xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာ့အသွင် ကူးပြောင်းရေး အတွေးအမြင်

Saturday, March 19, 2011

မြန်မာ့အသွင် ကူးပြောင်းရေး အတွေးအမြင်


(Business Executives For National SecurityStanley ရဲ့ ဥက္ကဌ Stanley A. Weiss ရဲ့ ဆောင်းပါး ဖြစ်ပါတယ်။)
အီဂျစ်နဲ့ တူနီးရှားက ဆန္ဒပြသူတွေကို သူတို့ တော်လှန်ရေး အောင်မြင်အောင် ဘာတွေ ဆက်လုပ် ရမလဲလို့ စိတ်ကူးယဉ် နေချိန်မှာ မြန်မာနိုင်ငံ ကတော့ တော်လှန်ရေးတွေ ကျဆုံးမှုရဲ့ စိတ်မကောင်း ဖွယ်ရာ နမူနာ ဖြစ်နေတုန်း ပါပဲ။ အခုလူတိုင်း မြင်နေရတဲ့ အီဂျစ်နဲ့ တူနီးရှားက ဆန္ဒပြမှုတွေ (မြန်မာနိုင်ငံ မှာတော့ ဆင်ဆာ လုပ်ထားလို့ မြင်ခွင့် မရဘူး။) မြန်မာမှာ ဖြစ်ခဲ့တဲ့အခါ စစ်တပ်က ပစ်ခတ်ခဲ့လို့ ၁၉၈၈ ခုနှစ်မှာ လူခြောက်ထောင်လောက် သေဆုံးပြီး ၂၀၀၇ ခုနှစ်မှာ ရာနဲ့ချီ သေဆုံးခဲ့ရ ပါတယ်။
ဒါ့ကြောင့်လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလက စစ်တပ်က ထောက်ခံတဲ့ ပါတီက အပြတ်အသတ် နိုင်သွားတဲ့ ရွေးကောက်ပွဲကို အိုဘားမားရဲ့ စကား အတိုင်း လွတ်လပ်မှုလည်း မရှိ၊ တရား မျှတမှုလည်း မရှိတဲ့ ရွေးကောက်ပွဲလို့ လူတွေက ပြောလာတာ ဟာလည်း မဆန်းလှပါဘူး။ ဒီလိုပဲ အစိုးရသစ်က အခုလထဲမှာ အာဏာ လွှဲယူတော့မယ့် အချိန်မှာ မြန်မာ ပြည်သူတွေက အသွင် ကူးပြောင်းရေး ဖြစ်စဉ်ကို ဘယ်လို မြင်သလဲ ဆိုတာနဲ့ အနောက်အုပ်စုက အသွင် ကူးပြောင်းရေးကို ဘယ်လို မြင်နေတယ ဆိုတာနဲ့ ပတ်သက်ပြီး အဖြေမရသေးတဲ့ အချက်တွေ အများကြီး ရှိသေးတယ်။ စာရေးသူ အနေနဲ့ ဒီနှစ်ထဲမှာ မြန်မာနိုင်ငံကို သွားခဲ့ပြီး မိတ်ဆွေတွေနဲ့ တွေ့ခဲ့တယ်။ အဲဒီ တွေ့ဆုံမှုတွေ ကနေ အသွင် ကူးပြောင်းရေးနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်သုံးခုကို တွေ့လာခဲ့ရတယ်။
ပထမဆုံး အချက်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ အနောက် နိုင်ငံတွေက လူတွေ ထင်ထားတာထက် မြန်မာ ပြည်သူတွေ အတွက် ပိုပြီး အရေးကြီး နေတယ် ဆိုတာပဲ။ ဦးသန့်ရဲ့ မြေး မြန်မာသမိုင်း ပညာရှင် သန့်မြင့်ဦးက အနောက်နိုင်ငံက လူတွေ အနေနဲ့ ဒီရွေးကောက်ပွဲဟာ ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှု အခြေအနေ အောက်မှာ လုပ်ခဲ့တယ် ဆိုတာကို မမြင်နိုင်ကြဘူးလို့ ထောက်ပြ ထားတယ်။ သူက ထိပ်တန်း စစ်ဗိုလ်ချုပ် အားလုံးနီးပါး အနားယူ လိုက်ကြတယ်၊ တစ်ချို့ ကတော့ ရွေးကောက်ပွဲ ၀င်ကြတယ်၊ စစ်တပ်ထိပ်ပိုင်း ရာထူးအားလုံးမှာ မျိုးဆက်သစ်တွေ ၀င်ပြီး နေရာ ယူလာကြပြီ၊ အခြေခံ ဥပဒေသစ် အောက်မှာ သမ္မတ၊ စစ်တပ်တို့ နဲ့အတူ ပြည်ထောင်စုနဲ့ ပြည်နယ် လွှတ်တော်တွေဟာ အဓိက ဇာတ်ကောင် တစ်ကောင် ဖြစ်လာပြီလို့ ဆက်ပြောပြပါတယ်။

ဝါရင့်နိုင်ငံရေး လှုပ်ရှားသူ တစ်ယောက်လည်း ဖြစ်၊ စစ်အစိုးရဲ့ ထောင်ချတာလည်း ခံခဲ့ရသူ တစ်ယောက် ကလည်း သန့်မြင့်ဦး အတိုင်းပဲ အခုလို ပြောပါတယ်။ “စစ်အစိုးရက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းကို စဖွဲ့တော့ နယ်တွေက အရေးပါတဲ့ ရာထူး နေရာတွေမှာ ခန့်ထားတဲ့ သူတွေဟာ အဲဒီမြို့တွေက လူလေးစားခံရတဲ့ ဆရာဝန်တွေ၊ ကျောင်းအုပ် ဆရာကြီးတွေ၊ စီးပွားရေး သမားတွေ ဖြစ်တယ်။ ဒီလူတွေပဲ ရွေးကောက်ပွဲကို ၀င်ပြိုင်ပြီး နိုင်သွားကြတယ်။ အနောက် နိုင်ငံက လူတွေ သတိ မပြုမိတာက သမ္မတသစ် ဦသိန်းစိန်ရော၊ သူ့ကလေးတွေပါ အကျင့်ပျက်မှု တွေထဲမှာ မပါဘူး။ နာမည်ပျက် မရှိဘူး၊ သန့်ရှင်းတယ် ဆိုတာပဲ။ ဒါဟာ အစကောင်း ဖြစ်ပါတယ်။”
မြန်မာ့ အရေးကို နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ ရောဘတ် တေလာကလည်း အခုလို ပြောပါတယ်။ “အပေါ်ယံ ကြည့်ရင်တော့ စစ်ဗိုလ်တွေ အရပ်ဝတ် လဲလိုက်တာပဲ။ ဒါပေမယ့် အနှစ်သာရ ပိုင်းမှာ သဘော သဘာဝ အများကြီး ပြောင်းသွားတယ်။ စစ်တပ်က သူတို့ချည်းပဲ တစ်သက်လုံး အုပ်ချုပ်လို့ မရဘူးဆိုတာ လက်ခံပြီး နိုင်ငံရေး တည်ငြိမ်မှု၊ ဖွံ့ဖြိုး တိုးတက်မှု၊ အမျိုးသားရေး ၀ါဒတို့နဲ့ ပတ်သက်ရင် လက်တွဲလို့ ရနိုင်မယ့် လူတွေအတွက် နိုင်ငံရေး လုပ်ခွင့်ရအောင် ဖွင့်ပေး လိုက်တာပဲ ” လို့ ဆိုတယ်။
သန့်မြင့်ဦးကပဲ “ ဒီရွေးကောက်ပွဲမှာ စစ်တပ်နဲ့ မပတ်သက်တဲ့ ပါတီတွေ ဒါဇင်နဲ့ ချီပြီး ၀င်ပြိုင်ခဲ့တယ်။ လူသန်းပေါင်း များစွာဟာ နှစ်နှစ်ဆယ် အတွင်း ပထမဆုံး အကြိမ် မဲပေးခွင့် ရခဲ့တယ်။ ဒါဟာ ဒီမိုကရေစီ အစလား ဆိုတာတော့ အချိန်က ဆုံးဖြတ် ပါလိမ့်မယ်။ ဒါပေမယ့် တောင်ကိုရီးယားမှာ၊ အင်ဒိုနီးရှားမှာ ဒီမိုကရေစီ ခရီးအစကို ဘယ်လို လှမ်းခဲ့ရတယ် ဆိုတာလည်း မမေ့ဖို့ လိုပါတယ် ” လို့ ထောက်ပြပါတယ်။
ဒုတိယ အချက်ကတော့ စစ်ဗိုလ်တွေက သာမက မြန်မာလူထု အများစုက အနောက် နိုင်ငံတွေ အပေါ် သံသယ ရှိနေတုန်း ဆိုတဲ့ အချက်ပဲ။ ၀ါရင့်နိုင်ငံရေး လှုပ်ရှားသူက “ ကျွန်တော်တို့ဟာ အနောက်နိုင်ငံ သတင်းစာတွေမှာ မြန်မာ လူမျိုးတွေကို လူနုံတွေ၊ ဖိနပ် မပါဘဲ ရွံ့ထဲ သွားနေရတဲ့ အောက်ကျနောက်ကျ လူတွေအဖြစ် နှစ်များစွာ ပုံဖော်ခဲ့တာကို စိတ်ပျက်နေပြီ။ အခုကျမှ အမေရိကန်က လာပြီး တရုတ် သြဇာ အရမ်းကြီးလာလို့ စိုးရိမ်မိတယ်လို့ လာပြောပြန်ပြီ။ ” လို့ ပြောပြပါတယ်။
အမည် မဖော်လိုတဲ့ ပြည်ပရောက် မြန်မာတစ်ဦး ကတော့ “အမေရိကန် အတွက် သိပ်နောက်ကျ သွားပြီ။ ခင်ဗျားတို့က တစ်ချိန်လုံး အနောက်အုပ်စု အကူအညီ မပါရင် ဘာမှ မဖြစ်ဘူးလို့ မောက်မောက်မာမာ ယူဆ ခဲ့ကြတယ်။ အခုတော့ မြန်မာနိုင်ငံမှာ (အရှေ့ဘက်) နဲ့ ဆက်တဲ့ စီးပွားရေး လမ်းကြီးပွင့်ပြီး ရင်းနှီးမြှပ်နှံမှုတွေ ဒလဟော ၀င်လာနေပြီ၊ အခု မျိုးဆက်ကို ခင်ဗျားတို့ ဆုံးရှုံး သွားရတာ ကတော့ စိတ်မကောင်း စရာပဲလို့ ဆိုပါတယ်။
တတိယ တစ်ချက်ကတော့ စီးပွားရေး ပိတ်ဆို့မှုဟာ အသုံးမတဲ့ရုံ သာမက အတိုက်အခံတွေကို အားနည်းပြီး စစ်အစိုးရကို ပိုအားကောင်း လာစေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အမေရိကန် ဦးဆောင်တဲ့ စီးပွားရေး ပိတ်ဆို့မှုက မအောင်မြင်ရုံသာ မဟုတ်ဘူး၊ စစ်တပ်က တွေ့ဆုံ ဆွေးနွေးရေးကို စိတ်ပါ လာအောင်လည်း မလုပ်နိုင်ဘူးလို့ ဗြိတိသျှ လုပ်ငန်းရှင် တစ်ယောက်ကလည်း ထောက်ပြ ထားပါတယ်။
သန့်မြင့်ဦး ကလည်း ဒါကို သဘောတူပါတယ်။ သူက “အမေရိကန် နိုင်ငံရဲ့ မူဝါဒက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ စစ်တပ်ကြား တွေ့ဆုံ ဆွေးနွေးပြီး ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ဖို့ဆိုတဲ့ ရည်မှန်းချက်ကို အခြေခံ ထားတာတယ်။ ဒါပေမယ့် သူတို့ လုပ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုက အဲဒီ တွေ့ဆုံမှု ဖြစ်အောင် ရည်ရွယ်ပြီး လုပ်ထားတာ။ ဒါပေမယ့် အဲဒီ ပိတ်ဆို့မှု တွေက စစ်အစိုးရကို မွဲသွားအောင် မလုပ်နိုင်သလို၊ နိုင်ငံရေး ပြုပြင်မှု လုပ်လာအောင်လဲ မတတ်နိုင် ရှာဘူး။ ပိတ်ဆို့မှုကြောင့် ပွင့်လင်းတဲ့ လူ့ အဖွဲ့အစည်း ပေါ်ပေါက်ဖို့ မောင်းနှင်အား ဖြစ်တဲ့ လွတ်လပ်တဲ့ စီးပွားရေး သမားတွေနဲ့ လူလတ် တန်းစားတွေ အားနည်း သွားတာပဲ အဖတ်တင်တယ်။ ” ဟု ထောက်ခံ ပြောဆိုခဲ့တယ်။
ပြည်ပရောက် မြန်မာ တစ်ဦးကတော့ စစ်တပ်က ပိတ်ဆို့မှု ရုပ်တာ၊ အထီးကျန် ထားတာကို ဖျက်လိုက်မှာတောင် ကြောက်နေသေးတယ်။ သူတို့က ဘယ်အင်န်ဂျီအို၊ ဘယ်ယူအင်န်အဖွဲ့၊ အိုင်အယ်လ်အို တို့နဲ့မှ စကား ပြောချင်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သန့်မြင့်ဦး ကလည်း ကြိုက်ကြိုက် မကြိုက်ကြိုက် အနောက် နိုင်ငံတွေက ကမ္ဘာ တစ်ဖက်ခြမ်း ကနေ လှမ်းပြီး နိုင်ငံရေး အပြောင်းအလဲ ဖြစ်အောင် ခိုင်းလို့၊ လုပ်လို့ရတဲ့ ခေတ်ကုန်သွားပြီ ဆိုတာ လက်ခံရတော့ မှာပဲလို့ ထပ်ပြော ပြပါတယ်။
အဲဒီ အချက်ကတော့ အနောက် နိုင်ငံတွေ အတွက် စိတ်မကောင်းစရာ အပြောင်းအလဲလို့ ဆိုရတော့မှာပဲ။
Stanley A. Weiss , Founding Chairman
Business Executives For National Security
ပိတောက်မြေ