xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လွှတ်တော် ဥပဒေမူကြမ်း ကော်မတီ ဖွဲ့စည်းမှုနှင့် အနာဂတ် နိုင်ငံရေး

Tuesday, March 1, 2011

လွှတ်တော် ဥပဒေမူကြမ်း ကော်မတီ ဖွဲ့စည်းမှုနှင့် အနာဂတ် နိုင်ငံရေး

မတ်လ ၁ ရက်နေ့မှာ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်မှာ လွှတ်တော် ဥပဒေကြမ်း ကော်မတီတွေ ဖွဲ့စည်းခဲ့ ပါတယ်။ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီမှာ ပါတဲ့ စာရင်းကိုတော့ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ အမျိုးသား လွှတ်တော် မှာတော့ ပြည်သူ့ လွှတ်တော်မှာ လိုပဲ ပြည်ခိုင်ဖြိုးက ၁၀ နေရာ၊ ကျန်ပါတီတွေက ၅ နေရာနဲ့ ဖွဲ့စည်းထား ပါတယ်။ အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီမှာ ပါတဲ့ ကျန်တဲ့ ပါတီငါးခုက အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ နဲ့ '၀' ဒီမိုကရက်တစ် ပါတီတို့ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အင်အားစု ကိုယ်စားလှယ် ကတော့ ဒေါက်တာ မြတ်ဥာဏစိုး ဖြစ်ပါတယ်။
ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဥပဒေကြမ်း ကော်မတီ အတွက် အဖွဲ့ဝင်တွေ ရွေးချယ်ရာမှာ ပညာ အရည်အချင်း (တက်ရောက် အောင်မြင်ခဲ့တဲ့ ဘာသာရပ်)၊ လုပ်ငန်း အတွေ့အကြုံ၊ မဲဆန္ဒနယ် ဒေသ၊ လွှတ်တော်တွင် ပါဝင်သည့် ပါတီများနဲ့ ကျား/မ တို့ကို ထည့်သွင်းစဉ်းစား ရွေးချယ်တာ ဖြစ်တယ်လို့ ရှင်းပြ သွားပါတယ်။ ဦးရွှေမန်းက ဥပဒေကြမ်း ကောမတီဝင် တွေနဲ့ ဆွေးနွေးတဲ့ အခါမှာ အားလုံးက ပါတီစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ မထားဘဲ ပူးပေါင်း ဆောင်ရွက်မယ်လို့ ကတိပေးတဲ့ အတွက် ၀မ်းသာကြောင်း ထည့်ပြောသွား ပါတယ်။
ဥပဒေကြမ်း ကော်မတီရဲ့ အခွင့်အရေးနဲ့ လုပ်ပိုင်ခွင့် များကို သတင်းစာများမှာ အသေးစိတ် ဖော်ပြထား ပါတယ်။ အဓိက တာဝန်ကတော့ လွှတ်တော်ကို တင်သွင်းမယ့် ဥပဒေကြမ်း များကို စိစစ်ပြီး အကြံပြုချက်များနဲ့ လွှတ်တော်ကို တင်ပြရမှာ ဖြစ်ပါတယ်။ ထူးခြားတာ ကတော့ ဥပဒေကြမ်း ကော်မတီရဲ့ အကြံပြုချက်ကို လွှတ်တော်ကို တင်ပြတဲ့ အခါ အများစုရဲ့ သဘောထားနဲ့ ကွဲလွဲတဲ့ အနည်းစုရဲ့ သဘောထား ကိုလည်း ပူးတွဲပြီး တင်ပြရမှာ ဖြစ်ပါတယ်။ ဒါဟာ အတော် ကောင်းမွန်တဲ့ အချက် ဖြစ်ပါတယ်။
အမေရိကန် ကွန်ဂရက်နဲ့ ဗြိတိသျှ ပါလီမန် မှာတောင် ကော်မတီ ဆုံးဖြတ်ချက်ကို မဲခွဲပြီး အများစု အတည်ပြုတဲ့ ဆုံးဖြတ်ချက် တစ်ခုကိုပဲ လွှတ်တော်ကို တင်တာ ဖြစ်ပါတယ်။ အခု သတ်မှတ်ချက်ကြောင့် လွှတ်တော်က ဥပဒေကြမ်းကို စဉ်းစားတဲ့ အခါမှာ အနည်းစုရဲ့ သဘောထား ကိုပါ ကြားနာ စဉ်းစားခွင့် ရမှာ ဖြစ်ပါတယ်။
အခု လွှတ်တော် ကော်မတီ ဖွဲ့စည်းပုံကို ကြည့်ရင် ပြည်ခိုင်ဖြိုးက သုံးပုံနှစ်ပုံနဲ့ ကျန်ပါတီများက သုံးပုံတစ်ပုံ ဖွဲ့စည်း ထားတာ တွေ့ရ ပါတယ်။ ဒါဟာ လွှတ်တော်တွေ ထဲက ပါတီတွေ ရွေးချယ် ခံထားရတဲ့ အနေအထားကို မူတည်ပြီး ဖွဲ့စည်း ထားတယ်လို့ ဆိုနိုင်ပါတယ်။ ဥပမာ ပြည်သူ့ လွှတ်တော် အရွေးချယ်ခံ ကိုယ်စားလှယ် ၃၂၅ ဦးမှာ ပြည်ခိုင်ဖြိုးက ၂၅၉ နေရာ ရထားတော့ ၇၉% လောက် ဖြစ်ပါတယ်။ အခု ကော်မတီ မှာတော့ ပြည်ခိုင်ဖြိုးက ၆၆% ယူထားပါတယ်။
ပြည်ထောင်စု အဆင့် ကော်မတီတွေမှာ အနည်းစု ပါတီတွေကို ထည့်သွင်း ထားသလို ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော် ကော်မတီ တွေမှာလည်း အနည်းစု ပါတီတွေက အနည်းဆုံး နှစ်နေရာ ပါလာ ပါတယ်။ ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်တွေမှာ ဥပဒေ ရေးရာ ကော်မတီနဲ့ တိုင်းရင်းသား လူမျိုးရေးရာ ကော်မတီ ဆိုပြီး နှစ်ခု ရှိပါတယ်။ ကော်မတီဝင် ကတော့ ၇ ဦး ကနေ ၉ ဦးအထိ ရှိပါတယ်။ အခုဖွဲ့စည်းမှု အရ အနည်းစု ပါတီတွေက ပါသလို သင့်တော်တဲ့ နိုင်ငံသား (ရပ်မိရပ်ဖ၊ ပညာရှင်) စသူတွေလည်း ထည့်သွင်း ဖွဲ့စည်း ထားတာ တွေ့ရပါတယ်။ အလားတူ တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးထည့် ဖွဲ့တဲ့ ဒေသတွေလည်း ရှိပါတယ်။ ပြည်နယ်၊ တိုင်းဒေသကြီး တစ်ချို့မှာတော့ အမည်စာရင်း အပေါ် ကန့်ကွက်မှုများ ရှိတဲ့အတွက် မတ် ၃ ရက်နေ့မှ မဲခွဲရမယ့် အခြေအနေ ရှိတယ် လို့လည်း သိရပါတယ်။
ဘာပဲဖြစ်ဖြစ် ဥပဒေကြမ်း ကော်မတီ ဖွဲ့စည်းမှု ကတော့ အားလုံး ပါဝင်နိုင်တဲ့ အခွင့်အရေး တစ်ရပ် ဖန်တီး ပေးတာပဲလို့ ဆိုနိုင်ပါတယ်။ နောက်ထပ်ဖွဲ့မဲ့ ကော်မတီတွေ မှာလည်း ဒီပုံစံအတိုင်း ဖြစ်မယ် ဆိုရင်တော့ လွှတ်တော်တွင်း နိုင်ငံရေးဟာ အတော်လေး အလားအလာ ကောင်းတယ်လို့ ဆိုချင်ပါတယ်။
ပိတောက်မြေ