ဒီကနေ့(မတ်လ ၁၁) ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာလည်း မေးခွန်းတွေ မေးဖြေနဲ့ အဆို တင်သွင်းတာတွေ ဆက်လုပ်ခဲ့ ပါတယ်။
မေးခွန်းများ မေးရာမှာ မူဆယ်
ကိုယ်စားလှယ် စိုင်းဘိုးအောင်က ရှမ်းပြည်နယ်က ဆေးကျောင်းသားတွေ နီးတဲ့
မန္တလေး ဆေး တက္ကသိုလ်မှာ မတက်ရဘဲ မကွေးမှာ တက်ရောက် နေရတဲ့ ကိစ္စကို
မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကို ကျန်းမာရေး ၀န်ကြီး ဦးကျော်မြင့်က
ပြန်ဖြေရာမှာ ၂၀၀၁ ခုနှစ် မတိုင်ခင်အထိ ရန်ကုန်မှာ ဆေးတက္ကသိုလ် ၂ ခု၊
မန္တလေးမှာ ဆေးတက္ကသိုလ် ၁ ခု ရှိခဲ့ပြီး မြန်မာပြည် အောက်ပိုင်းက
ရန်ကုန်မှာ၊ အထက်ပိုင်းက မန္တလေးမှာ တက်ခဲ့ရကြောင်း၊ ကျောင်းသား စုစုပေါင်း
၅၅၀ ပဲ လက်ခံခဲ့ကြောင်း၊ ၂၀၀၁ ခုနှစ်မှာ မကွေး ဆေးတက္ကသိုလ်
ဖွင့်ပြီးတဲ့နောက် ကျောင်း တစ်ကျောင်းမှာ ၆၀၀ ဆီ လက်ခံခဲ့ကြောင်း၊
ရန်ကုန်တိုင်းက ရန်ကုန်မှာ၊ မန္တလေးတိုင်းက မန္တလေးမှာ တက်ပြီး ကျန်ဒေသတွေက
ကျောင်းသားတွေ ကတော့ မကွေးမှာ တက်ဖို့ သတ်မှတ် ထားကြောင်း၊ အခုအထိတော့ အဲဒီ
အစီအစဉ်တိုင်းပဲ ဆက်လက် ဆောင်ရွက်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
မူဆယ်
ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင် ကပဲ အိမ်နီးချင်း နိုင်ငံတွေမှာ
တစ်သောင်းလောက် ပေးရတဲ့ လက်ကိုင်ဖုန်းက ဘာဖြစ်လို့ ငါးသိန်း ဖြစ်နေ
ရတာလဲလို့ မေးပါတယ်။
ဒါကို ဦးသိန်းဇော်က ဖြေတဲ့အခါ တယ်လီဖုန်း ဆက်သွယ်မှု စနစ်သစ်ကို စပြီး
ထူထောင်တဲ့ အချိန်မှာ အခြေခံ အဆောက်အအုံတွေ အတွက် ငွေအများကြီး သုံးရတယ်၊
ဒါပေမယ့် သုံးနိုင်တဲ့လိုင်းက နည်းသေးတော့ လိုင်း တစ်ခုခြင်း အပေါ်
ကုန်ကျစရိတ် များတယ်။ လိုင်းတွေ များလာရင် ဈေး တစ်ဖြေးဖြေး ကျလာမယ်။ အခု
ဆိုအရင်က ၁၅ သိန်း ပေးခဲ့ ရပေမယ့် ငါးသိန်းအထိ ကျလာပြီ ဖြစ်တယ်၊
ထပ်ပြီးကျဖို့ အတွက် လုပ်နေပါတယ်လို့ ဖြေသွားပါတယ်။
စမ်းချောင်း
ကိုယ်စားလှယ် ဦးစိုးဝင်း ကတော့ ပြည်သူ့ စစ်မှုထမ်း ဥပဒေ အသက်ဝင်ခြင်း ရှိ၊
မရှိနဲ့ ဥပဒေ အသက်ဝင် လာရင် စစ်မှုထမ်း ဆင့်ခေါ်မှုကို ဘယ်လို လုပ်မလဲလို့
မေးပါတယ်။
ဒီအမေးကို ရှေ့နေချုပ် ဦးအေးမောင်က
၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာ လုပ်တဲ့ တိုင်းပြည်ပြု လွှတ်တော်မှာ ဗိုလ်ချုပ်အောင်ဆန်းက စစ်မှု မထမ်းမနေရ ဥပဒေနဲ့ နှစ်နှစ် သို့မဟုတ် သုံးနှစ် စစ်မှု ထမ်းရမယ်လို့ ပြောခဲ့တယ်။ ဒါ့ကြောင့် ၁၉၅၉ ခုနှစ်မှာ ပြည်သူ့ စစ်မှုထမ်း ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး သမ္မတက အမိန့် ကြော်ငြာစာနဲ့ သတ်မှတ်တဲ့နေ့မှာ အသက် ၀င်မယ်လို့ ဖော်ပြထားတယ်။ ၁၉၆၂ မှာ တော်လှန်ရေး ကောင်စီအမိန့်နဲ့ ဥပဒေ အသက်ဝင်ခဲ့ပြီး ဆရာဝန် အချို့ကို စစ်မှုထမ်း အဖြစ် လက်ခံခဲ့တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ နိုင်ငံသားတိုင်းဟာ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ အကြောင်းနဲ့ နိုင်ငံသားတိုင်းဟာ ဥပဒေ ပြဋ္ဌာန်းချက်များ နဲ့အညီ စစ်ပညာ သင်ဖို့၊ စစ်မှုထမ်းဖို့ တာဝန် ရှိတယ်လို့ ပြဋ္ဌာန်း ထားတယ်။ အခု ပြည်သူ့ စစ်မှုထမ်း ဥပဒေဟာ ၁၉၅၉ ခုနှစ် ဥပဒေကို ခေတ်နှင့်အညီ ပြန်ပြင်ထားပြီး နိုင်ငံတော် သမ္မတက နိုင်ငံတော် အတွက် လိုအပ်တဲ့ အချိန်ကြမှ အမိန့် ကြော်ငြာစာ ထုတ်ပြီး အသက်ဝင်မှာ ဖြစ်တယ်လို့ ဖြေကြား သွားပါတယ်။ ဘယ်လို ဆင့်ခေါ် မှာလည်း ဆိုတဲ့ အချက်ကိုတော့ ဥပဒေထဲမှာ ပါပြီး ဖြစ်တယ်လို့ ထောက်ပြသွားပြီး သီးခြား မဖြေခဲ့ပါဘူး။

ကျန်တဲ့
ကိုယ်စားလှယ် နှစ်ဦးကတော့ စက်မှုလက်မှု ဖွံ့ဖြိုးရေး ကိစ္စနဲ့ နယ်စပ်
ကုန်သွယ်ရေးမှာ အစစ်အဆေး များတဲ့ကိစ္စ တွေကို မေးခဲ့ပြီး ၀န်ကြီး
ဦးအောင်သောင်းနဲ့ ဦးတင်နိုင်သိန်း တို့က ဖြေကြားခဲ့ပါတယ်။
အဆိုတွေ
အနေနဲ့ တန့်ယန်းမဲဆန္ဒနယ်က ဦးထွန်းဆာက စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ
စနစ်နဲ့အညီ လူမှုရေး၊ စီးပွားရေး၊ စာပေ ယဉ်ကျေးမှု အသင်းအဖွဲ့များ၊
ဖောင်ဒေးရှင်းများ ထူထောင်ဖို့ အတွက် လွယ်ကူတဲ့ စနစ်ထူထောင် ပေးဖို့အဆို
ကိုယ်စားလှယ် တစ်ဦးက ထောက်ခံ ဆွေးနွေးပါတယ်။
ပြည်ထဲရေး ၀န်ကြီးက လက်ရှိ ဥပဒေအရ အသင်းအဖွဲ့ မှတ်ပုံတင် ရတဲ့ စနစ်ကို
ရှင်းပြပြီး ၂၀၁၀ ဇူလိုင်လက စပြီး ပေါ်လာမယ့် စနစ်သစ်နဲ့ ကိုက်ညီအောင်လို့
စီးပွားရေး အသင်းအဖွဲ့ကို စီးပွားရေး ၀န်ကြီးဌာန၊ ဘာသာရေးကို သာသနာရေး
ဝန်ကြီးဌာန၊ စာနယ်ဇင်း၊ ဂီတ၊ ရုပ်ရှင်ဆိုရင် ပြန်ကြားရေး ၀န်ကြီးဌာန
စသည်ဖြင့် တာဝန်ခံပြီး ဖွဲ့ခွင့် ပေးလိုက်ပြီ ဖြစ်ကြောင်း ရှင်းပြပါတယ်။
အဲဒီ နောက်မှာတော့ အဆိုရှင်က ပြဋ္ဌာန်းချက် များကို လိုအပ်ချက်နဲ့
ကိုက်ညီအောင် ဆောင်ရွက်နေပြီ ဖြစ်တဲ့ အတွက် အဆိုကို ပြန်ရုပ်သိမ်း
သွားပါတယ်။
ဟားခါး ကိုယ်စားလှယ် ဦးငွန်မောင်းရဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး ကဏ္ဍများမှာ တိုင်းရင်းသားများ ပါဝင်ခွင့် ရရှိရေး အဆိုကို တော့ ကိုယ်စားလှယ် သုံးဦးက ဆွေးနွေးပါတယ်။ အဲဒီလို ဆွေးနွေးတဲ့ အခါ
လသာ ကိုယ်စားလှယ် ဦးကြည်မြင့် (NDF)
က ခွဲတမ်း စနစ်ထက် စွမ်းဆောင်ရည်ကို ပိုပြီး ဦးစားပေး သင့်တယ်လို့
ထောက်ပြသလို ချီဖွေ ကိုယ်စားလှယ် ဦးဇုံးတိန့်ကတော့ အခုအ ခြေအနေမှာ ဒုသမ္မတ
အပါအ၀င် လွှတ်တော် ကော်မတီတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရ အဆင့်တွေမှာ
တိုင်းရင်းသားတွေ ပါနေပြီး ဖြစ်တယ်၊ ဝေါဟာရ အရ ပြောရရင်လည်း တိုင်းရင်းသား
ဆိုတဲ့ စကားမှာ အားလုံး ပါဝင်ပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးတဲ့
အခါ ပြည်ထောင်စု စိတ်ဓာတ်ကိုပဲ အရင်းခံ သင့်တယ်လို့ ဆွေးနွေး သွားပါတယ်။
ဒီအဆိုကို
ပြည်ထဲရေး ၀န်ကြီး ဦးမောင်ဦးက ပြန်ဖြေရာမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ
မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဘာသာ၊ ကျား၊ မ ကို အကြောင်းပြုပြီး
ခွဲခြားမှု မပြုရဘူးလို့ ပြဋ္ဌာန်းထားပြီး ဖြစ်တယ်၊ ဒါ့ကြောင့် တိုင်းရင်းသား
များရဲ့ အခွင့်အရေးကို အာမခံ ထားပြီး ဖြစ်တယ်။ နောက်တစ်ခါ ရာထူး
ခန့်အပ်ရာမှာ ၀န်ထမ်း ရွေးချယ်ရေး အဖွဲ့ရဲ့ စာမေးပွဲ အဆင့်ဆင့်ကို
ဖြေဆိုရမှာ ဖြစ်ပြီး ခွဲတမ်းနဲ့ ခန့်ထားလို့ မရဘူး၊ ဒါပေမယ့် နိုင်ငံတော်က
အထူး အစီအစဉ် အနေနဲ့ နယ်စပ်ဒေသ တိုင်းရင်းသားများ အတွက် နတလ ဒီဂရီ
ကောလိပ်များနဲ့ တိုင်းရင်းသား ဖွံ့ဖြိုးရေး သိပ္ပံတို့ကို ဖွင့်ထားပြီး
အဲဒီက ဘွဲ့ရတွေကို ၀န်ကြီးဌာန တွေမှာ ခွဲဝေခန့်ထား ပေးနေပါတယ်လို့
ပြောသွားပါတယ်။
နောက်ဆုံးမှာ
ဦးငွန်မောင်းက ဒီအဆိုကို တင်တုန်းက ဒုသမ္မတနဲ့ ကော်မတီတွေ၊ ပြည်နယ် အစိုးရ
အဖွဲ့တွေ မဖွဲ့ရ သေးတဲ့ အချိန် ဖြစ်ပါတယ်၊ အခုတော့ တိုင်းရင်းသားများ
နေရာများစွာ ရရှိ တာဝန် ပေးထားတဲ့ အတွက် အဆိုကို မတင်တော့ ပါဘူးလို့
ပြောသွား ပါတယ်။
မနက်ဖြန်မှာလည်း ချင်းပြည်နယ်နဲ့ ပတ်သက်တဲ့ အဆိုတွေ ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။
Credit : ပိတောက်မြေ