xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သတင်းမှားနဲ့ သတင်းမှန်

Monday, March 28, 2011

သတင်းမှားနဲ့ သတင်းမှန်

မတ်လ ၂၅ ရက်နေ့မှာ လူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက် တစ်ခုကို အတည်ပြု ခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက် မူကြမ်းကို ဥရောပသမဂ္ဂ (အီးယူ) က ပြုစု တင်သွင်းခဲ့တာ ဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံတွေက ဆွေးနွေးခြင်း၊ စာသားကို ပြန်လည် ပြင်ဆင်ခြင်းတွေ ပြုလုပ်ပြီး မဲခွဲရန် မလိုပဲ Consensus နဲ့ အတည်ပြု ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံ အစိုးရအနေနဲ့ ရွေးကောက်ပွဲလွန် ကာလတွေမှာ လူ့အခွင့်အရေး ဆိုင်ရာ တိုးတက်မှုတွေ လုပ်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထိရောက်စွာ အရေးယူဖို့ ဖော်ပြထားသလို ပြည်တွင်းက တိုးတက်မှု အချို့ကိုလည်း အသိအမှတ် ပြုထားပါတယ်။
အခု ဆွေးနွေး ချင်တာက ဆုံးဖြတ်ချက် ကိစ္စထက် ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောဆိုတဲ့ နေရာမှာ အချက်မှန်များကို ထိမ်ချန်ထားပြီး ပရိသတ် မျက်စိလည်အောင် လုပ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဗွီအိုအေနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ NCGUB က ဒေါက်တာ သောင်းထွန်းက အခုလို ပြောတဲ့အကြောင်း ဗွီအိုအေ သတင်းမှာ ဖော်ပြထားပါတယ်။
“War Crimes and Crimes against Humanity ကို သူတို့မပြင်ဘူး။ အဲဒီ အသုံးအနှုန်းပေါ့။ တချို့ ဖြစ်သွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇ၀တ်မှု မြောက်တယ်။ လူသားတရပ်လုံးကို ကျူးလွန်တဲ့ ပြစ်မှုတွေ မြောက်တယ် ဆိုတဲ့ အပိုဒ်ကို သူတို့မပြင်ဘူး။ ဒါက တော်တော် ထူးခြားချက် ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီဟာကို အိမ်နီးချင်း နိုင်ငံတွေကပါ လက်ခံတဲ့ သဘော ရှိတယ်။ ဒါက သဘောက ဒီလိုမျိုး War Crimes and Crimes against Humanity တွေ ဖြစ်တယ် ဆိုတာကို အိမ်နီးချင်း နိုင်ငံတွေက အသိအမှတ် ပြုထားရင် နောက်တဆင့် စုံစမ်း စစ်ဆေးရေး ကော်မရှင်တွေ သွားဖို့ ကိစ္စတွေ အပေါ်မှာ ကျနော်တို့ ဆက်ပြီးတော့ လုပ်လို့ ရတယ်။ လက်ခံနိုင်တဲ့ အလား အလာတွေ ဖြစ်လာအောင် ကျနော်တို့ ဖန်တီးလို့ရတယ်။ ဒါကိုတော့ သုံးသပ်လို့ရတယ်။”
တကယ်တော့ လူ့အခွင့်အရေး ကောင်စီရဲ့ နောက်ဆုံး အတည်ပြု လိုက်တဲ့ ဆုံးဖြတ်ချက် revised text မှာ အဲဒီ အချက်လုံးဝ မပါပါဘူး။ ဒီစကားလုံးကို အီးယူက ပထမတင်တဲ့ မူကြမ်းမှာ ပါပြီး အားလုံး ဆွေးနွေး ပြီးတဲ့အခါ အောက်မှာ ဖော်ပြထားတဲ့ ( ) ထဲက စာသားများကို ပယ်ဖျက်ပြီးမှ အတည်ပြုခဲ့ပါတယ်။
ဒါ့ကြောင့် ဗွီအိုအေနဲ့ ဒေါက်တာ သောင်းထွန်း ပြောတဲ့ စစ်ရာဇ၀တ်မှု ကိစ္စဟာ ဆုံးဖြတ်ချက်ထဲမှာ ပါမလာပါဘူး။ ဒီလို ဖြစ်ရတာကလည်း အစည်းအဝေးမှာ နိုင်ငံ အများအပြားက အီရတ်နဲ့ အာဖဂန်မှာ အမေရိကန် တပ်ဖွဲ့များကြောင့် အရပ်သား အများအပြား သေဆုံးရတာ၊ ဂါဇာနဲ့ လက်ဘနွန်မှာ အစ္စရေး တိုက်ခိုက်မှုကြောင့် အရပ်သား အများအပြား သေဆုံးရတာတွေ ဟာလည်း စစ်ရာဇ၀တ်မှု မြောက်ကြောင်း၊ မြန်မာနိုင်ငံက ကိစ္စကို ပြောရင် အဲဒီ နိုင်ငံတွေက အဖြစ်အပျက် တွေကိုလည်း ပြောရလိမ့်မယ်လို့ ထောက်ပြတဲ့ အတွက် အီးယူက ပြန်ရုပ်သိမ်း သွားတာ ဖြစ်ပါတယ်။
Expresses serious concern that previous calls to end impunity have not been heeded, and therefore strongly renews its calls upon the Government of Myanmar to undertake, without delay, a full, transparent, effective, impartial and independent investigation into all reports of human rights violations, (some of which may entail categories of crimes against humanity or war crimes,) including enforced disappearances, forced displacements, forced labour, arbitrary detention, rape and other forms of sexual violence, and torture and other forms of ill-treatment, and to bring to justice those responsible in order to end impunity for violations of human rights, and also strongly calls on the Government of Myanmar to do so as a matter of priority and with appropriate attention from the United Nations.
 ပြည်တွင်းမှာ အင်တာနက် မရှိစဉ်ကဆိုရင် ဒီရေဒီယို သတင်းများဟာ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော သတင်း အရင်းအမြစ် ဖြစ်ပါတယ်။
ဒါပေမယ့် ၁၉၉၀ ပြည့်လွန်နှစ်များ နောက်ပိုင်း မှာတော့ ဒီသတင်း ဌာနများရဲ့ လွတ်လပ်မှု၊ ဘက်မလိုက်မှုများဟာ ကျဆင်း လာတာကို ၀မ်းနည်းဖွယ် တွေ့လာရပါတယ်။ အခု လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက်လို သတင်းမျိုးဟာ Website မှာသွားပြီး အလွယ်တကူ ဖတ်လို့ရပါတယ်။ ဒါပေမယ့် သတင်းဌာနကြီး တစ်ခုအနေနဲ့ သတင်းကို မစိစစ်ဘဲနဲ့ ဖော်ပြခဲ့တာကြောင့် သတင်းဌာနရဲ့ ဂုဏ်သိက္ခာကို ထိခိုက် စေတယ်လို့ မြင်ပါတယ်။
ပိတောက်မြေ