xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အချိန်ခါမဟုတ် ရွာသွန်းခဲ့သည့် မိုးနှင့်လေပြင်းများ ကြောင့် ပင်လယ်ပြင်တွင် မျောပါနေသော မြန်မာရေလုပ်သား ၆၀၀ကျော်အား တပ်မတော်ရေ စစ်ရေယာဉ်များမှ ကယ်ဆယ်

Monday, March 21, 2011

အချိန်ခါမဟုတ် ရွာသွန်းခဲ့သည့် မိုးနှင့်လေပြင်းများ ကြောင့် ပင်လယ်ပြင်တွင် မျောပါနေသော မြန်မာရေလုပ်သား ၆၀၀ကျော်အား တပ်မတော်ရေ စစ်ရေယာဉ်များမှ ကယ်ဆယ်

(ပြည်ပ အသံလွှင့်ဌာနတခုက သတင်းဖြစ်သော်လည်း သတင်းစာမျက်နှာပေါ် ရောက်ရှိမလာတဲ့ သတင်းများ ဆိုတဲ့အစီအစဉ်ကို တင်ဆက်နေပါတယ် ၊ဒီသတင်းကတော့ သတင်းဖြစ်သော်လည်း ပြည်ပမီဒီယာများ ပေါ်  သို့ ရောက်ရှိမလာသော သတင်းတစ်ပုဒ်လို့ဆိုရမှာပါ ပဲ)



အချိန်အခါမဲ့ ရွာသွန်းခဲ့သည့် မိုးနှင့်လေပြင်းများ တိုက်ခတ်ခဲ့၍ ဖောင်ပျက်၊ စက်လှေနစ်ရာမှ ပင်လယ်ပြင်တွင် မျောပါနေသော မြန်မာရေလုပ်သား ၆၀၀ ကျော်အား ကယ်တင်နိုင်ခဲ့ပြီး ကျန်ရှိသည့် ရေလုပ်သားများအားလည်း ဆက်လက် ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရှိရပါသည်။
တောင်တရုတ်ပင်လယ်၊ မလက္ကာ ရေလက်ကြောင်း၊ ကပ္ပလီပင်လယ်အော်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းများတွင် ဖြစ်ပေါ်နေသည့် မိုးတိမ်တောင်များကြောင့် မြန်မာနိုင်ငံတွင် အချိန်အခါမဲ့ မိုးများရွာသွန်းခဲ့ပြီး လေပြင်းများ တိုက်ခတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ရာသီဥတု ဆိုးရွားမှုများကြောင့် မုတ္တမပင်လယ်ပြင်တွင် ငါး၊ ပုစွန် ဖမ်းဆီးသည့် ကျားဖောင်များ၊ စက်လှေများ နစ်မြုပ်မျောပါခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ နစ်မြုပ်မျောပါနေသည့် ရေလုပ်သားများအား ကယ်ဆယ်ရန် အတွက် မတ်လ ၁၈ နေ့ ညပိုင်းတွင် အမှတ် ၁ ဗျူဟာစစ်ရေယာဉ်စု (တပ်မတော်ရေ) လက်အောက်ရှိ စစ်ရေယာဉ်သုံးစင်း သွားရောက်ခဲ့ကြောင်း သိရသည်။ ရေလုပ်သား ၅၉၀ ဦးအား ခေါ်ဆောင်လာခဲ့သော စစ်ရေယာဉ်သည် မတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ နန်းသီတာဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ပြီး ကယ်ဆယ်ခဲ့သည့် ရေလုပ်သားများတွင် ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ်မှ အများဆုံးဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တွံတေး၊ ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့များမှ ရေလုပ်သားများလည်း ပါဝင်ကြောင်း သိရသည်။ အခြား ရေလုပ်သားများကိုမူ ရတနာကုမ္ပဏီမှ ပတ္တမြားသင်္ဘောက ကယ်တင်ခဲ့ပြီး ရန်ကုန်မြို့သို့ ယင်းနေ့တွင် ပင် ရောက်ရှိခဲ့ကြောင်း သိရသည်။

မြန်မာရေလုပ်သားကြီးများအား နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးနေစဉ်

အဆိုပါ ရေလုပ်သားများအားရန်ကုန်မြို့မှသက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ လူမှုဖူလုံရေးနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တို့မှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် ရေလုပ်သား ၆၀၀ ခန့်အား ကူညီကယ်ဆယ်မှုများ ပြုလုပ်ခဲ့ပြီး ပင်လယ်ပြင်တွင် မျောပါနေသည့် ကျန်ရှိ ရေလုပ်သားများအား ဆက်လက်ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Credit: Eleven Media