xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အကြိတ်အနယ်မေးကြဖြေကြတဲ့ အမျိုးသားလွှတ်တော်

Sunday, March 13, 2011

အကြိတ်အနယ်မေးကြဖြေကြတဲ့ အမျိုးသားလွှတ်တော်

လွှတ်တော် အစည်းအဝေးတွေမှ မေးကြ၊ ဖြေကြ၊ အဆို တင်သွင်းကြတာ တွေဟာ အချိန် ကြာလာတဲ့အမျှ အရှိန်ရ လာတာကို တွေ့ရပါတယ်။ ဒီကနေ့ လုပ်ခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေး ကတော့ အတော်ကို အကြိတ်အနယ် ပြောခဲ့ ကြတယ်လို့ ဆိုပါတယ်။
မေးခွန်းတွေ မှာတော့ ချင်းပြည်နယ်က ကိုယ်စားလှယ် နှစ်ဦးဖြစ်တဲ့ ဦးဇုန်လှယ်ထန်းနဲ့ ဦးစတီဗင်သာဘိတ် တို့ ချင်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ ကောလိပ်နှစ်ခု ဖွင့်ပေးလို့ ရမရနဲ့၊ အစိုးရ ကျောင်းတွေမှာ တိုင်းရင်းသား ဘာသာစကား သင်ခွင့် ရှိမရှိ၊ မေးခဲ့တယ်။ အလားတူပဲ မွန်ပြည်နယ် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဗညားအောင်မိုး ကလည်း တိုင်းရင်းသား လူမျိုးများ၏ ပညာရေး ဌာနများ ဖွဲ့စည်းပေးရန် သင့်မသင့် မေးခဲ့ပါတယ်။
ဒီမေးခွန်းကို ဖြေကြားရာမှာ ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းက တက္ကသိုလ် ကောလိပ်များ ဖွင့်လှစ်ရာမှာ တက်ရောက် နိုင်တဲ့ ဒေသ လူဦးရေ၊ လမ်းပန်း ဆက်သွယ်မှု၊ နှစ်စဉ် တက္ကသိုလ် တက်နိုင်ဖို့ တက္ကသိုလ်ဝင် စာမေးပွဲ အောင်တဲ့ အရေအတွက် များကို မူတည်ပြီး ဖွင့်လှစ်တာ ဖြစ်ကြောင်း၊ ယခုအစိုးရ လက်ထက်မှာ မိမိဒေသနဲ့ အနီးဆုံး နေရာတွေမှာ အဆင့်မြင့် ပညာများ ဆည်ပူးနိုင်ဖို့ အတွက် တက္ကသိုလ် ကောလိပ်တွေကို တိုးချဲ့ဖွင့်လှစ် ပေးခဲ့ကြောင်း၊ ချင်းပြည်နယ် မြောက်ပိုင်းက ကျောင်းသားများ အတွက် ကလေးမြို့နဲ့ တောင်ပိုင်းက ကျောင်းသားများ အတွက် ပခုက္ကူမြို့မှာ တက်ရောက် နိုင်ကြောင်း၊ အဝေးသင် တက္ကသိုလ်လည်း တက်ရောက်ခွင့် ရှိကြောင်း ဖြေကြားခဲ့ပါတယ်။ အစိုးရ ကျောင်းတွေမှာ တိုင်းရင်းသား ဘာသာနဲ့ သင်ကြားဖို့ ကိစ္စနဲ့ ပတ်သက်လို့တော့ တိုင်းနဲ့ပြည်နယ် တွေမှာ တိုင်းရင်းသား ပေါင်းစုံ စုစည်း နေထိုင်နေပြီး အတန်းတစ်တန်း မှာတောင် လူမျိုးပေါင်းစုံ စုစည်းနေကြတယ်။ တစ်ချို့ လူမျိုးစုတွေ ကျတော့ ချင်းပြည်နယ်မှာ လိုပဲ ဒေသကို လိုက်ပြီး စကားကွဲပြား နေတယ်။ ဒါ့ကြောင့် သင်ရိုးညွှန်းတန်းကို အများသုံး ဘာသာဖြစ်တဲ့ မြန်မာစာနဲ့ပဲ ရေးဆွဲ သင်ကြားရတာ ဖြစ်တယ်။ တိုင်းရင်းသား စာပေ တစ်ခုချင်းနဲ့ ရေးဆွဲဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ကျောင်းပြင်ပ ပညာရေး အနေနဲ့ တိုင်းရင်းသား စာပေကို သင်ကြားပေးမယ် ဆိုရင်တော့ အကူအညီ ပေးသွားမယ်လို့ ဖြေကြား သွားပါတယ်။ နောက်ပြီး ပညာရေး ၀န်ကြီးဌာနရဲ့ လက်အောက်မှာ တိုင်းရင်းသား လူမျိုးအလိုက် ပညာရေး ဌာနများ ဖွဲ့စည်းပေးဖို့ အစီအစဉ် မရှိဘူး။ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရများ၊ လွှတ်တော်များ အနေနဲ့ မိမိတို့ တိုင်းရင်းသား ဘာသာစကား ဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ဆောင်နိုင်ခွင့် ပေးထားပြီး ဖြစ်လို့ မိမိတို့ ဒေသ အစီအစဉ်နဲ့ပဲ လုပ်ရမှာ ဖြစ်တယ်လို့ ဖြေကြားသွားပါတယ်။

အဆိုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့ အခါမှာတော့ ချင်းပြည်နယ် ကိုယ်စားလှယ် ဦးစတီဗင်သာဘိတ် ရဲ့ အဆိုဖြစ်တဲ့ ပညာရေး စနစ်ကို ပညာရှင်များ၊ အတွေ့အကြုံရှိသော ပုဂ္ဂိုလ်တွေနဲ့ ဘုတ်အဖွဲ့ ဖွဲ့စည်း လေ့လာဖို့ အဆိုကို မနေ့က ကိုယ်စားလှယ် များက ဆွေးနွေးပြီး ဖြစ်တဲ့အတွက် ဒီနေ့မှာ ပညာရေး ၀န်ကြီးက ပညာရေးစနစ်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ လုပ်ဆောင်ချက် များကို ရှင်းပြပြီး အဆိုမှာပါတဲ့ အချက်များဟာ အစိုးရရဲ့ နှစ်သုံးဆယ် ပညာရေး စီမံကိန်းအရ လုပ်ဆောင်နေတဲ့ လုပ်ငန်းများ ထဲမှာ ပါဝင်ပြီး ဖြစ်တဲ့အတွက် ရုပ်သိမ်းပေးဖို့ တင်ပြပါတယ်။
လွှတ်တော် ဥက္ကဌက အဆိုရှင်ရဲ့ သဘောထားကို မေးတဲ့အခါ အဆိုကို မရုပ်သိမ်း နိုင်ကြောင်းနဲ့ ကိုယ်စားလှယ်များရဲ့ အဆုံးအဖြတ်ကို ခံယူလိုကြောင်း တင်ပြတဲ့ အတွက် မဲခွဲတဲ့ အခါမှာ ထောက်ခံမဲ ၂၂ မဲ၊ ကန့်ကွက်မဲ ၁၈၁ မဲ၊ ကြားနေမဲ ၈ မဲနဲ့ အဆို ရှုံးသွားပါတယ်။
မနေ့က ဆွေးနွေးခဲ့တဲ့ ချင်းပြည်နယ် ကိုယ်စားလှယ် ဦးပေါ်လျံလွင်ရဲ့ ဟားခါးမြို့မှာ ကောလိပ်ကျောင်း ဖွင့်ရေးနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီး ဦးချမ်းငြိမ်းက ကလေး တက္ကသိုလ်မှာ ချင်းပြည်နယ်က တက်ရောက်သူ ၉၆၈ ဦး၊ ပခုက္ကူ တက္ကသိုလ်မှာ ၆၆၇ ဦး ရှိကြောင်း၊ လက်ရှိ အခြေအနေမှာ လုံလောက်နေတဲ့ အတွက် အဆိုကို ပြန်ရုပ်သိမ်းပေးဖို့ တင်ပြပါတယ်။
လွှတ်တော် ဥက္ကဌက အဆိုရှင်ရဲ့ သဘောထားကို မေးတဲ့အခါ အဆိုကို မရုပ်သိမ်း နိုင်ကြောင်းနဲ့ ကိုယ်စားလှယ် များရဲ့ အဆုံးအဖြတ်ကို ခံယူလိုကြောင်း တင်ပြတဲ့ အတွက် မဲခွဲတဲ့ အခါမှာ ထောက်ခံမဲ ၁၃ မဲ၊ ကန့်ကွက်မဲ ၁၉၀ မဲ၊ ကြားနေမဲ ၁၀ မဲနဲ့ အဆို ရှုံးသွားပါတယ်။
နောက်ထပ် အဆို သုံးခုကတော့ ဒီနေ့မှာ ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ပြီး တနလာင်္နေ့မှာ ပြည်ထောင်စု ၀န်ကြီးများက ပြန်ရှင်းပြဖို့ သတ်မှတ် ခဲ့ပါတယ်။ အဲဒီအဆို သုံးခုအနက် ချင်းပြည်နယ် ကိုယ်စားလှယ် ဦးပေါ်လျှံလွင် တင်သွင်းတဲ့ ဂန့်ဂေါမြို့နဲ့ ရေဇွာမြို့ အကြား မြစ်သာမြစ်ကူး ကြိုးတံတားကို ကားသွားနိုင်သော တံတားအဖြစ် တည်ဆောက်ပေးဖို့ အဆိုကို ဆွေးနွေးတဲ့ နေရာမှာ မကွေးတိုင်းက ကိုယ်စားလှယ် တစ်ဦးက အဲဒီတံတားနဲ့ သုံးမိုင် အကွာမှာ ဂန့်ဂေါ - ဟားခါးလမ်းရဲ့ မြစ်သာမြစ်ကူး ကားလမ်းတံတားကြီး ရှိနေပြီ ဖြစ်တဲ့အတွက် ဦးပေါ်လျှံလွင် ပြောတဲ့ တံတားအစား ဂန့်ဂေါ-ထီးလင်း လမ်းက တံတားနှစ်ခုကိုသာ ပြင်သင့်ကြောင်း ကန့်ကွက်ခဲ့ပါတယ်။
လွှတ်တော် ကိုယ်စားလှယ် တစ်ချို့ကတော့ ဦးပေါ်လျှံလွင် တင်ပြတဲ့ ကိစ္စမျိုးဟာ လွှတ်တော်မှာ အဆိုအဖြစ် တင်ရမယ့် ကိစ္စ မဟုတ်ဘူး။ မေးခွန်းအဖြစ် မေးခြင်း၊ ဒါမှမဟုတ် ပြည်နယ်အဆင့် လွှတ်တော်မှာ ဆွေးနွေးခြင်း လုပ်ရမယ့် ကိစ္စ ဖြစ်တယ်။ ပြည်ထောင်စုအဆင့် လွှတ်တော်တွေမှာ တင်သွင်းတဲ့ အဆိုများဟာ ပြည်ထောင်စု တစ်ခုလုံးနဲ့ မူအရ သက်ဆိုင်တဲ့ အဆိုများသာ ဖြစ်သင့်တယ်၊ နောင်လွှတ်တော်တွေမှာ ဆိုရင်တော့ ပါတီတွေ၊ ကိုယ်စားလှယ်တွေ အနေနဲ့ အခုထက် ပိုပြီး ရင့်ကျက်အောင် လေ့လာဖို့ လိုတယ်လို့ အလွတ်သဘော ဆွေးနွေး ခဲ့ကြကြောင်း မိတ်ဆွေ ကိုယ်စားလှယ် တစ်ယောက်က ပြောပြပါတယ်။
ဒီနေ့မှာ နောက်ထပ် တင်သွင်းတဲ့ အဆိုများကို လွှတ်တော်က လက်ခံဆွေးနွေးဖို့ သင့်မသင့် ဆုံးဖြတ် ကြပါတယ်။ ချင်းပြည်နယ် ကိုယ်စားလှယ် ဦးကျွန်ခဲန်းက အသက် ၇၅ နှစ် အထက် ရှိသူတွေကို နိုင်ငံတော်က လစဉ် ထောက်ပံ့ရန်နဲ့ အငြိမ်းစား ၀န်ထမ်းများ ကိုလည်း ပင်စင်လစာ အပြင် အလားတူ ထောက်ပံ့ရန် အဆိုကိုတော့ လက်ခံ ဆွေးနွေးဖို့ အနည်းဆုံး လိုအပ်တဲ့ မဲ ၄၀ မရတဲ့ အတွက် ပျက်ပြယ် သွားပါတယ်။
အလားတူပဲ ဦးကျွန်ခဲန်းက လက်ရှိ လစာနှုန်းထားကို မမီခဲ့တဲ့ အငြိမ်းစား ၀န်ထမ်းများရဲ့ လစာကို တိုးမြှင့်ပေးဖို့ အဆိုကိုတော့ လက်ခံဆွေးနွေးဖို့ လွှတ်တော်က သဘော တူခဲ့ပါတယ်။
ချင်းပြည်နယ် ကိုယ်စားလှယ် ဦးပေါ်လျှံလွင်ကတော့ သူတင်သွင်း ထားတဲ့ အဆိုနှစ်ခုကို မတင်သွင်း လိုတော့ကြောင်း တင်ပြပြီး ပြန်ရုပ်သိမ်း သွားပါတယ်။
ပိတောက်မြေ