ဒီကနေ့ (မတ်လ ၁၀ ရက်)ကျင်းပတဲ့ အမျိုးသား လွှတ်တော် အစည်းအဝေးမှာ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စတွေကို ကိုယ်စားလှယ် များက မေးသွားပါတယ်။
ရခိုင်
မဲဆန္ဒနယ် (၆) ကိုယ်စားလှယ် ဦးခင်မောင်လတ်က ကမ္ဘာကြီး ပူနွေး လာမှုကြောင့်
ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာတာ၊ မုန်တိုင်းတွေ များလာတာကို ကာကွယ်ဖို့
အတွက် ကမ်းရိုးတန်း ဒေသများမှာ ဒီရေတား တမံတွေ ဆောက်ပေးဖို့ အစီအစဉ် ရှိ
မရှိ မေးပါတယ်။
အဲဒီမေးခွန်းကို စိုက်ပျိုးရေး ၀န်ကြီး ဦးဌေးဦးက လက်ရှိ အချိန်မှာ
မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက် ရေတားတမံ တစ်ထောင့်တစ်ရာကျော်
ဆောက်လုပ်ထားကြောင်း၊ နာဂစ်တုန်းက ပျက်စီးသွားတဲ့ ရေတားတမံများရဲ့ ၆၃ % ကို
ပြန်ပြင်ပြီးပြီ ဖြစ်ကြောင်း ဖြေကြားပြီး ဂီရိတုန်းက ပျက်စီးခဲ့တဲ့ ရခိုင်
ပြည်နယ်က ရေတားတမံတွေ အခြေအနေ ကိုတော့ တစ်မြို့နယ်ချင်း အသေးစိတ် ရှင်းပြ
သွားပါတယ်။ ဆက်ပြီးတော့လည်း ဒေသ အခြေအနေ အလိုက် လိုအပ်တဲ့ ပုံစံထုတ်ပြီး
ဆောင်ရွက် သွားမယ်လို့ ပြောသွားပါတယ်။
ကချင်
မဲဆန္ဒနယ်(၈) ကိုယ်စားလှယ် ဦးမြအုန်းက ဖားကန့်ဒေသမှာ ကျောက်စိမ်း
လုပ်ကွက်တွေကြောင့် ဥရုချောင်း ရေလမ်း ပျက်စီးပြီး ရေကြီးတဲ့ အန္တရာယ်နဲ့
ရင်ဆိုင် နေရတာကို ဘယ်လိုလုပ်ဖို့ အစီအစဉ် ရှိသလဲလို့ မေးခဲ့ပါတယ်။ သတ္တုတွင်း
ဝန်ကြီး ဦးအုန်းမြင့်က မြစ်ချောင်းများနဲ့ သဘာဝ ပတ်ဝန်းကျင်ကို
ကာကွယ်ဖို့ အတွက် ရေ အရင်းအမြစ်နဲ့ မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေကို
၂၀၀၆ ခုနှစ်တွင် ထုတ်ပြန်ထားတဲ့ အကြောင်း၊ ဖားကန့်မှာ ကျောက်စိမ်းတွင်း
များက မြေစာ စွန့်ပစ်ရာမှာ မြစ်ချောင်းကို မထိခိုက်ဖို့ တားမြစ်
ထားကြောင်းနဲ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလက စပြီး ဥရုချောင်း ရေလမ်း
ထိန်းသိမ်းရေး အတွက် လိုအပ်တဲ့ တိုင်းတာမှုတွေ လုပ်နေပြီ ဖြစ်ကြောင်း
ဖြေကြား သွားပါတယ်။ သူ့ ဖြေကြားချက် ထဲမှာ ဥရုချောင်းကို မထိခိုက်စေဖို့
အတွက် လုပ်ဆောင်ရမယ့် အချက် ၁၅ ချက်ကိုလည်း အသေးစိတ် ရှင်းပြ သွားပါတယ်။
အဲဒီထဲမှာ ဥရုချောင်းနဲ့ ပေသုံးရာအတွင်း ကျောက်မျက်တူးခွင့် ပိတ်ပင်မယ်၊
ချောင်းနဲ့ ချောင်းကမ်းပါးမှာ ရွှေတူးခွင့် မပြုဘူး။ ကျောက်စိမ်း တူးခဲ့တဲ့
နေရာတွေကို လုပ်ငန်းပြီးရင် ကုမ္ပဏီက မြေပြန်ဖို့ပြီး သစ်ပင် စိုက်ပေးရမယ်၊
ဥရုချောင်း အတွင်း ဖို့ချထားတဲ့ မြေစာများနဲ့ ကျောက်များ ကိုလည်း ပြန်လည်
ရှင်းလင်းမယ် ဆိုတဲ့ အချက်များလည်း ပါဝင်ပါတယ်။
ကချင် မဲဆန္ဒနယ် (၁၁)က ဦးစံထွန်း ကတော့ ရွှေကူမြို့နယ် ထဲမှာ ၂၀၀၂ ခုနှစ်က စဆောက်ပြီး အခုထိ မပြီးသေးတဲ့ ဆည်တစ်ခု အကြောင်း မေးခဲ့ပြီး ရန်ကုန် မဲဆန္ဒနယ် (၄) က လယ်ယာမြေ ကိစ္စများကို မေးမြန်းပါတယ်။ အဲဒါတွေ ကိုတော့ ဦးဌေးဦး ကပဲ ပြန်ဖြေကြား ခဲ့ပါတယ်။
အဆို
တင်သွင်းရာ မှာတော့ ချင်းပြည်နယ် မဲဆန္ဒနယ် (၄) က ဦးစတီဗင်သာဘိတ်
တင်သွင်းထားတဲ့ ပညာရေး စနစ်ကို ကျွမ်းကျင် ပညာရှင်များ၊ အတွေ့အကြုံ ရှိသော
ပုဂ္ဂိုလ်များဖြင့် ပြန်လည် သုံးသပ်ရန် ဆိုတဲ့အဆို၊ ဦးစတီဗင်သာဘိတ်ပဲ
တင်သွင်းတဲ့ ကျန်းမာရေး ကဏ္ဍမှာလည်း ဘုတ်အဖွဲ့ ဖွဲ့စည်းပြီး နည်းလမ်းရှာဖို့
အဆို၊ ချင်း မဲဆန္ဒနယ်(၉) က ဦးပေါ်လျှံလွင် တင်သွင်းတဲ့ ချင်းပြည်နယ်
မြို့တော်ဟားခါးမှာ ကောလိပ်ကျောင်း ဖွင့်ဖို့အဆို၊ ဦးပေါ်လျှံလွင်ပဲ
တင်သွင်းတဲ့ ကျောင်းဆင်းပြီးတဲ့ ချင်းအမျိုးသား ဆရာဝန်များကို ဆမ အမြန်
ထုတ်ပေးပြီး ချင်းပြည်နယ် လွှတ်ပေးဖို့ အဆိုတွေကို
လွှတ်တော် ကိုယ်စားလှယ်များက ၀ိုင်းဆွေးနွေးပြီး မနက်ဖြန် သောကြာနေ့မှာ
အဲဒီ အဆိုတွေနဲ့ ပတ်သက်လို့ ၀န်ကြီးတွေက ပြန်ဆွေးနွေးဖို့ သတ်မှတ်
ပေးပါတယ်။
ထူးခြားတာ
ကတော့ ဟားခါးမှာ ကောလိပ်ဖွင့်ဖို့ တင်တဲ့အဆိုကို ချင်းပြည်နယ် မဲဆန္ဒနယ်
(၂) က ဦးဇုန်လှယ်ထန်းက ကောလိပ်ကို ဟားခါးမှာ ဖွင့်တာကို ကန့်ကွက်ပြီး
ဖလမ်းမှာ ဖွင့်ဖို့၊ ဖလမ်းက ပထ၀ီ အနေအထား၊ လမ်းပန်း ဆက်သွယ်ရေး
ကောင်းတယ်လို့ ပြောပါတယ်။ နောက်ပြီး တကယ်လို့ နှစ်ခုဖွင့်မယ် ဆိုရင်
ဖလမ်းနဲ့ ချင်းပြည်နယ် တောင်ပိုင်း မတူပီ ဒေသမှာ ဖွင့်ဖို့ တင်ပြ
သွားပါတယ်။ ဒါကတော့ ချင်းပြည်နယ်မှာ ဖလမ်းနဲ့ ဟားခါး လူမျိုးစုတွေကြား
အားပြိုင်မှု အခုထိ မပြီးသေးတာကို သက်သေ ပြလိုက်တာလည်း ဖြစ်ပါတယ်။
လွတ်လပ်ရေး ရပြီးကာစက ချင်းပြည်နယ် မြို့တော်က ဖလမ်းပါ။ ၁၉၇၄ ခုနှစ်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲချိန်မှာ ပါတီမှာက ဟားခါးသားတွေ
အားကောင်းတော့ မြို့တော်ကို ဖလမ်း ရွှေ့ခဲ့ပါတယ်။ ဒါပေမယ့် ဖလမ်းက ခရိုင်
အဖြစ်နဲ့ ကျန်နေခဲ့ပါတယ်။ အခြား ပြည်နယ်တွေမှာ ပြည်နယ် မြို့တော်ဟာ
ခရိုင်လည်း ဖြစ်ပါတယ်။ ဥပမာ။ တောင်ကြီး၊ တောင်ကြီးခရိုင်၊ ဒါပေမယ့်
ချင်းပြည်နယ် မှာတော့ ဖလမ်းခရိုင်၊ ဟာခါးမြို့နယ် ဖြစ်နေပါတယ်။ ဘာသာစကား
အနေနဲ့လည်း ဟာခါး စကားနဲ့ ဖလမ်းစကား မတူပါဘူး။
နောက်ထပ်
ထူးခြားချက် တစ်ခုကတော့ ဖားကန့်ဒေသ ဥရုချောင်း ပျက်စီးမှုနဲ့ ရွှေကူဒေသမှာ
ဆယ်နှစ် နီးပါးရှိတဲ့ အထိ ဆည် တည်ဆောက်လို့ မပြီးတဲ့ ကိစ္စကို မေးခွန်း
ထုတ်ခဲ့သူများက ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များ ဖြစ်နေတာပါပဲ။
ဆည်ကိစ္စ မေးခဲ့တဲ့ ဦးစံထွန်း ဆိုရင် အငြိမ်းစား ဗိုလ်မှူးချုပ်
ဖြစ်တယ်လို့ သိရပါတယ်။ ပြည်ခိုင်ဖြိုး အထွေထွေ အတွင်းရေးမှူး တာဝန်ယူ
ထားတဲ့ ၀န်ကြီးဌာနရဲ့ လုပ်ရပ်အပေါ် မေးခွန်း ထုတ်ခဲ့မှု၊ ဒီကနေ့ အရေးကြီးတဲ့
အန္တရာယ် ဖြစ်တဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများ အပေါ် ပြည်ခိုင်ဖြိုး
ကိုယ်စားလှယ်များက မေးခွန်းထုတ်ခဲ့မှု အခြေအနေဟာ ကိုယ်စားလှယ်များ အနေနဲ့
သက်ဆိုင်ရာ မဲဆန္ဒနယ်က ပြည်သူများရဲ့ ဆန္ဒကို တစ်စုံတစ်ရာ အလေးထား လာရပြီ
ဆိုတာကို ပြလိုက်တဲ့ အချက်ပဲ ဖြစ်ပါတယ်။
Credit : ပိတောက်မြေ