xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အထူးစီးပွားရေးဇုန်ဥပဒေ အလုပ်အကိုင်များသာမက အဆင့်မြင့်နည်းပညာများ ပေါ်ပေါက် လာစေမည်

Saturday, March 12, 2011

အထူးစီးပွားရေးဇုန်ဥပဒေ အလုပ်အကိုင်များသာမက အဆင့်မြင့်နည်းပညာများ ပေါ်ပေါက် လာစေမည်

ထားဝယ်ဆိပ်ကမ်း လုပ်ငန်းခွင်တစ်ခု

အထူးစီးပွားရေးဇုန် (အက်စ်အီးဇက်) ဥပဒေသည် အလုပ်အကိုင်အခွင့် အလမ်းသာမက အဆင့်မြင့်နည်းပညာများ ပေါ်ပေါက်လာရန် အား ပေးခြင်းကြောင့် နိုင်ငံသားများအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ပြည်တွင်းစီးပွားရေး ပညာရှင်များနှင့် လုပ်ငန်းရှင်များက သုံးသပ် ပြောကြားသည်။
"အက်စ်အီးဇက် အကောင်အထည် ပေါ်လာမယ်ဆိုရင် ဖွံ့ဖြိုးပြီး နိုင်ငံတွေကနေ အဆင့်မြင့်နည်းပညာလုပ်ငန်းတွေ ပေါ်ထွက်လာမယ်။ အလုပ်သမားအခွင့် အရေးနဲ့ပတ်သက်တာကို မြန်မာနိုင်ငံမှာ ပြဋ္ဌာန်း ထားတဲ့ ဥပဒေများနဲ့အညီ ခံစားခွင့်ရှိလာမယ်" ဟု ငွေကြေးပညာရှင် ဦးဟန်ထွန်း(အခွန်)က ပြောသည်။
အဆိုပါဥပဒေတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ အထူးသဖြင့် ကျွမ်းကျင်မှု မလိုအပ်သော လုပ်ငန်းများတွင် နိုင်ငံသားများကို ခေါ်ယူခန့်ထားရမည်ဟု ပါရှိသည်။
ထိုသို့ခန့်ထားရာတွင် ပထမငါးနှစ်တွင် နိုင်ငံသားခန့်ထားမှု ၂၅ ရာခိုင်နှုန်း၊ ဒုတိယငါးနှစ်တွင် ၅၀ ရာခိုင်နှုန်းနှင့် တတိယငါးနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ခန့်ထားရမည် ဖြစ်သည်။
ထို့အတွက် မြန်မာနိုင်ငံတွင် နိုင်ငံတကာနှင့်ချိတ်ဆက်ထားသည့် ဘဏ်လုပ်ငန်းစနစ်များ၊ အပြည့်အ၀ပြိုင်ဆိုင်မှုရှိသည့် ရင်းနှီးမြှုပ်နှံ မှုဈေးကွက်နှင့် စတော့ဈေးကွက်များ လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတွင်လည်း မြန်မာနိုင်ငံသည် မလေးရှားနှင့် စင်ကာပူ၏ ၀န်ဆောင်မှု လုပ်ငန်းများကိုပင် ယှဉ်ပြိုင်လာနိုင်လောက်သည့် အနေအထားတွင် ရှိလာမည်ဟု ၎င်းက ပြောသည်။
"သို့သော် လာနေကျအတိုင်း တရုတ်နဲ့ ထိုင်းလောက်ကတော့ ဒေသတွင်း ရင်းနှီး မြှုပ်နှံသူတွေအနေနဲ့ ရဖို့ သိပ်မရှိဘူး။ ဥရောပနဲ့ အမေရိကန်ကို လာစေချင်တယ်။ နိုင်ငံတကာဈေးကွက်ကို မျှော်မှန်းတဲ့အတွက် ပြည်ပဈေးကွက်ဝင်တဲ့သူတွေ လာမှရမယ်"ဟု ၎င်းက ဆိုသည်။
အက်စ်အီးဇက်တွင် လက်ရှိ ရင်းနှီးမြှုပ်နှံရန် ထိုင်းအစိုးရက ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသော ရေနံဓာတု စွမ်းအင်ကုမ္ပဏီဖြစ် သည့် ပီတီတီ၊ ဂျပန် နီပွန်စတီးကုမ္ပဏီနှင့် ထိုင်းဆိုင်ယမ် ဘိလပ်မြေကုမ္ပဏီတို့ ဖြစ်သည်။
အက်စ်အီးဇက် အကောင်အထည် ပေါ်လာလျှင် အသေးစား၊ အလတ်စား လုပ်ငန်းများအပြင် အကြီးစားစက်မှု လုပ်ငန်းများအတွက်ပါ အပြောင်းအလဲ ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးပေါဟိန်းက ပြောသည်။
"စက်မှုလုပ်ငန်း အစုအဖွဲ့တွေ၊ ကျွမ်းကျင်လုပ်သားတွေ အများကြီး ပေါ်ပေါက်လာမှာပါ။ တိုင်းရင်းသား စက်မှုလုပ်ငန်းတွေအတွက် တော့ စိုးရိမ်ရတာပေါ့။ ကောင်းတဲ့ အပြောင်းအလဲပါပဲ"ဟု ၎င်းက ဆိုသည်။
အဆိုပါဥပဒေကို လွန်ခဲ့သော လေး၊ ငါးနှစ်ကပင် ပြည်တွင်းလုပ်ငန်းရှင် အစုအဖွဲ့အသီးသီးက နိုင်ငံတကာ အက်စ်အီးဇက်ဥပဒေများ အတိုင်း ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဒီဥပဒေပေါ် မူတည်ပြီး သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ရွေးချယ်ဖို့ အခွင့်အရေးရှိတာပေါ့"ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါဥပဒေတွင် နိုင်ငံသားများအတွက် အကာအကွယ်နှင့် လုပ်ပိုင်ခွင့် ပေးထားပြီး မြန်မာကုမ္ပဏီများကို အကာအကွယ်ပေးရန်နှင့် လုပ်ငန်းများအတွက် လိုအပ်သည့် ကျွမ်းကျင်မှုမျိုးကို မြန်မာနိုင်ငံမှာ မရနိုင်မှသာ နိုင်ငံခြားသားများကို ခေါ်ယူခန့်ထားခွင့်ရှိမည်ဟု ပါရှိသည့်အတွက် မြန်မာကုမ္ပဏီများမှာ စွမ်းဆောင်နိုင်မှုနှင့် သင့်တင့်သော ဈေးနှုန်းရှိရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာတိုင်း (မ်)