xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဒီအစိုးရကိုလက်မခံလို့ ဘယ်အစိုးရကိုလက်ခံမလဲ ?

Sunday, March 27, 2011

ဒီအစိုးရကိုလက်မခံလို့ ဘယ်အစိုးရကိုလက်ခံမလဲ ?

မကြာမီရက်ပိုင်းအတွင်းတွင် လွှတ်တော်အသီးသီး၏ အစည်းဝေးများကျင်းပပြီးစီးကာ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပြီး  အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာပေတော့မည် ။ မြန်မာ့ အတိုက်အခံတို့သည် အစိုးရသစ်ကို လက်မခံ ဟုဆိုလာကြပြန်လေသည်။ အဘယ်ကြောင့်လက်မခံ ကြပါသနည်းဟု မေးသော် ၂၀၀၈ ဖွဲ့စည်း ပုံကြောင့် ဟု ဆိုကြပြန်လေ၏ ။  ပြည်သူ ၉၀% ကျော်က ထောက်ခံမဲပေးကာ အတည်ပြုထားသော ဖွဲ့စည်း ပုံ အခြေခံ ဥပဒေကို ဘာကြောင့် မကြိုက်ရတာလဲ ဟုဆက်မေးသော် တိကျသော အဖြေမျိုးကို မရတော့ စစ်အာဏာရှင် စံနစ်ကို သက်ဆိုးရှည်အောင်လုပ်ထားလို့ ဟူသော ယေဘူယျ အဖြေကလွဲ၍အခြားသော အချက်အလက်ပါသည့်  အဖြေမထွက် အချို့ကမူ သမ္မတ ကစစ်ရေးအမြင်ရှိရမယ်လို့ပါတယ်လေ..ဒါစစ်တပ် ကပဲ သမ္မတ လုပ်မလို့နေမှာပေါ့ဟု စောဒက တက်ကြလေသည် ။ ယခု လွတ်တော်တွင် သမ္မတ အမည်စာရင်းတင် သွင်းလာသော အရပ်သားပုဂ္ဂိုလ် များကို စစ်ရေးအမြင်ရှိသည်ဟု လွတ်တော်က သတ်မှတ် ခဲ့သည်ကို ကြည့်ခြင်းဖြင့် အရပ်သားများလည်းသမ္မတ ဖြစ်ခွင့်ရှိသည်မှာပေါ်လွင်လာလေသည် ။အတိုက်အခံ တို့ စွတ်စွဲစရာတစ်ခုလျော့သွားသည်။

နောက်တစ်ခုအပြောများတာက စစ်တပ်က အမတ်နေရာ ၂၅%  ပါလို့ဆိုသော အချက်တစ်ခုဖြစ်လေသည်၊တပ်မတော်သားကိုယ်စားလှယ်တို့သည် သက်ဆိုင်ရာမဲဆန္ဒနယ်များတွင် အချက်အချာကျသော နေရာများ၌အနိုင်ကျင့်ပြီး ၀င်ပါသည်မဟုတ်  ပြည်နယ်တိုင်း အသီးသီး တွင်  ပြည်သူ တွေ ရွေးကောက်တင်မြှောက်သော နေရာများတွင် ၀င်မပါ ၊  ပြည်သူတွေ မိမိတို့ စိတ်ကြိုက်ရွေး ၊ ထိုရွေးပြီးသော ပြည်သူ့ကိုယ်စားလှယ်များနှင့် ပူးပေါင်း၍ တာဝန်ထမ်းဆောင်ရန် ထပ်ဆောင်းထားခြင်းမျှသာ ဖြစ်လေသည် ။ ယခုအခါ ထိုတပ်မတော်သား ကိုယ်စားလှယ်များသည် သက်ဆိုင် ရာပြည်နယ် တိုင်းဒေသကြီးများ၏ လုံခြုံရေးနှင့် ဆိုင်သော ၀န်ကြီးဌာန များတွင် တာဝန်ထမ်းဆောင်နေကြ ပါလေပြီ ။ထိုအရာကို ဘာကြောင့်များကန့်ကွက်ကြပါလေသနည်း ။ ပြည်သူလူထု က ရွေးချယ်တင်မြောက် ထားသော ပြည်သူ့ကိုယ်စားလှယ်များကို ထပ်ဆောင်းအားပြုထားသော အင်အားစု ကို ကန့်ကွက်သည်ဆိုသည်မှာမှန်ကန်ပါ၏လော...

အကယ်၍သာ သက်ဆိုင်ရာ ပြည်နယ် တိုင်းဒေသကြီးများတွင် လုံခြုံရေးနဲ့ သက်ဆိုင်သော ထိန်းသိမ်းဆောင် ရွက်ရန်ကိစ္စတစ်ခုပေါ် လာပြီဟုဆိုပါစို့ ထို ကိစ္စကို ကိုင်တွယ်ရသော ပုဂ္ဂိုလ်သည် ဒေသတွင်းရှိ  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကဲ့သို့သော လက်နက်ကိုင် တပ်ဖွဲ့များ သက်ဆိုင်ရာစစ်တိုင်း တပ်မ များရှိ တပ်မတော် အကြီးအကဲများနှင့် ပူးပေါင်း ဆက်စပ်ကာ ဖြစ်ပေါ်လာသော လုံခြုံရေးအခြေအနေကို ထိန်းသိမ်း ဆောင်ရွက်ပေးရပေတော့မည် သက်ဆိုင်ရာလက်နက်ကိုင် အဖွဲ့ များ၏ ခေါင်းဆောင်များကို ခေါ်ယူလမ်းညွှန်မှု ပြုရပေမည် ထိုသို့သောအခြေအနေမျိုးတွင် သာမန် အရပ်သားစစ်စစ် တစ်ဦးထက် တပ်မတော်သားကိုယ် စားလှယ် တစ်ဦးကပို၍ သင့်တော်မည်ဟုဆိုလျင် မှား သည်ဟု သင်ဆို ပါမည်လား..ထိုအရပ်သား ကိုယ်စားလှယ်ပုဂ္ဂိုလ် ကိုမဆောင်ရွက်နိုင်ဟု မဆိုလိုပါ  လုံခြုံရေးကွန်ယက်အတွင်းတွင်ရှိနေနှင့်ပြီးသား တပ်မတော် သားကိုယ်စားလှယ်က ပို၍ သင့်တော်မည်ဟု ဆိုလိုရင်း မျှသာ ဖြစ်ပါသည် ။ထို ကိုယ်စားလှယ်များမပါဝင်သော်..ထိုနေရာတွင် အားနည်းနေမည်ဟု စဉ်းစား ကြည့်သော် အမှန်နဲ့ ပို၍ နီးစပ်ပါ မည်မဟုတ်ပါလား ။ဒီနေရာမှာကောက်ချက်ချရမှာက အထက်တွင် တင်ပြခဲ့သောကိစ္စများဆောင်ရွက် ရန် တပ်မတော်သား ကိုယ်စားလှယ်များ လိုသည်ဆိုတဲ့ အချက်ဖြစ်ပါသည် ။ လိုတော့ ထည့်ထားတယ် လို့ ပဲ ပြောရမှာပါဘဲ ။တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထည့်လိုက်တော့ အခုအရေအတွက်ဖြစ်သွားတယ် ..ဒါကိုဘာတွေများမကျေမနပ်ဖြစ်နေကြတာပါလည်း ။ဒီနေရာမှာ အတိုက်အခံတို့ ပြောတာတစ်ခုရှိပါသေးတယ် ၊ လွှတ်တော်မှာ ဥပဒေကြမ်းတစ်ခုပဲ ဖြစ်ဖြစ် အဆိုတစ်ခုပဲဖြစ်ဖြစ် အတည်ဖြစ်ဘို့ သက်ဆိုင်ရာလွှတ်တော်အမတ်တွေရဲ့ ၇၅% ကျော် ကသဘောတူမှ အတည်ဖြစ်တယ်လို့ဥပဒေမှာ ပြဌာန်းထားတယ် တပ်က ပါတဲ့ ၂၅% ကကန့်ကွက်လိုက်ရင် ဘာမှလုပ်လို့မရတော့ဘူး ဒါမတရားတာပဲ ဘယ်အရာမဆိုစစ်တပ်က သဘောတူမှ လုပ်ရမလိုဖြစ်နေတယ်ဟု ပြောကြပါလေသေးသည် ။ ထိုသူတို့ကို တစ်ခုပဲ ပြန်မေးချင်ပါတယ် တပ်မတော်သား ကိုယ်စားလှယ် အကုန်လုံး သဘောမတူတဲ့ ဘယ်ကိစ္စကိုများ လုပ်ချင်နေကြတာပါလည်း ၊ တပ်ကသဘောတူတူ မတူတူ လုပ်ခွင့်ရှိမှ ဥပဒေက တရားမှာပါလား...ဘယ်လိုနားလည်ပေးရမှာပါလည်း ။

ဒီတော့နောက်တစ်ဆင့်တက်လာသည် ရွေးကောက်ပွဲက အတု အယောင်ရွေးကောက်ပွဲမို့လို့ ဟုဆိုလာပြန် လေသည် ။ ဘာလို့ အတုအယောင်လဲလို့ဆက်မေးရင် မတရားလို့ ဟု ဖြေကြပါသည် ၊ဘာလို့မတရားလဲလို့ဆက်မေးရင်တော့ အောက်ပါ အချက် ကြီး ၅ ခုကို တညီတညွတ် တည်း ပြောကြပါ လေသည် ။

(၁) အများပါဝင်ခွင့်မရ ဘူး
(၂) နိုင်ငံတကာ အသိအမှတ်ပြုလက်ခံတဲ့ ရွေးကောက်ပွဲမဟုတ်ဘူး
(၃) ပွင့်လင်းမြင်သာမှု မရှိဘူး
(၄) မဲခိုး မဲလိမ်တယ်
(၅) ကြိုတင်မဲ နဲ့ အနိုင်ယူတယ်

အများပါဝင်ခွင့်မရဘူး
၂၀၁၀ ခုနိုင်ဝင်ဘာလ (၇) ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်း တွင် အထွေထွေ ရွေးကောက်ပွဲ ကြီး ကျင်းပခဲ့ သည် ထိုရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး ၊ တစည ကဲ့သို့ အင်အားကြီးပါတီများအပြင် တိုင်းရင်းသားပါတီများ ၊ ဒီမိုကရေစီ အင်အားစုများ ဟုခေါ်သည့် ပါတီများ အပါဝင် ပါတီ ၃၇ ပါတီ နှင့် တသီးပုဂ္ဂလများ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်  ။ ထိုအထဲတွင် NLD မှ ခွဲထွက်လာသော NDF ပါတီလည်းပါသည် ။ ဆိုလိုသည်မှာ NLD ပါတီလဲ ရွေးကောက်ပွဲမ၀င်လို့သာမပါတာ ၀င်ရင် ၊ ပါဝင်ခွင့်ရမယ် ဆိုတာရှင်းနေပါသည် ။ ထိုအချိန်က မြန်မာနိုင်ငံ တစ်ဝှမ်းရှိ NLD ရုံးများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုကာ လှုပ်ရှားဆောင်ရွက်မှုကို ခွင့် ပြုခဲ့သည် ကို ပြန်လည်အမှတ်ရစေလိုပါသည် ။ ပါတီဟောင်းများရော ပါတီသစ်များရော ရွေးကောက်ပွဲ ၀င်မည်ဆိုက ပြန်လည်မှတ်ပုံတင်ကြရန် သတ်မှတ်ရက်ကျော်သည်အထိ ပြန်လည် မှတ်ပုံတင်ခြင်းမပြုက တရားဝင်ပါတီ အဖြစ်မှ ပျက်ပျယ်မည် ဖြစ်ကြောင်း ကော်မရှင်မှ အကြိမ်ကြိမ် ကြေငြာသော်လည်း NLD ပါတီက ရွေးကောက်ပွဲလည်းမ၀င် မှတ်ပုံလဲမတင်ခဲ့ကြပေ။မိမိ ပါတီ၏ဆုံးဖြတ်ချက်ဖြင့် မ၀င်ခဲ့ ကြ ၊ ထိုသို့ရွေးကောက်ပွဲမ၀င်မည့် အကြောင်းကိုလည်း ကမ္ဘာသိကြေငြာခဲ့ကြသည်။ ကိုယ်တိုင် မ၀င်ရုံမက ပြည်သူလူထုအား မဲမပေးပဲနေကြရန်ပင် လှုပ်ရှားဆောင်ရွက်လိုက်ကြသေးသည် ။ဒါဆိုရင် အများပါခွင့်ရနေတယ်မဟုတ်ဘူးလား ။ အများပါဝင်ခွင့် မရဘူးဆိုတာ ဘာကိုဆိုလိုတာပါလည်း ။ဒေါ်စုကြည် မပါတာကို ပြောချင်တာလား ဒေါ်စုကြည်ပါရရင် အများပါခွင့်ရတယ် ဒေါ်စုကြည် မပါရရင် အများပါဝင်ခွင့်မရဘူး ဒီလိုလား...။ ဒေါ်စုကြည်က ရွေးကောက်ပွဲ ပြီး ၁ ပတ်မှာလွတ်မယ်ဆိုတာ သိနေတာပဲ ပါတီက ရွေးကောက်ပွဲ ၀င်လိုက် နိုင်ရင် အဲဒီကိုယ်စားလှယ်တွေက လွှတ်တော်တွင်းကနေ နိုင်ငံတာဝန်ထမ်းဆောင် ဒေါ်စုကြည်က ပါတီခေါင်းဆောင်အနေနဲ့ လွှတ်တော် ပြင်ပကလုပ် လွှတ်တော်တွင်းမှာ ကိုယ့်ပါတီကိုယ်စားလှယ်တွေ အများကြီး ဆိုတော့ လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ ဟန်ချက်ညီညီနဲ့လုပ် နိုင်ငံတိုးတက်အောင်လုပ် ၊ ပြည်သူကောင်းစားအောင်လုပ်.....မရဘူးလား...အဏာရကိုရမှလား...ဘယ်လိုလဲ ..နားကိုမလည်တော့ဘူး ဗျာ...။လွယ်တာကို တမင်ခက်အောင်များ..လုပ်နေကြတာလားလို့ ပြန်မေးရမလို ဖြစ်နေပါပြီ ။