xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လွှတ်တော်တွင်း အမေးအဖြေများ

Thursday, March 10, 2011

လွှတ်တော်တွင်း အမေးအဖြေများ

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မေးခွန်းတွေ မေးခဲ့သလို အဆိုတွေကို ဆွေးနွေးတာ၊ မဲခွဲ အတည်ပြု တာတွေလည်း လုပ်ခဲ့ပါတယ်။
လမ်းမတော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ဦးသောင်းထွန်း ရေးတဲ့ ပြစ်မှုဆိုင်ရာ စာအုပ်တစ်အုပ်ကို ၂၀၁၀ထဲက စာပေ စိစစ်ရေးကို တင်ထားတာ အခုထိ ဘာ့ကြောင့် ထုတ်ဝေခွင့် မပေးတာလည်းလို့ မေးတဲ့ မေးခွန်းကို ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းက အဲဒီ စာအုပ်ဟာ ပညာရပ်ဆိုင်ရာ စာအုပ်ဖြစ်တဲ့ အတွက် တရားရုံးချုပ်နဲ့ ရှေ့နေချုပ်ရုံးရဲ့ ထင်မြင် ယူဆချက်ကို တောင်းခံထားဆဲ ဖြစ်တဲ့ အကြောင်း ဖြေကြား သွားပါတယ်။ အလားတူပဲ လသာ ကိုယ်စားလှယ် ဦးကြည်မြင့် က ရုပ်မြင်သံကြား ကနေ နားမကြား၊ စကား မပြောနိုင်သူများ အတွက် Sign Language နဲ့ ထုတ်လွှင့်ဖို့ အစီအစဉ် ရှိ မရှိ မေးမြန်းရာမှာ တော့ ဦးကျော်ဆန်းကပဲ ဒီကနေ့ ရုပ်သံ၊ စာနယ်ဇင်း ထုတ်ဝေမှု အခြေအနေများကို ရှင်းပြပြီး မြန်မာနိုင်ငံမှာ ဆွံ့အ နားမကြားသူ တစ်သိန်း လေးသောင်းကျော် ရှိတယ်လို့ ခန့်မှန်းထားပြီး အဲဒီထဲက သုံးရာကျော်ပဲ Sign Language တတ်သေးတယ်။ ဒီ ဘာသာရပ်ကို တိုးချဲ့ သင်ကြားပြီးရင် ထုတ်လွှင့် ပေးနိုင်ဖို့ လူမှုဝန်ထမ်းနဲ့ ပူးပေါင်း ဆောင်ရွက် နေပါတယ်လို့ ဖြေကြား သွားပါတယ်။
နမ့်ခမ်း ကိုယ်စားလှယ် ဦးစိုင်းကျော်အုန်း ကတော့ ၀န်ထမ်းတွေနဲ့ ပင်စင်စားတွေကို လစာတိုးပေးဖို့ အစီအစဉ် ရှိ မရှိ မေးတာကိုတော့ ဘဏ္ဍာရေး ၀န်ကြီး ဦးလှထွန်းက ငွေကြေး ဖောင်းပွမှုနှုန်း၊ နိုင်ငံတွင်း လှည့်ပတ် သုံးစွဲငွေ ပမာဏ၊ ဂျီဒီပီနဲ့ ပတ်ဝန်းကျင် နိုင်ငံများရဲ့ ငွေကြေး အခြေအနေ၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှုကို အခြေခံ သုံးသပ်ပြီး သင့်လျော်သော အချိန်မှာ ဆောင်ရွက် ပေးမယ်လို့ ဖြေကြား သွားပါတယ်။ ပေး၊ မပေး အတိအကျ ပြောမသွားပါဘူး။

လဲချား ကိုယ်စားလှယ် စိုင်းမောင်တင်က လာဘ်ပေးလာဘ်ယူ ကိစ္စတွေနဲ့ ပတ်သက်ပြီး လူထုက လုံးဝ မကြိုက်ဘူး၊ ဒီလို ဖြစ်ရတာဟာ ၀န်ထမ်းတွေ လစာ နည်းတာကလည်း အကြောင်းတစ်ခု ဖြစ်တယ်။ လာဘ်ပေး လာဘ်ယူ ကိစ္စ ပပျောက်ဖို့ အတွက် လူထုနဲ့ ဘယ်လို ပေါင်းလုပ်ဖို့ အစီအစဉ် ရှိသလဲလို့ မေးပါတယ်။ ဒီမေးခွန်းကို ဦးလှထွန်းကပဲ လစာတိုးတာ တစ်ခုထဲနဲ့ လာဘ်ပေးတာ ပျောက်အောင် လုပ်လို့ မရပါဘူး၊ ပညာလည်း ပေးရမယ်၊ အရေးလည်း ယူရမယ်၊ ပြည်သူ ကလည်း ပူးပေါင်း ဆောင်ရွက်ရမယ်၊ လာဘ်ပေး လာဘ်ယူနဲ့ ပတ်သက်ပြီး တိုင်ကြားနိုင်ဖို့ အတွက် နေရာနဲ့ နည်းလမ်းတွေ သတ်မှတ် ပေးပါ့မယ်လို့ ဖြေသွားပါတယ်။
ပြည်သူ့ လွှတ်တော်မှာ တင်သွင်းတဲ့ အဆိုတွေနဲ့ ပတ်သက်ပြီး မြေပုံ ကိုယ်စားလှယ် ဦးဖေသန်း တင်သွင်းတဲ့ သဘာဝ ဘေးအန္တရာယ် ကျရောက်ပြီး ပျက်စီးမှု ကြီးမားတဲ့ အခြေအနေမှာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရ အတိုင်းအတာနဲ့ မဖြေရှင်း နိုင်ပါက နိုင်ငံတော်က အရေးပေါ် သဘာဝဘေး ကျရောက်သော ဒေသအဖြစ် သတ်မှတ်ပြီး ပြည်ထောင်စု အစိုးရက တိုက်ရိုက် ကူညီပေးရန် ဆိုတဲ့ အဆိုကို ကိုယ်စားလှယ် သုံးဦးက ဆွေးနွေးပြီး လူမှုဝန်ထမ်း ၀န်ကြီး ဦးမောင်မောင်ဆွေက ၀န်ကြီးဌာနရဲ့ လုပ်ဆောင်ချက် များကို ပြန်ရှင်းပြ ပါတယ်။ ပြီးတဲ့အခါမှာ လွှတ်တော်က မဲခွဲပြီး အဲဒီ အဆိုကို အတည်ပြု ပေးခဲ့ပါတယ်။
နမ့်ခမ်း ကိုယ်စားလှယ် ဒေါက်တာ စိုင်းကျော်အုန်းရဲ့ ၀င်ငွေနည်း ပြည်သူများ အတွက် အာမခံချက် ရှိသော အမျိုးသား ကျန်းမာရေး စနစ် ထူထောင်ရန် အဆိုကိုတော့ လွှတ်တော် ကိုယ်စားလှယ် သုံးဦးက ဆွေးနွေးပြီး ကျန်းမာရေး ၀န်ကြီး ဦးကျော်မြင့်က ၀န်ကြီးဌာနရဲ့ လုပ်ဆောင်ချက် များကို ပြန်ရှင်း ပြပါတယ်။ ကျန်းမာရေး ၀န်ကြီးကတော့ ၀င်ငွေနည်း ပြည်သူများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် များကို လုပ်ဆောင်နေပြီ ဖြစ်တဲ့အတွက် အဆိုကို ရုပ်သိမ်းပေးဖို့ မေတ္တာရပ်ခံ ခဲ့ပါတယ်။ လွှတ်တော် ဥက္ကဌက ဒေါက်တာ စိုင်းကျော်အုန်း သဘောထားကို မေးတဲ့အခါ ၀န်ကြီး ရှင်းပြချက်ကို လက်ခံတဲ့ အတွက် အဆိုကို ပြန်ရုပ်သိမ်း လိုပါကြောင်း တင်ပြတဲ့ အတွက် အဆိုကို လွှတ်တော် ကနေ ရုပ်သိမ်းခွင့် ပြုခဲ့ပါတယ်။
မနေ့က တင်သွင်းထားတဲ့ ကျန်တဲ့ အဆိုများ ကိုတော့ မနက်ဖြန်မှာ ဆက်ပြီး ဆွေးနွေးမယ်လို့ သိရပါတယ်။ ဒီနေ့မှာလည်း ဟားခါး ကိုယ်စားလှယ် ဦးငွန်မောင်းက ချင်းပြည်နယ်တွင် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်အောင် ပြည်ထောင်စု အစိုးရက ဆောင်ရွက် ပေးရေး (စာသား အတိအကျ မဟုတ်ပါ) အဆိုကို တင်ခဲ့ပြီး လွှတ်တော်က လက်ခံ ဆွေးနွေးဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ နောက်ထပ် အဆို တင်သွင်းဖို့ ရှိတဲ့ ဦခိုင်မောင်ရည် ကတော့ သူ့အဆိုဟာ ဦးငွန်မောင်း အဆိုနဲ့ တစ်သဘောတည်း ဖြစ်လို့ ပြန်ရုပ်သိမ်း သွားပါတယ်။
ဒီကနေ့ အဆို တင်သွင်းမှု နှစ်ခုကို ရခိုင်နဲ့ ရှမ်း တိုင်းရင်းသား ပါတီများက တင်သွင်းခဲ့တာ ဖြစ်ပြီး ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် များကပါ ထောက်ခံ အတည်ပြုခဲ့ တာကို တွေ့ရပါတယ်။ ဒီလို ဆက်ဆံမှုမျိုးဟာ ရေရှည်မှာ လွှတ်တော်တွင်း နိုင်ငံရေး ပိုမိုအားကောင်း လာစေမယ့် အကြောင်းတွေ ဖြစ်တယ်လို့ တစည ကိုယ်စားလှယ် တစ်ဦးက ပြောပြပါတယ်။ မေးခွန်းမေးတဲ့ ကိုယ်စားလှယ်များ အနေနဲ့လည်း လာဘ်ပေး လာဘ်ယူလို အရင်က အထိမခံတဲ့ ခေါင်းစဉ်မျိုးကို လွှတ်တော် အတွင်းမှာ မေးခွင့် ရတာဟာလည်း တိုးတက်မှု တစ်ခု ဖြစ်ပါတယ်
Credit: ပိတောက်မြေ