေး ၀န်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားခဲ့ပါသည်။
အစိုးရသစ် ပေါ်ပေါက်လာပြီး ယခုစနစ်အား အကောင်အထည်ဖော်မည့် အချိန်တွင် သက်ဆိုင်ရာ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ၊ စာတည်းအဖွဲ့များကို ခေါ်ယူတွေ့ဆုံ ရှင်းပြညှိနှိုင်း၍ လိုအပ်သည်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် ရှိကြောင်း တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကို လည်းကောင်း၊ အခြား ဘာသာသာသနာကို လည်းကောင်း ထိခိုက်နစ်နာမှု မရှိစေဘဲ မိမိချစ်ခင် မြတ်နိုးသည့် စာပေကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့် ရှိကြောင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ တွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။
ELEVEN MEDIA