xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အနုမြူ ဓါတ်အားပေးစက်ရုံနှင့် ၁၈ မိုင်ပတ်လည်မှ အမြန်ဆုံးပြောင်းရွှေ့ ကြဘို့ ဂျပန်အစိုးရ တိုက်တွန်း

Friday, March 25, 2011

အနုမြူ ဓါတ်အားပေးစက်ရုံနှင့် ၁၈ မိုင်ပတ်လည်မှ အမြန်ဆုံးပြောင်းရွှေ့ ကြဘို့ ဂျပန်အစိုးရ တိုက်တွန်း

ဝန်ကြီးချုပ် နာအိုတိုခန်
 
ဂျပန်နိုင်ငံ ဖူကူရှီးမားခရိုင်က အမှတ် (၁) လျှပ်စစ်ဓါတ်အားပေးစက်ရုံရဲ့ နံပါတ် (၃) အနုမြူဓါတ်ပေါင်းဖို အတွင်းပိုင်းဟာ ဆိုးဆိုးဝါးဝါးပျက်စီးသွားပြီး ဒီဓါတ်ပေါင်းဖိုရဲ့ အန္တရာယ်ရှိတဲ့ အနေအထားဟာ မြင့်မားနေဆဲဖြစ်တယ်လို့ ဒီကနေ့ ၀န်ကြီးချုပ် နာအိုးတိုးခန် (Naoto Kan) က ရုပ်မြင်သံကြားကနေ တိုင်းပြည်ကို ပြောကြားသွားခဲ့ပါတယ်။ ဒီကနေ့ ရေဒီယိုသတ္တိကြွရောင်ခြည်တွေ ပျံ့လွှင့်မှုမြင့်တက်လာ နေတာကြောင့် ဂျပန်တနိုင်ငံလုံး သတိဝီရိယနဲ့ ရှိနေကြရမယ်လို့လည်း ၀န်ကြီးချုပ် ခန်က ပြောပါတယ်။
 
ဂျပန်အစိုးရ၀န်ကြီးအဖွဲ့ အတွင်းဝန်ချုပ် ယူခိယို အဲဒနို (Yukio Edano) ကလည်း ဒီဓါတ်ပေါင်းဖိုရဲ့ ၁၂ မိုင်ကနေ ၁၈ မိုင်ပတ်လည်အတွင်း နေထိုင်ကြသူတွေ အမြန်ဆုံး  ရွှေ့ပြောင်းသွားကြဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

 
တရုတ်နိုင်ငံ ဖူဂျီယန် ပြည်နယ် (Fujian Province) ဂျားမင်း (Xiamen) မြို့ သင်္ဘောဆိပ်ကိုရောက်ရှိလာတဲ့ ကမ္ဘာလှည့်သင်္ဘောကြီးပေါ်က ဂျပန်ခရီးသည် ၂ ဦးဟာ ရေဒီယိုသတ္တိကြွ ဓါတ်ရောင်ခြည်တွေ အလွန်အမင်းကျရောက်နေတာ တွေ့ရှိရပြီးတော့ သူတို့ကို အထူးဆေးရုံတရုံမှာ ဆေးစစ်မှုတွေ လုပ်နေပြီး ဂျပန်ခရီးသည် ၂ ဦးရဲ့ ခရီးဆောင်သေတ္တာတွေနဲ့ ၀တ်ထားတဲ့အ၀တ်တွေပေါ်မှာ ကျရောက်နေတဲ့ ရေဒီယိုသတ္တိကြွ ဓါတ်ရောင်ခြည်တွေရဲ့ အန္တရာယ်ရှိမှုအဆင့်ဟာ သိပ်မြင့်လွန်းတယ်လို့လည်း တရုတ်တာဝန်ရှိသူတွေက ဆိုပါတယ်။
 
လွန်ခဲ့တဲ့ နှစ်ပတ် ကဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေကြောင့် သေဆုံးသူစုစုပေါင်း ၁၀၀၀၀ ကျော်ရှိပြီး ပျောက်ဆုံးသူ ၁၇၄၄၀ ရှိနေကြာင်း ဂျပန် အစိုးရက တရားဝင်ထုတ်ပြန် ထားပါတယ်။
 
ပြည်သူထောင်ပေါင်းများစွာဟာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီး ၂၅၀၀၀၀ ဟာ အရေးပေါ်ကယ်ဆယ်ရေး အဆောက်အဦးတွေမှာ ယခုထိနေထိုင် နေရကြောင်း အစိုးရ သတင်းများမှာဖေါ်ပြထားပါတယ်။
နိုင်ငံတကာက သင်္ဘောလိုင်းတချို့ကတော့ သူတို့ရဲ့ ကုန်သင်္ဘောတွေကို တိုကျိုပင်လယ်အော်ထဲက အဓိကအကျဆုံး ယိုကိုဟားမား (Yokohama) တို့ကို အ၀င်အထွက်မလုပ်ကြဖို့ ညွှန်ကြားထားပါတယ်။