xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကဒါဖီကို ချိုတပ်ပေးခဲ့ကြသူများ

Sunday, March 6, 2011

ကဒါဖီကို ချိုတပ်ပေးခဲ့ကြသူများ

ချစ်နေကြတုန်းက ကဒါဖီနဲ့ အိုဘားမား

လစ်ဗျားမှာ ကဒါဖီအစိုးရနဲ့ သူ့ကို ဆန့်ကျင်သူတွေ အကြား တိုက်ပွဲတွေ ပြင်းထန် လာတဲ့အခါ အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့က ကဒါဖီ အစိုးရဟာ ဒီမိုကရေစီ လှုပ်ရှားသူတွေကို နှိပ်ကွပ်နေတယ် ဆိုပြီး လက်နက် ရောင်းချတာတွေကို ပိတ်ဆို့ခဲ့တယ်။ နောက်တော့ လုံခြုံရေး ကောင်စီမှာ အဆိုတင်ပြီး ကြီးငါးကြီး သဘော တူညီချက်နဲ့ ကုလသမဂ္ဂ ကလည်း ဒီလို အရေးယူဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလုပ်ရပ်ဟာ ဒီမိုကရေစီ လှုပ်ရှားမှုများကို ကာကွယ်ပေးတဲ့ မွန်မြတ်တဲ့ လုပ်ရပ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အရင်တုံးက လစ်ဗျားကို ဘယ်သူတွေ လက်နက် ရောင်းခဲ့တယ် ဆိုတာကို ကြည့်မယ် ဆိုရင်တော့ တစ်မျိုး မြင်ရပါလိမ့်မယ်။
ကဒါဖီ အာဏာ ရလာတော့ အနောက်အုပ်စုနဲ့ ခွာပြဲသွားပြီး ဆိုဗီယက် ပြည်ထောင်စုက အဓိက လက်နက်ရောင်းတဲ့ နိုင်ငံ ဖြစ်လာခဲ့တယ်။ ၂၀၁၀ ခုနှစ်မှာ ဒေါ်လာ ၁.၃ ဘီလီယံဖို့ လေယာဉ်နဲ့ အပိုပစ္စည်းတွေ ရောင်းဖို့ စာချုပ်ခဲ့တယ်။ အခု ကုလ သမဂ္ဂရဲ့ လက်နက် ပိတ်ဆို့မှုကြောင့် ရုရှား အနေနဲ့ ဒေါ်လာ ၄ ဘီလီယံလောက် ဆုံးရှုံးမယ်လို့ ခန့်မှန်းထားတယ်။
၂၀၀၃ ခုနှစ်မှာ လစ်ဗျားက သူ့နိုင်ငံရဲ့ အနုမြူ လက်နက် စီမံကိန်းကို ဖျက်သိမ်းဖို့ အတွက် အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ သဘော တူခဲ့တယ်။ ၁၉၈၃ ခုနှစ်တုံးက လစ်ဗျား ထောက်လှမ်းရေး အဖွဲ့တွေ လက်ချက်လို့ စွတ်စွဲခံရတဲ့ လော့ခ်ကာဘီ လေယာဉ် ဗုံးကွဲမှုမှ သေဆုံး သူတွေကို လျှော်ကြေး ပေးခဲ့တယ်။ အဲဒီ နောက်မှာတော့ အမေရိကန်ဟာ လစ်ဗျားကို အကြမ်းဖက် လုပ်ငန်းတွေကို အားပေးတဲ့ နိုင်ငံ စာရင်းက ပယ်ဖျက်ပေးပြီး သံတမန် ဆက်ဆံရေး ပြန်စခဲ့တယ်။ ဗြိတိန်၊ အီတလီ၊ ပြင်သစ်တို့ ကလည်း လစ်ဗျား ရေနံဝယ်ဖို့နဲ့ လစ်ဗျားကို လက်နက်ရောင်းဖို့ အတွက် ပြန်လုပ်လာတယ်။ ဗြိတိန် ၀န်ကြီးချုပ် တိုနီဘလဲ ကိုယ်တိုင် ၂၀၀၄ ခုနှစ်မှာ လစ်ဗျားကို သွားခဲ့သလို နိုင်ငံခြားရေး ၀န်ကြီး ကလင်တန် ကလည်း ကဒါဖီရဲ့သား Khamis ကို အမေရိကန်ကို ဖိတ်ပြီး ဆွေးနွေးခဲ့တယ်။ အဲဒီ အချိန်က စပြီး အနောက် အုပ်စုက လစ်ဗျားကို လက်နက် ရောင်းခဲ့တာ၊ ရောင်းဖို့ ကြိုးစားခဲ့တာ တွေကို အခုလို တွေ့ရမှာ ဖြစ်ပါတယ်။
အမေရိကန်
၂၀၀၉ ခုနှစ် မတ်လမှာ အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနနဲ့ လစ်ဗျား စစ်တပ်ကြားမှာ လက်နက် ရောင်းချရေးနဲ့ တပ်မတော်ချင်း ဆက်ဆံရေး အတွက် သဘောတူတဲ့ statement of intent ကို လက်မှတ် ထိုးခဲ့တယ်။ လစ်ဗျားက ၀ယ်ချင်တဲ့ လက်နက် စာရင်းမှာ စီ ၁၃၀ ဟာကြူလီ လေယာဉ်တွေနဲ့ ဟမ်းဗီးကားတွေ ပါတယ်။ အမေရိကန် ကြည်းတပ် ပြောရေး ဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး Elizabeth Hibner က အမေရိကန်ရဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မယ့် ကဏ္ဍတွေမှာ လက်နက် ပစ္စည်းတွေ ရောင်းချပေးဖို့ စိတ်ဝင်စားတယ်၊ နှစ်ပေါင်း လေးဆယ်လောက် အဆက်ပြတ် နေခဲ့ ပြီးတဲ့နောက် စစ်တပ်ချင်း ပြန်လည် ဆက်ဆံမှုဟာ ကောင်းမွန်ပြီး လက်တွဲ လုပ်နိုင်ဖို့ အတွက် အပြန်အလှန် လေ့လာဖို့ လိုတယ်ဆိုတာ သဘော တူခဲ့တယ်လို့ ပြောခဲ့တယ်။

အီတလီ
လစ်ဗျားရဲ့ ကိုလိုနီ သခင်ဟောင်း အီတလီ ကတော့ လစ်ဗျားနဲ့ ပြန်ပေါင်းထုတ်ရေး ဇာတ်လမ်းမှာ အတက်ကြွဆုံး ပါခဲ့တယ်။ အီတလီ လက်နက်တွေကို ၂၀၀၄ ခုနှစ်မှာ စရောင်း ပေးခဲ့ပြီး ၂၀၀၈ ခုနှစ်ကျတော့ နှစ်နိုင်ငံ ချစ်ကြည်ရေး စာချုပ်ကို လက်မှတ် ထိုးခဲ့ပြီး လစ်ဗျားကို ရုရှားပြီးရင် ဒုတိယ အများဆုံ လက်နက် ရောင်းတဲ့နိုင်ငံ၊ လစ်ဗျား ရေနံကို အများဆုံး ၀ယ်တဲ့ နိုင်ငံ ဖြစ်လာတယ်။ အီတလီက လစ်ဗျားကို ရောင်းတဲ့ အထဲမှာ ၂၀၁၀ နှစ်ထဲမှာ ယူရို ၂.၅ သန်း ဖိုး တော်ပီဒိုနဲ့ လေယာဉ်ပေါ်က ချတဲ့ ဗုံးတွေ (အခု လစ်ဗျား လေတပ်က ကြဲနေတဲ့ ဗုံးတွေလည်း ပါတာပေါ့။)၊ ယူရိုသန်း ၇၀ ဖိုးရှိ သြဂတ်စတာ အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ၊ ယူရို ၁၃သန်းဖိုး ပစ်မှတ်ရှာ ကရိယာတွေ၊ ယူရိုသန်း ၁၅၀ ဖိုး အမြောက်တွေ ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာတုန်း ကတော့ အီတလီ လက်နက် ကုမ္ပဏီတွေနဲ့ လစ်ဗျားကြားမှာ နောက်ထပ် သန်းခြောက်ရာဖိုး အရောင်းအ၀ယ် လုပ်ဖို့ ဆွေးနွေးမှုတွေစခဲ့တယ်။
ပြင်သစ်
ကဒါဖီ အာဏာ ရကာစ ၁၉၇၀ ပြည့်လွန် နှစ်တွေမှာ ပြင်သစ်က မိုင်းရာ့ဂ်ျ တိုက်လေယာဉ် ၁၁၀ ရောင်းပေးခဲ့တယ်။ အခု အချိန်မှာ ပြင်သစ် ကာကွယ်ရေး ၀န်ကြီးဌာနက အဲဒီ လေယာဉ်တွေကို အဆင့် မြှင့်တင်ဖို့နဲ့ နောက်ထပ် မျိုးဆက်သစ် လေယာဉ်တွေ ရောင်းဖို့ ဆွေးနွေးမှု တွေကို ၂၀၀၉ ခုနှစ်ထဲက စလုပ်နေခဲ့တယ်။
ဗြိတိန်
ဗြိတိန်ရဲ့ လက်နက် ရောင်းချဖို့နဲ့ စွမ်းအင်ကဏ္ဍမှာ ရင်းနှီး မြှပ်နှံမှုတွေ လုပ်ဖို့ကိစ္စကို အဲဒီတုံးက ၀န်ကြီးချုပ် တိုနီဘလဲ ကိုယ်တိုင် ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ စတာလင်ပေါင် ၁၇ သန်းဖိုး အဓိကရုဏ်း နှိမ်နင်းရေး သံချပ်ကာ ယာဉ်တွေနဲ့ မျက်ရည်ယို ဗုံးတွေ၊ အဓိကရုဏ်း နှိမ်နင်းရေး ကရိယာတွေ ရောင်းချခဲ့တယ်။ အဲဒီ နောက်ပိုင်းမှာ ဗြိတိန်က လစ်ဗျားကို လက်နက် ရောင်းချမှု ၇၅ ခါရှိခဲ့တယ်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာတုန်းက ဗြိတိသျှ သံအမတ် Richard Northern ခေါင်းဆောင်တဲ့ ဗြိတိသျှ လက်နက် ကုမ္မဏီ ငါးဆယ်ကျော်က ကိုယ်စားလှယ်တွေ လစ်ဗျား နိုင်ငံမှာ ပြပွဲလုပ်ပြီး သူတို့ ပစ္စည်းတွေ အတွက် ပရိုမိုရှင်း လုပ်ခဲ့သေးတယ်။
၂၀၀၄ ခုနှစ်က စပြီး အနောက်အုပ်စုနဲ့ လစ်ဗျား ပြန်ပေါင်းထုတ်တဲ့ အချိန်မှာ ကဒါဖီက အနုမြူ စီမံကိန်းကို စွန့်လွှတ်တာ ကလွဲရင် ပြည်တွင်းရေး မူဝါဒတွေမှာ ဘာမှ အပြောင်းအလဲ မရှိခဲ့ပါဘူး။ ၁၉၆၉ ခုနှစ်ကစပြီး အာဏာရှင် စနစ်နဲ့ အုပ်ချုပ်ခဲ့တာ ၂၀၀၄ နောက်ပိုင်း မှာလည်း ဒီအတိုင်းပါပဲ။ အနောက်အုပ်စုရဲ့ မဟာဗျူဟာ အကျိုး စီးပွားအရ ကဒါဖီနဲ့ ပြန်ပေါင်းထုတ် ခဲ့တာသာ ဖြစ်ပါတယ်။
အခုကျတော့ ဒီနိုင်ငံတွေပဲ လစ်ဗျားကို လက်နက် ရောင်းချခွင့် ပိတ်ပင်တဲ့ အရေးယူမှု တွေကို ဦးဆောင်ပြီး လုပ်နေ ပြန်ပါပြီ။ ဒါဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ ရန်သူမရှိ၊ မိတ်ဆွေမရှိ။ ထာဝရ အကျိုးစီးပွားသာ ရှိတယ် ဆိုတာကို သက်သေ ပြနေတာ ဖြစ်ပါတယ်။ တကယ်တော့ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့၊ အကြမ်းဖက် ၀ါဒ တိုက်ဖျက်ရေးတို့ ဆိုတာတွေဟာ အင်အားကြီး နိုင်ငံတွေရဲ့ အကျိုး စီးပွားကို ဖော်ဆောင်တဲ့ နေရာမှာ လိုသလို သုံးနေတဲ့ စကားလုံး တွေထက် မပိုပါဘူး။ အီဂျစ်မှာ မူဘာရက်ကို နှစ် သုံးဆယ်လောက် အပြစ်မတင်ပဲ အချစ်ဝင် ကူညီနေခဲ့တာ၊ ဒီကနေ့ထိ ဆော်ဒီလို သက်ဦးဆံပိုင် ဘုရင်စနစ်၊ အစ္စလမ်က လွဲရင် တစ်ခြား ဘယ်ဘာသာမှ ကိုးကွယ်ခွင့် မပြုတဲ့ နိုင်ငံကို ထောက်ခံ ကူညီနေဆဲ ဖြစ်တာ၊ အစ္စရေးနဲ့ ပါလက်စတိုင်းတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို လက်ပိုက် ကြည့်နေခဲ့တာ တွေကို ကြည့်ရင် ဒီ အဖြစ်အပျက်ကို တွေ့နိုင်ပါတယ်။ ဒါကို မြင်မယ်ဆိုရင် အမေရိကန် အစ တရုတ်အဆုံး အားလုံးဟာ ကိုယ့်အကျိုး အတွက် ညောင်ရေ လောင်းနေတဲ့ သူတွေဆိုတာ သတိ ပြုနိုင်ကြမှာပါ။ ဘယ်သူမှ ဒီမိုကရေစီ စစ်စစ်ကိုပဲ ထောက်ခံတယ်။ အာဏာရှင်ကို မထောက်ခံဘူး ဆိုတာ မရှိပါဘူး။ ငါ့ အကျိုးစီးပွားကို ဘယ်သူက အကောင်းဆုံး ဖြည့်ဆည်း ပေးမလဲ ဆိုတဲ့ ပေတံနဲ့ပဲ တိုင်းတာ နေတာကို နှလုံးသွင်းဖို့ လိုပါပြီ။
credit : ပိတောက်မြေ